ခင်ပွန်းတစ်ယောက်ဟာ “ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကိုချစ်” ရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဇနီးက “ခင်ပွန်းကို အလွန်ရိုသေသင့်” တယ်။ နှစ်ယောက်စလုံးက “တစ်သားတစ်ကိုယ်တည်း” လိုပဲ ကိုယ်နဲ့ဆိုင်တဲ့တာဝန်ကို လုပ်ဆောင်သင့်တယ်။ (ဧ. ၅:၃၃; က. ၂:၂၃၊ ၂၄) အချိန်ကြာလာတဲ့အခါ ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ပိုတွယ်တာလာပြီး သူတို့ရဲ့မေတ္တာလည်း ပိုခိုင်မာလာတယ်။ သူတို့ရဲ့ဆက်ဆံရေးက ဘေးချင်းယှဉ်ပြီးပေါက်နေတဲ့ အပင်နှစ်ပင်ရဲ့ အမြစ်တွေနဲ့တူတယ်။ ပျော်ရွှင်သာယာတဲ့ ဇနီးမောင်နှံရဲ့ခံစားချက်ကလည်း နှစ်ကိုယ့်တစ်စိတ်လို ခွဲမရအောင် ရင်းနှီးကျွမ်းဝင်လာတယ်။

ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ယောက် သေဆုံးသွားတယ်ဆိုရင်ကော။ အဲဒီအခါမှာ ဒီလင်မယားရဲ့ဘဝတစ်လျှောက်လုံးမှာ ရှိနေတဲ့ ခွဲလို့မရတဲ့ဆက်ဆံရေးက ပြတ်တောက်သွားတယ်။ ကျန်ရစ်ခဲ့သူဟာ ဝမ်းနည်းကြေကွဲမှု၊ အထီးကျန်မှု စတဲ့ခံစားချက်တွေ ခံစားရနိုင်တယ်၊ ဒေါသထွက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိနိုင်တယ်။ ဒေါ်သူဇာရဲ့ အိမ်ထောင်သက် ၅၈ နှစ်အတွင်းမှာ အိမ်ထောင်ဖက်သေဆုံးသွားသူ အများကြီးနဲ့ သိကျွမ်းခဲ့ဖူးတယ်။ * ဒါပေမဲ့ သူ့ခင်ပွန်းဆုံးသွားတဲ့အခါမှာ သူက “အရင်က ဒီခံစားချက်ကို ကျွန်မ နားမလည်ခဲ့ဘူး။ ရှင်တို့ ဒီလိုမကြုံဖူးမချင်း အဲဒီခံစားချက်ကို နားလည်မှာမဟုတ်ဘူး” လို့ပြောခဲ့တယ်။

ခံစားချက်က မပြေပျောက်နိုင်သလိုပဲ

အိမ်ထောင်ဖက်ဆုံးပါးသွားတဲ့ခံစားချက်လောက် ပြင်းထန်တဲ့ခံစားချက် မရှိဘူးလို့ ပညာရှင်တချို့က ပြောတယ်။ အိမ်ထောင်ဖက်ဆုံးပါးသွားသူများစွာဟာ အဲဒီအချက်ကို လက်ခံကြတယ်။ မီလီရဲ့ခင်ပွန်း ဆုံးသွားတာ နှစ်အတော်ကြာနေပြီ။ သူက သူ့ရဲ့မုဆိုးမဘဝနဲ့ပတ်သက်ပြီး “ကျွန်မရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဆုံးၡုံးသွားသလိုပဲ  ခံစားရတယ်” လို့ပြောတယ်။ ၂၅ နှစ်ကြာပေါင်းသင်းခဲ့တဲ့ခင်ပွန်း ဆုံးပါးသွားပြီးနောက် သူခံစားရတဲ့ ခံစားချက်အကြောင်း ပြောနေတာဖြစ်တယ်။

ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက် မုဆိုးမတစ်ယောက် နှစ်ရှည်လများ ဝမ်းနည်းပူဆွေးနေတာက လွန်လွန်းတယ်လို့ ဆူဇန်စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့အိမ်ထောင်သက် ၃၈ နှစ်အကြာမှာ သူ့ခင်ပွန်းဆုံးသွားတယ်။ အခု အနှစ် ၂၀ ရှိနေပြီဖြစ်ပေမဲ့ “ကျွန်မ သူ့ကို နေ့တိုင်းသတိရတယ်” လို့ ပြောနေတုန်းပဲ။ သူ့ခင်ပွန်းကိုသတိရလို့ သူမကြာခဏ မျက်ရည်ကျတယ်။

