ကျွန်မရဲ့သားဂယ်ရီကို ၁၉၅၈ ခုနှစ်မှာ မွေးပြီး သိပ်မကြာခင်မှာပဲ တစ်ခုခုတော့မှားနေပြီလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ရောဂါအခြေအနေကို ရှာဖွေဖို့ ဆရာဝန်တွေက ဆယ်လကြာအချိန်ယူခဲ့ရပြီး နောက်ထပ်ငါးနှစ်ကြာမှ လန်ဒန်က အထူးကုဆရာဝန်တွေက သူ့ရောဂါကို အတည်ပြုနိုင်ခဲ့တယ်။ ဂယ်ရီကိုမွေးပြီးလို့ ကိုးနှစ်အကြာမှာ သမီးလေးလာဝီဇ်ကို မွေးတဲ့အခါ ကျွန်မဝမ်းနည်းခဲ့ရပြန်တယ်။ သမီးလေးရဲ့ရောဂါက ဂယ်ရီထက် ပိုဆိုးတယ်။

ဆရာဝန်တွေက “ခင်ဗျားရဲ့ကလေးနှစ်ယောက်စလုံးမှာ အယ်လ်အမ်ဘီဘီ (LMBB) * ရောဂါရှိနေတယ်။ စိတ်မကောင်းစရာပဲ။ ဒီရောဂါက ကုလို့မရဘူး” လို့ ကျွန်မကို ကြင်နာစွာနဲ့ ပြောပြတယ်။ အဲ့ဒီအချိန်တုန်းက ဒီရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါအကြောင်း လူတွေ သိပ်မသိကြသေးဘူး။ ရောဂါလက္ခဏာတွေထဲမှာ မျက်စိကွယ်စေနိုင်တဲ့ အမြင်အာရုံချို့ယွင်းတာ၊ အဝလွန်တာ၊ လက်ချောင်းခြေချောင်းအပိုပါတာ၊ ဖွံ့ဖြိုးမှုနှေးကွေးတာ၊ ခန္ဓာကိုယ်ကိုမထိန်းနိုင်တာ၊ ဆီးချိုရောဂါ၊ အရိုးအဆစ်ရောင်ရမ်းတာနဲ့ ကျောက်ကပ်ပုံမှန်အလုပ်မလုပ်တာတွေ ပါဝင်တယ်။ ဒါကြောင့် ကျွန်မရဲ့ကလေးတွေကို ပြုစုရတာ အရမ်းခက်ခဲတယ်။ မကြာသေးခင်လေ့လာမှုတစ်ခုက ဗြိတိန်မှာ လူ ၁၂၅,၀၀၀ မှာ ၁ ယောက်ပဲ ဒီရောဂါမျိုးခံစားရတယ်၊ ဒါပေမဲ့ လူများစွာမှာ ဒီရောဂါကို မသိမသာခံစားနေရတယ်လို့ ခန့်မှန်းတယ်။

ယေဟောဝါဟာ ကျွန်မတို့ရဲ့ “လုံခြုံတဲ့ခိုလှုံရာ” ဖြစ်လာ

ကျွန်မလက်ထပ်ပြီး သိပ်မကြာခင်မှာ ယေဟောဝါသက်သေတစ်ယောက်နဲ့ စကားပြောခဲ့ပြီး သူတို့သင်ပေးတာတွေက အမှန်တရားပဲဆိုတာ ကျွန်မ ချက်ချင်း သဘောပေါက်ခဲ့တယ်။ ကျွန်မယောက်ျားကတော့ လုံးဝစိတ်မဝင်စားဘူး။ သူ့ရဲ့အလုပ်ကြောင့် ကျွန်မတို့တစ်ချိန်လုံး ပြောင်းရွှေ့နေရလို့ အသင်းတော်နဲ့ မပူးပေါင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ သမ္မာကျမ်းစာကို ဆက်ဖတ်ပြီး ယေဟောဝါထံ ဆက်ဆုတောင်းခဲ့တယ်။ “ယေဟောဝါက ဖိနှိပ်ခံရသူတွေအတွက် လုံခြုံတဲ့ခိုလှုံရာဖြစ်လိမ့်မယ်။ ဒုက္ခရောက်ချိန်မှာ လုံခြုံတဲ့ခိုလှုံရာဖြစ်လိမ့်မယ်။” “ကိုယ်တော့်ကိုရှာတဲ့သူတွေကို ကိုယ်တော် ဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး” ဆိုတာကို ဖတ်ရတဲ့အခါ နှစ်သိမ့်မှု တကယ်ခံစားရတယ်။—ဆာ. ၉:၉၊ ၁၀ကဘ။

