ယေရှု၏ဘဝအသက်တာနှင့်ပတ်သက်သော ကျမ်းလေးစောင်မှတစ်စောင်ကို မာကုရေးသားခဲ့သည်။ ယင်းစာစောင်သည် အတိုဆုံး၊ ဖတ်ရအလွယ်ဆုံးစာစောင်ဖြစ်သည်။ မာကုကားမည်သူနည်း။ သူ ယေရှုကို သိသည်ဟု သင်ထင်ပါသလော။— * မာကုသည် မည်သည့်ခက်ခဲသောစမ်းသပ်မှုများ ရင်ဆိုင်ခဲ့ရပြီး ခရစ်ယာန်တစ်ဉီးဖြစ်ရခြင်းကို အဘယ်ကြောင့် လုံးဝလက်မလျော့ခဲ့သည်ကို လေ့လာကြည့်ကြပါစို့။

ဘုရင်ဟေရုဒ်အဂြိပ္ပက တမန်တော်ပေတရုကို ထောင်ထဲ၌အကျဉ်းချခဲ့ပြီးနောက်မှ သမ္မာကျမ်းစာတွင် မာကု၏အမည်ကို ဉီးဆုံးဖော်ပြထားသည်။ တစ်ညတွင် ပေတရုကို ကောင်းကင်တမန် လွှတ်ပေးခဲ့ပြီး သူသည် ယေရုရှလင်မြို့တွင်နေထိုင်သည့် မာကု၏မိခင်မာရိအိမ်သို့ ချက်ချင်းသွားခဲ့သည်။ အေဒီ ၃၃ ပသခါပွဲနေ့တွင် ယေရှုအသတ်ခံခဲ့ရပြီးနောက် ဆယ်နှစ်ခန့်တွင် ပေတရု ထောင်မှလွတ်ခဲ့သည်။—တမန်တော် ၁၂:၁-၅၊ ၁၁-၁၇

မာရိအိမ်သို့ အဘယ်ကြောင့် ပေတရုသွားခဲ့ကြောင်း သင်သိပါသလော။— မာရိ၏မိသားစုဝင်များကို သူသိသောကြောင့်နှင့် ယေရှု၏တပည့်တို့သည် ထိုအိမ်တွင်အစည်းအဝေးများကျင်းပသည်ကို သိရှိထားသောကြောင့်ဖြစ်နိုင်သည်။ မာကု၏ဝမ်းကွဲ ဗာနဗသည် တပည့်တစ်ဉီးဖြစ်ခဲ့သည်မှာကြာပြီ၊ အနည်းဆုံး အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့ကတည်းကဖြစ်သည်။ ထိုအချိန်က တပည့်သစ်များအတွက် သူ၏စေတနာရက်ရောမှုကို သမ္မာကျမ်းစာတွင်ဖော်ပြထားသည်။ ထို့ကြောင့် ယေရှုသည် ဗာနဗကိုသာမက သူ၏အဒေါ်မာရိနှင့် မာရိ၏သားမာကုတို့ကို သိခဲ့ပေမည်။—တမန်တော် ၄:၃၆၊ ၃၇; ကောလောသဲ ၄:၁၀ကဘ။

မာကုသည် သူရေးသောသတင်းကောင်းကျမ်းစောင်၌ ယေရှုအဖမ်းခံရသည့်ညတွင် ဝတ်ရုံကိုသာ “ခြုံ” ထားသည့်လူငယ်တစ်ဉီးအကြောင်း ရေးသားခဲ့သည်။ ရန်သူများ ယေရှုကိုဖမ်းဆီးသည့်အခါ ထိုလူငယ်ထွက်ပြေးသွားကြောင်း မာကုရေးသားခဲ့သည်။ ထိုလူငယ် မည်သူဖြစ်နိုင်သည်ဟု သင်ထင်သနည်း။— မှန်သည်၊ မာကုပင်ဖြစ်ပေမည်။ ထို့ကြောင့် ထိုညဥ့်နက်ပိုင်း ယေရှုနှင့်ကိုယ်တော်၏တမန်တော်များ ထွက်သွားချိန်တွင် မာကုသည် ဝတ်ရုံကိုအလျင်စလိုဝတ်ပြီး လိုက်ခဲ့ဖွယ်ရှိသည်။—မာကု ၁၄:၅၁၊ ၅၂သမ။