အိမ်ထောင်ဖက်ဆုံးပါးသွားလို့ ခံစားရတဲ့ဝမ်းနည်းကြေကွဲမှုက ပြင်းထန်ပြီး အချိန်ကြာတယ်လို့ ကျမ်းစာကပြောတယ်။ စာရာသေဆုံးသွားတဲ့အခါ ခင်ပွန်းဖြစ်သူ အာဗြဟံဟာ ‘ဝမ်းနည်းပူဆွေးပြီး ငိုကြွေး’ ခဲ့တယ်။ (က. ၂၃:၁၊ ၂) အာဗြဟံဟာ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ပေမဲ့ သူချစ်တဲ့မိန်းမ သေဆုံးသွားတဲ့အခါ အလွန်ဝမ်းနည်းကြေကွဲခဲ့တယ်။ (ဟေဗြဲ ၁၁:၁၇-၁၉) ယာကုပ်ဟာ သေဆုံးသွားတဲ့ သူ့ရဲ့ချစ်ဇနီး ရာခေလကို တော်တော်နဲ့ မမေ့ခဲ့ဘူး။ သူ့သားတွေကို သူ့မိန်းမအကြောင်း တမ်းတမ်းတတနဲ့ ပြန်ပြောပြခဲ့တယ်။—က. ၄၄:၂၇; ၄၈:၇

ကျမ်းစာမှာပါတဲ့ ဒီပုံနမူနာတွေကနေ ဘာသင်ခန်းစာ ယူသင့်သလဲ။ အိမ်ထောင်ဖက် ဆုံးပါးသွားသူတွေဟာ နှစ်အတော်ကြာအောင် ဝမ်းနည်းနေတတ်ကြတယ်။ သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို ပျော့ညံ့မှုလို့ မယူဆသင့်ဘူး။ အကြီးအကျယ်ဆုံးၡုံးသွားရင် အဲဒီလိုပဲ ခံစားကြရတယ်။ သူတို့ကို အချိန်အတော်ကြာ နှစ်သိမ့်အားပေးဖို့လိုတယ်။

နေ့စဉ်ခံရပ်နိုင်ဖို့ကြိုးစား

အိမ်ထောင်ဖက်ဆုံးပါးသွားသူတွေဟာ တစ်ကိုယ်တည်းဘဝကို ပြန်ရောက်သွားရုံပဲမဟုတ်ဘူး။ အိမ်ထောင်သက်ကြာလာတဲ့အခါမှာ ခင်ပွန်းတစ်ယောက်ဟာ သူ့ဇနီး ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် စိတ်အလိုမကျတဲ့အခါ ဘယ်လိုနှစ်သိမ့်အားပေးရမယ်ဆိုတာ သိလာတယ်။ ခင်ပွန်းဆုံးပါးသွားတဲ့အခါ သူ့ဆီကရတဲ့ မေတ္တာနဲ့ နှစ်သိမ့်မှုကို ဇနီးဖြစ်သူ မရနိုင်တော့ဘူး။ အဲဒီလိုပဲ ဇနီးတစ်ယောက်ဟာ သူ့ယောက်ျားကို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိအောင်၊ ပျော်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်။ ဇနီးဆီကရတဲ့ နူးညံ့တဲ့အထိအတွေ့တွေ၊ နှစ်သိမ့်အားပေးစကားတွေနဲ့ ဂရုစိုက်မှုတွေက ဘာနဲ့မှ မတူဘူး။ ဇနီးဆုံးပါးသွားတဲ့အခါ ခင်ပွန်းရဲ့ဘဝမှာ ဟာတာတာဖြစ်သွားတယ်လို့ ခံစားရနိုင်တယ်။ ဒါကြောင့် အိမ်ထောင်ဖက်ဆုံးပါးသွားသူတချို့ဟာ စိုးရိမ်ပူပန်တာ ဒါမှမဟုတ် ရှေ့ရေးကိုတွေးပြီး ကြောက်နေတာမျိုး ခံစားရကြတယ်။ ဘယ်ကျမ်းစာမူတွေက သူတို့ကို စိတ်ချလက်ချရှိစေပြီး စိတ်ငြိမ်သက်မှုရှိဖို့ ကူညီပေးနိုင်သလဲ။