ဂယ်ရီရဲ့ အမြင်အာရုံကချို့ယွင်းနေလို့ သူ့အသက်ခြောက်နှစ်မှာ အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းမှာရှိတဲ့ အထူးဘော်ဒါကျောင်းမှာ ထားလိုက်တယ်။ သူက သူစိုးရိမ်တာတွေကို ပြောပြဖို့ ကျွန်မကို ပုံမှန်ဖုန်းဆက်ပြီး ကျွန်မက အခြေခံကျမ်းစာမူတွေကို သူနားလည်အောင် ဖုန်းနဲ့ ကူညီပေးနိုင်ခဲ့တယ်။ လာဝီဇ်ကိုမွေးပြီး နှစ်အနည်းငယ်အကြာမှာပဲ ကျွန်မကိုယ်တိုင် နာတာရှည်-နာဗ်ကြောရောဂါနဲ့ ကြွက်သားနာကျင်တာတွေ ခံစားလာရတယ်။ ဂယ်ရီ ၁၆ နှစ်မှာ ဘော်ဒါကျောင်းကနေ အိမ်ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အမြင်အာရုံဟာ ဆိုးရွားလာပြီး ၁၉၇၅ ခုနှစ်မှာ မျက်မမြင်တစ်ယောက်အနေနဲ့ တရားဝင်မှတ်ပုံတင်လိုက်တယ်။ ၁၉၇၇ ခုနှစ်မှာ ကျွန်မယောက်ျား ကျွန်မတို့ကို စွန့်ပစ်သွားခဲ့တယ်။

ဂယ်ရီပြန်လာပြီး သိပ်မကြာခင်မှာ ကျွန်မတို့ဟာ မေတ္တာပြည့်ဝတဲ့အသင်းတော်တစ်ခုရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ပြီး ၁၉၇၄ ခုနှစ်မှာ ကျွန်မနှစ်ခြင်းခံလိုက်တယ်။ အကြီးအကဲတစ်ယောက်က ဂယ်ရီကို ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို ဖြေရှင်းတတ်အောင် ကူညီပေးလို့ ကျွန်မအရမ်းကျေးဇူးတင်ခဲ့တယ်။ တခြားသက်သေခံတွေက ကျွန်မကို အိမ်မှုကိစ္စတွေမှာ ကူညီပေးကြတယ်။ နောက်ဆုံးတော့ လူမှုကူညီရေးအသင်းက အဲဒီသူတွေထဲကငါးယောက်ကို ကျွန်မတို့ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ပေးလိုက်တယ်။ ဒါဟာ တကယ့်ကောင်းချီးတစ်ခုပဲ။

ဂယ်ရီဟာ အမှန်တရားမှာ ဆက်တိုးတက်နေပြီး ၁၉၈၂ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ သူက အရန်ရှေ့ဆောင် အရမ်းလုပ်ချင်တယ်။ ဒါကြောင့် ကျွန်မက ဟောပြောခြင်းလုပ်ငန်းမှာ သူနဲ့အတူပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး နှစ်အတော်ကြာတဲ့အထိ သူနဲ့အတူ အရန်ရှေ့ဆောင်လုပ်ခဲ့တယ်။ တစ်ချိန်မှာ ကျွန်မတို့ရဲ့တိုက်နယ်ကြီးကြပ်မှူးက “ဂယ်ရီ၊ မင်းဘာကြောင့် မှန်မှန်ရှေ့ဆောင် မဖြစ်သေးတာလဲ” လို့မေးတဲ့အခါ  ကျွန်မသား အရမ်းပျော်သွားတယ်။ ဒါက ဂယ်ရီလိုအပ်နေတဲ့ အားပေးမှုပဲ။ ၁၉၉၀ ခုနှစ်မှာ သူ မှန်မှန်ရှေ့ဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။