ဤလုလင်သည် မည်သူဖြစ်နိုင်သနည်း။ သူ အဘယ်အရာဖြစ်နေသနည်း၊ အဘယ်ကြောင့်နည်း

မာကုသည် အမှန်ပင် ဘုရားသခင့်ကျေးကျွန်များနှင့်အပြန်အလှန်အကျိုးပြုရန်နှင့် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်သော အရေးကြီးသည့်အဖြစ်အပျက်များကို သက်သေခံရန် အခွင့်အရေးများစွာရှိခဲ့သည်။ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းချိန်၌ သူရှိခဲ့ပေမည်၊ ပေတရုကဲ့သို့သော တည်ကြည်သည့်ဘုရားသခင့်ကျေးကျွန်တို့နှင့် တရင်းတနှီးပေါင်းသင်းမှုရှိခဲ့သည်။ ရှောလုအား အမြင်အာရုံ၌ ယေရှုထင်ရှားပြပြီးနောက် သုံးနှစ်ခန့်အကြာတွင် သူ့ကို ပေတရုနှင့်မိတ်ဆက်ပေးခြင်းဖြင့် ရှောလုကိုကူညီခဲ့သော ဝမ်းကွဲဖြစ်သူဗာနဗနှင့်လည်း သူအတူရှိခဲ့သည်။ နှစ်များကြာပြီးနောက် ရှောလုကိုရှာရန် တာရှုမြို့သို့ ဗာနဗသွားခဲ့သည်။—တမန်တော် ၉:၁-၁၅၊ ၂၇; ၁၁:၂၂-၂၆; ၁၂:၂၅; ဂလာတိ ၁:၁၈၊ ၁၉

 အေဒီ ၄၇ တွင် ဗာနဗနှင့်ရှောလုကို ခရစ်ယာန်သာသနာပြုလုပ်ငန်းလုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြသည်။ သူတို့နှင့်အတူ မာကုကိုခေါ်သွားခဲ့သည်၊ သို့သော် ရှင်းပြမထားသည့်အကြောင်းရင်းတချို့ကြောင့် နောက်ပိုင်း မာကုသည် သူတို့ကိုထားရစ်ကာ မိမိအိမ်ရှိရာ ယေရုရှလင်မြို့သို့ပြန်သွားခဲ့သည်။ ရောမနာမည်ဖြစ်သော ပေါလုအဖြစ် လူသိများလာသူရှောလုသည် အမျက်ထွက်ခဲ့သည်။ မာကု၏ ကြီးလေးသောပျက်ကွက်မှုဟု သူယူဆသောအရာကိုလျစ်လျူမရှုခဲ့ချေ။—တမန်တော် ၁၃:၁-၃၊ ၉၊ ၁၃

ခရစ်ယာန်သာသနာပြုခရီးစဉ်မှပြန်လာသောအခါ ပေါလုနှင့်ဗာနဗတို့သည် ဝမ်းမြောက်ဖွယ်အောင်မြင်မှုများကို ကြားပြောခဲ့ကြသည်။ (တမန်တော် ၁၄:၂၄-၂၈) လများစွာကုန်လွန်ပြီးနောက် မိမိတို့ဟောပြောခဲ့သည့်နေရာများရှိ တပည့်သစ်များထံပြန်လည်ပတ်ကြရန် သူတို့နှစ်ဉီးစီစဉ်ခဲ့ကြသည်။ ဗာနဗက မာကုကိုခေါ်သွားလိုသည်၊ သို့သော် ပေါလု မည်သို့ယူဆကြောင်း သင်သိပါသလော။— စောစောပိုင်းက မာကုသည် သူတို့ကိုထားခဲ့ပြီး အိမ်ပြန်သွားသောကြောင့် “မခေါ်သင့်” ဟုသူယူဆသည်။ နောက်ပိုင်းဖြစ်ပျက်ခဲ့ရာသည် အမှန်ပင် မာကုကိုဝမ်းနည်းစေခဲ့ပေမည်။

ပေါလုနှင့်ဗာနဗတို့သည် အမျက်ဒေါသထွက်ကြကာ “အပြင်းအထန်အငြင်းပွား” ကြပြီးနောက် လမ်းခွဲခဲ့ကြသည်။ ဗာနဗသည် မာကုကိုခေါ်၍ ကုပရုကျွန်းတွင် သွားရောက်ဟောပြောကာ၊ ပေါလုသည် သိလကိုရွေးချယ်ခဲ့ပြီး ယခင်စီစဉ်ထားသည့်အတိုင်း တပည့်သစ်များထံသွားရောက်လည်ပတ်ခဲ့သည်။ မာကုသည် ပေါလုနှင့်ဗာနဗတို့စပ်ကြား ပြဿနာဖြစ်စေမိသောကြောင့် အလွန်စိတ်ထိခိုက်ရပေမည်။—တမန်တော် ၁၅:၃၆-၄၁ခမ။