သင့်ရဲ့ဝမ်းနည်းမှုကို နေ့စဉ်ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်

“နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့် မိမိရှိလိမ့်မည်။ ယနေ့ရှိသော မကောင်းမသင့်သောအရာတို့သည် ယနေ့အဖို့ လောက်ပေ၏။” (မ. ၆:၃၄) ယေရှုရဲ့အဲဒီစကားတွေက အထူးသဖြင့် စားဝတ်နေရေးနဲ့ သက်ဆိုင်တယ်၊ ဒါပေမဲ့ အိမ်ထောင်ဖက်ဆုံးပါးသွားလို့ အကြီးအကျယ် ဝမ်းနည်းကြေကွဲနေသူများစွာကို ဆက်ခံရပ်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ချားလ်စ်ဟာ သူ့ဇနီးဆုံးပါးသွားပြီး လအနည်းငယ်အကြာမှာ ဒီလိုပြောခဲ့တယ်– “မိုနစ်ကို သတိရတဲ့စိတ်က ပြင်းထန်နေတုန်းပဲ၊ တစ်ခါတလေ ပိုဆိုးလာတယ်လို့တောင် ထင်ရတယ်။ ဒါပေမဲ့ ဒီလိုပဲဖြစ်တတ်တယ်၊ အချိန်တွေကြာသွားရင် ဝမ်းနည်းကြေကွဲတဲ့ ခံစားချက်က တဖြည်းဖြည်းသက်သာလာမယ်ဆိုတာ ကျွန်တော်သိတယ်။”

ဒါပေမဲ့ ချားလ်စ်ဟာ အဲဒီအချိန်တစ်လျှောက်မှာ ဝမ်းနည်းပူဆွေးမှုကို ခံရပ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်။ သူဘယ်လို ခံရပ်နိုင်ခဲ့သလဲ။ “ယေဟောဝါရဲ့အကူအညီနဲ့ နေ့စဉ်ခံရပ်နိုင်ဖို့ ကြိုးစားခဲ့တယ်” လို့ ချားလ်စ်ကပြောပြတယ်။ ချားလ်စ်ဟာ သူ့ရဲ့ဝမ်းနည်းကြေကွဲမှုကြောင့် မခံမရပ်နိုင်အောင် မဖြစ်ခဲ့ဘူး။ သူ့ရဲ့ ဝမ်းနည်းကြေကွဲမှုက နေ့ချင်းညချင်း ပျောက်မသွားဘူး၊ ဒါပေမဲ့ တစ်ချိန်လုံး အဲဒီလိုပဲ ခံစားမနေဘူး။ သင်လည်း အိမ်ထောင်ဖက်ဆုံးပါးသွားသူ ဖြစ်တယ်ဆိုရင် တစ်ရက်တခါ ဖြေသိမ့်ဖို့ ကြိုးစားကြည့်ပါ။ နက်ဖြန်နေ့မှာ ဘယ်လိုအားပေးမှုမျိုး ရရှိမလဲဆိုတာ သင်မသိနိုင်ဘူး။

 ယေဟောဝါရဲ့ မူလရည်ရွယ်ချက်ထဲမှာ သေခြင်းမပါဘူး။ သေခြင်းက “မာရ်နတ်၏ အမှုအရာများ” ထဲက တစ်ခုဖြစ်တယ်။ (၁ ယော. ၃:၈; ရော. ၆:၂၃) စာတန်က လူတွေကို ကျွန်တွေလိုထိန်းချုပ်ဖို့၊ မျှော်လင့်ချက်မဲ့စေဖို့အတွက် သေခြင်းနဲ့ သေခြင်းကိုကြောက်ရွံ့ခြင်းကို အသုံးပြုတယ်။ (ဟေဗြဲ ၂:၁၄၊ ၁၅) ဒီအချိန်မှာသာမက ကမ္ဘာသစ်မှာပါ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ကျေနပ်မှုရပါ့မလားဆိုတဲ့ ခံစားချက်မျိုးရှိနေတာကို စာတန်နှစ်သက်တယ်။ ကျန်ရစ်သူခံစားရတဲ့ ပြင်းထန်တဲ့ဝမ်းနည်းကြေကွဲမှုက အာဒံရဲ့အပြစ်နဲ့ စာတန့်ပုန်ကန်မှုရဲ့ ရလဒ်ပဲ။ (ရော. ၅:၁၂) ယေဟောဝါဟာ စာတန်ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုအားလုံးကို အစအဆုံး ပြန်ပြုပြင်ပြီး ရက်စက်တဲ့လက်နက်ဖြစ်တဲ့ သေခြင်းကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ စာတန်ဖြစ်ပေါ်စေတဲ့ စိုးရိမ်ကြောက်ရွံ့မှုကနေ လွတ်မြောက်သူတွေထဲမှာ အိမ်ထောင်ဖက်သေဆုံးသွားသူတွေလည်း ပါမယ်၊ အဲဒီအထဲမှာ သင်လည်းတစ်ယောက်အပါအဝင် ဖြစ်နိုင်တယ်။

ကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာမယ့်သူတွေအတွက် အပြောင်းအလဲတွေ ရှိပါလိမ့်မယ်။ လူလူချင်းဆက်ဆံရေး ပြောင်းလဲသွားမယ်။ ဥပမာ၊ အသက်ပြန်ရှင်လာမယ့် မိဘ၊ အဘိုးအဘွားနဲ့ တခြားဘိုးဘေးတွေဟာ သူတို့ရဲ့ သားသမီး၊ မြေးမြစ်တွေနဲ့အတူ တဖြည်းဖြည်း ပြန်စုံလင်လာမှာဖြစ်တယ်။ အသက်ကြီးလာလို့ ခံစားရတဲ့အကျိုးဆက်တွေလည်း ပျောက်သွားပါလိမ့်မယ်။ ငယ်ရွယ်တဲ့မျိုးဆက်တွေဟာ သူတို့ရဲ့ဘိုးဘေးတွေကို အခုအချိန်နဲ့မတူတဲ့ အမြင်မျိုးနဲ့ ရှုမြင်ကြလိမ့်မယ်။ ဒီအပြောင်းအလဲတွေက လူ့မိသားစုတိုးတက်ဖို့ အကူအညီဖြစ်စေမယ်။

အသက်ပြန်ရှင်လာမယ့်သူတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးရှိနိုင်ပါတယ်။ ဥပမာ၊ အိမ်ထောင်ဖက်နှစ်ယောက် ဒါမှမဟုတ် အဲဒီထက်မက ဆုံးပါးသွားသူအတွက် ဘယ်လိုဖြစ်မလဲ။ ဇဒ္ဒုကဲတွေက သေဆုံးသွားတဲ့ ယောက်ျားခုနစ်ယောက်ရှိတဲ့ မိန်းမတစ်ယောက်အကြောင်း မေးခွန်းမေးခဲ့တယ်။ (လု. ၂၀:၂၇-၃၃) ရှင်ပြန်ထမြောက်တဲ့အချိန်မှာ သူတို့ရဲ့ ဆက်ဆံရေး ဘယ်လိုရှိမလဲ။ ကျွန်ုပ်တို့ မသိပါဘူး၊  ဒီလိုမေးခွန်းတွေအတွက် ပူပန်တာ၊ အဖြေတွေကို ခန့်မှန်းတာက အကျိုးမရှိပါဘူး။ အခုအချိန်မှာ ကျွန်ုပ်တို့ လုပ်နိုင်တာတစ်ခုက ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်းသာဖြစ်တယ်။ အနာဂတ်မှာ ယေဟောဝါပြုလုပ်မယ့်အရာတိုင်းက ကောင်းတာပဲဖြစ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အဲဒါကို မျှော်လင့်နေဖို့ဖြစ်တယ်၊ စိုးရိမ်နေဖို့မဟုတ်ဘူး။

ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က နှစ်သိမ့်မှုဖြစ်စေ

ကျမ်းစာရဲ့ အရိုးရှင်းဆုံးသွန်သင်ချက်တစ်ခုက ကျွန်ုပ်တို့ချစ်တဲ့ သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာမယ် ဆိုတာပဲ။ ကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းတွေက သင်္ချိုင်းမှာရှိတဲ့သူတွေဟာ ယေရှုရဲ့အသံကိုကြားပြီး ထွက်လာမယ်ဆိုတဲ့ အာမခံချက်ပဲ။ (ယော. ၅:၂၈၊ ၂၉) အဲဒီအချိန်မှာ အသက်ရှင်နေသူတွေဟာ ပြန်ရှင်လာတဲ့ သူတို့ချစ်တဲ့သူတွေနဲ့ ပြန်လည်တွေ့ဆုံပြီး အလွန့်အလွန် ပျော်ရွှင်ကြပါလိမ့်မယ်။ အသက်ပြန်ရှင်လာမယ့်သူတွေ ဘယ်လောက်ပျော်ရွှင်ကြမယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ ခန့်မှန်းလို့တောင် ရမှာမဟုတ်ဘူး။

လူသန်းပေါင်းများစွာ အသက်ပြန်ရှင်လာတဲ့အခါ ကမ္ဘာပေါ်မှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ပျော်ရွှင်မှုနဲ့ပြည့်နေမယ်။ (မာ. ၅:၃၉-၄၂; ဗျာ. ၂၀:၁၃) အနာဂတ်မှာ ဖြစ်ပျက်မယ့် ဒီအံ့သြစရာအဖြစ်အပျက်ကို စဉ်းစားခြင်းက သေခြင်းကြောင့် ချစ်ရသူတွေကို ဆုံးၡုံးရသူတွေအတွက် နှစ်သိမ့်မှုဖြစ်စေပါလိမ့်မယ်။

လူသေတွေ အသက်ပြန်ရှင်လာချိန်မှာ တစ်ယောက်ယောက်မှာ ဝမ်းနည်းစရာအကြောင်းရှိမလား။ ကျမ်းစာက မရှိဘူးလို့ အဖြေပေးပါတယ်။ ယေဟောဝါက “သေခြင်းကို ထာဝစဉ်ဝါးမျိုပစ်လိမ့်မယ်” လို့ ဟေရှာယ ၂၅:၈ (ကဘ) မှာ ဖော်ပြထားတယ်။ အဲဒီထဲမှာ သေခြင်းနဲ့ သေခြင်းကြောင့်ခံစားရတဲ့ ဝမ်းနည်းစရာတွေကို လုံးဝဖယ်ရှားပစ်ခြင်း ပါဝင်တယ်။ ပရောဖက်ဟေရှာယက “အချုပ်အချာအာဏာရှင် ယေဟောဝါက လူအားလုံးရဲ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလိမ့်မယ်” လို့လည်းပြောတယ်။ အခု သင်ချစ်ရတဲ့ ခင်ပွန်း ဒါမှမဟုတ် ဇနီး သေဆုံးသွားလို့ ခံစားရတဲ့ ဝမ်းနည်းမှုကို ရှင်ပြန်ထမြောက်ခြင်း ပြီးသွားတဲ့နောက်မှာ ဘယ်တော့မှ ပြန်သတိရတော့မှာမဟုတ်ဘူး။

ကမ္ဘာသစ်မှာ ယေဟောဝါလုပ်မယ့်အရာအားလုံးကို ဘယ်လူသားမှ အပြည့်အဝ နားမလည်ဘူး။ “မိုးကောင်းကင်က မြေကြီးထက် ပိုမြင့်သလို ငါ့လမ်းစဉ်တွေက သင်တို့ရဲ့လမ်းစဉ်တွေထက်၊ ငါ့အတွေးအခေါ်တွေက သင်တို့ရဲ့အတွေးအခေါ်တွေထက် ပိုမြင့်တယ်” လို့ ယေဟောဝါပြောတယ်။ (ဟေရှာ. ၅၅:၉ကဘ) ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ကတိကို ယုံကြည်တာက အာဗြဟံလို ယေဟောဝါကို ယုံကြည်ကြောင်း တင်ပြတာဖြစ်တယ်။ အခုအချိန်မှာ ခရစ်ယာန်အားလုံးဟာ ယေဟောဝါလုပ်ခိုင်းတာကို လုပ်ဖို့ အရေးကြီးတယ်။ အဲဒီလိုလုပ်တယ်ဆိုရင် ကျွန်ုပ်တို့ဟာ အသက်ပြန်ရှင်လာမယ့်သူတွေနဲ့ အတူ ကမ္ဘာသစ်မှာအသက်ရှင်ထိုက်သူတွေဖြစ်တယ်လို့ သတ်မှတ်ခံရပါလိမ့်မယ်။—လု. ၂၀:၃၅