မာကုသည် အစောပိုင်းက အဘယ်ကြောင့်အိမ်သို့ပြန်သွားခဲ့ကြောင်း ကျွန်ုပ်တို့မသိပါ။ အကြောင်းကောင်းတစ်စုံတစ်ရာရှိ၍ ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်ပါစေ ဤသို့ထပ်၍ဖြစ်တော့မည်မဟုတ်ကြောင်း ဗာနဗကောင်းစွာယုံကြည်စိတ်ချခဲ့သည်။ သူ မှန်ခဲ့သည်။ မာကု လက်မလျော့ခဲ့ပေ။ နောက်ပိုင်း သူသည် ပေတရုနှင့်အတူ ဝေးလံလှသောဗာဗုလုန်တွင် ခရစ်ယာန်သာသနာပြုလုပ်ငန်း လုပ်ဆောင်ခဲ့သည်။ ဗာဗုလုန်မှနေ၍ ပေတရုသည် နှုတ်ခွန်းဆက်သခဲ့ရာ “ငါ့သားမာကုကလည်း” နှုတ်ဆက်လိုက်ကြောင်းထပ်ဖြည့်စွက်ထားသည်။—၁ ပေတရု ၅:၁၃ခမ။

ပေတရုနှင့်မာကုတို့သည် ဘုရားသခင့်အမှုတော်ကို အတူတကွဆောင်ရွက်ခဲ့ကြသောကြောင့် အလွန်ရင်းနှီးသောဆက်ဆံမှုရှိခဲ့မည်တကား။ ယင်းကို မာကု၏သတင်းကောင်းကျမ်းစောင် ဖတ်သည့်အခါ အထင်အရှားတွေ့ရသည်။ ယင်းတွင် ပေတရု၏မျက်စိရှင်ရှင်ကိုယ်တိုင်တွေ့မြင်ခဲ့ရာများကို မာကုဖော်ပြခဲ့သည်။ ဥပမာအနေနှင့် ဂါလိလဲအိုင်တွင်တိုက်ခတ်သော မုန်တိုင်းမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်ပါ။ ယေရှုသည် လှေ၏ မည်သည့်နေရာတွင်၊ မည်သည့်အရာပေါ် အိပ်နေကြောင်း အသေးစိတ်အချက်များကို မာကုဖြည့်စွက်ထား၏၊ ယင်းတို့သည် ပေတရုကဲ့သို့သောတံငါသည်တစ်ဦး သတိပြုမိမည့်အရာများဖြစ်သည်။ ကျွန်ုပ်တို့သည် မဿဲ ၈:၂၄; မာကု ၄:၃၇၊ ၃၈; လုကာ ၈:၂၃ ပါကျမ်းစာမှတ်တမ်းများကို အတူတကွဖတ်ကာ မနှိုင်းယှဉ်သင့်ပေလော။

နောက်ပိုင်း ပေါလု ရောမတွင်ထောင်ကျနေချိန်၌ မာကု၏သစ္စာရှိရှိထောက်မပေးမှုကြောင့် သူ့ကိုချီးမွမ်းခဲ့သည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ထိုတွင် ပေါလု နောက်ထပ်ထောင်ပြန်ကျချိန်တွင် တိမောသေထံစာရေးခဲ့ပြီး မာကုကို “သူသည် ငါ၏လုပ်ငန်းတွင် ကူညီနိုင်သူဖြစ်” သည်ဟုဆိုကာ သူ့ထံခေါ်လာရန် တောင်းဆိုခဲ့သည်။ (၂ တိမောသေ ၄:၁၁ခမ) မှန်သည်၊ မာကုသည် လက်မလျော့ခဲ့သောကြောင့် အထူးနည်းလမ်းများဖြင့် ဘုရားသခင့်အမှုတော် ဆောင်ခွင့်ရရှိခဲ့သည်။

မာကုလက်မလျော့ခဲ့သည့်အတွက် အဘယ်ကောင်းချီးများ ရရှိခဲ့သနည်း

^ စာပိုဒ်၊ 3 သင်သည် ကလေးနှင့်အတူဖတ်နေမည်ဆိုလျှင် မျဉ်းရှည် (—) သည် ခေတ္တရပ်တန့်ပြီး ကလေးအားအဖြေပေးရန် အားပေးပါဟူသောသတိပေးချက်ဖြစ်သည်။