မျှော်လင့်ရတဲ့အကြောင်းရင်း

သင့်စိတ်ထဲမှာ မျှော်လင့်ချက် အခိုင်အမာရှိနေတယ်ဆိုရင် အနာဂတ်အတွက် စိတ်မပူဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ လူများစွာရဲ့ အနာဂတ်မျှော်လင့်ချက်က မသေမချာဖြစ်နေတယ်။ ဒါပေမဲ့ ယေဟောဝါက ပိုကောင်းတဲ့မျှော်လင့်ချက် ပေးထားတယ်။ အဲဒါကို ကိုယ်တော် ဘယ်လိုလုပ်ပေးမယ်ဆိုတာ အတိအကျမသိရပေမဲ့ ကျွန်ုပ်တို့ လိုအပ်တာတွေနဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကို ကိုယ်တော် ကျေနပ်အောင်ဖြည့်ဆည်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ “မျှော်လင့်သောအရာကို တွေ့မြင်လျှင် မျှော်လင့်ခြင်း မဟုတ်။ အကြောင်းမူကား တွေ့မြင်သောအရာကို မည်သူ မျှော်လင့်တတ်သနည်း။ သို့သော် ငါတို့သည် မတွေ့မြင်သောအရာကို မျှော်လင့်လျှင် ထိုအရာကို ခံနိုင်ရည်ဖြင့် စောင့်မျှော်လျက်နေကြ၏” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (ရော. ၈:၂၄၊ ၂၅) ဘုရားသခင့်ကတိကို အခိုင်အမာယုံကြည်ခြင်းက သင့်အိမ်ထောင်ဖက် သေဆုံးသွားတာကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ သင်ခံနိုင်ရည်ရှိတယ်ဆိုရင် အနာဂတ်မှာ ယေဟောဝါက သင့် “စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေး” ပါလိမ့်မယ်။ “သက်ရှိအားလုံးရဲ့အလိုဆန္ဒကို ကိုယ်တော့် ဖြည့်ဆည်းပေး” ပါလိမ့်မယ်။—ဆာ. ၃၇:၄; ၁၄၅:၁၆ကဘ; လု. ၂၁:၁၉

အနာဂတ်မှာ ပျော်ရွှင်စရာနဲ့ပြည့်နေမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိကို ယုံကြည်စိတ်ချပါ

ယေရှု သေဆုံးခါနီးမှာ တမန်တော်တွေဟာ တကယ်ဝမ်းနည်း၊ ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးနေကြတယ်။ ယေရှုက သူတို့ကို “စိတ်နှလုံးပူပန်ခြင်း မရှိကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြောင်း တင်ပြကြလော့။ ငါ့ကိုလည်း ယုံကြည်ကြောင်း တင်ပြကြလော့” လို့ နှစ်သိမ့်အားပေးခဲ့တယ်။ “ငါသည် သင်တို့ကို ခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်၊ သင်တို့ဆီသို့ ငါလာဦးမည်” လို့ပြောခဲ့တယ်။ (ယော. ၁၄:၁-၄၊ ၁၈၊ ၂၇) ယေရှုရဲ့စကားတွေက ရာစုနှစ်တွေတစ်လျှောက်မှာ ဘိသိက်ခံနောက်လိုက်တွေကို မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ရှိစေခဲ့မှာပဲ။ သေဆုံးသွားတဲ့ချစ်ရသူတွေကို ထမြောက်ရာကာလမှာ ပြန်တွေ့ချင်တဲ့သူတွေလည်း မျှော်လင့်ချက်ပျောက်ဆုံးဖို့ အကြောင်းမရှိပါဘူး။ ယေဟောဝါနဲ့ သားတော်ယေရှုက သင်တို့ကို စွန့်ပစ်မှာမဟုတ်ဘူး။ သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာကြမယ်။ မကြာခင် သင် လွမ်းဆွတ်တမ်းတနေသူကို ပြန်ကြိုဆိုရပါတော့မယ်။

^ စာပိုဒ်၊ 3 နာမည်တွေကိုပြောင်းထား။