ဂယ်ရီဟာ ၁၉၉၉ ခုနှစ်မှာ ပထမအကြိမ်နဲ့ ၂၀၀၈ ခုနှစ်မှာ ဒုတိယအကြိမ် တင်ပါးဆုံရိုး အစားထိုးခဲ့ရတယ်။ ဒါပေမဲ့ လာဝီဇ်ရဲ့ကျန်းမာရေးက ပိုတောင်ဆိုးတယ်။ သူဟာ မွေးကတည်းက လုံးဝမျက်စိမမြင်ဘူး၊ သူ့ခြေထောက်မှာ ခြေချောင်းအပိုတစ်ချောင်းပါတာကို ကျွန်မတွေ့တဲ့အခါ သူ့မှာလည်း အယ်လ်အမ်ဘီဘီရောဂါရှိတယ်ဆိုတာ သိလိုက်ရတယ်။ ဆေးစစ်ချက်တွေက သူ့ရဲ့အတွင်းအင်္ဂါတွေ တော်တော်လေးပျက်စီးနေပြီဆိုတာ ဖော်ပြတယ်။ နှစ်တွေတစ်လျှောက်မှာ ကျောက်ကပ်ခွဲစိတ်မှု ငါးကြိမ်အပါအဝင် အကြီးစားခွဲစိတ်မှုတွေကို ခံယူခဲ့ရတယ်။ ဂယ်ရီလိုပဲ သူလည်း ဆီးချိုရောဂါရှိတယ်။

ခွဲစိတ်တဲ့အခါ ပြဿနာတွေ ပေါ်နိုင်တယ်ဆိုတာ သူကြိုသိလို့ ခွဲစိတ်ဆရာဝန်တွေ၊ မေ့ဆေးဆရာဝန်တွေနဲ့ ခွဲစိတ်တဲ့အဖွဲ့မှာ ပါဝင်တဲ့သူတွေကို သူ ဘာကြောင့် သွေးမသွင်းတဲ့အကြောင်း ကြိုပြီးပြောပြထားတယ်။ ရလဒ်ကတော့ သူ့ကိုပြုစုတဲ့သူအားလုံးနဲ့ ဆက်ဆံရေးပြေပြေလည်လည် ရှိခဲ့တယ်။

အဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ အသက်ရှင်ကြ

ကျွန်မတို့အိမ်ဟာ ယေဟောဝါကိုဝတ်ပြုတာနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေနဲ့ပဲ အလုပ်များနေတယ်။ အခုလို ခေတ်မီပစ္စည်းတွေ မရှိခင်ကတည်းက ကျွန်မဟာ ဂယ်ရီနဲ့ လာဝီဇ်တို့ကို နာရီပေါင်းများစွာ အချိန်ယူပြီး ကျမ်းစာဖတ်ပြခဲ့တယ်။ အခုတော့ ကျွန်မတို့ ပတ်စဉ်ကျမ်းစာလေ့လာမှု လုပ်တဲ့အခါမှာ စီဒီ၊ ဒီဗီဒီတွေနဲ့ www.jw.org မှာရနိုင်တဲ့ အသံသွင်းထားတဲ့အရာတွေကို အသုံးပြုနိုင်ပြီ၊ အသင်းတော်အစည်းအဝေးတွေမှာလည်း အဓိပ္ပာယ်ရှိတဲ့မှတ်ချက်တွေ ပေးနိုင်တယ်။

ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းမှုနဲ့ ရေးထားတဲ့ ဒီအဖိုးတန်အမှန်တရားတွေအတွက် ကျွန်မတို့ အရမ်းကျေးဇူးတင်တယ်

တစ်ခါတလေ ဂယ်ရီရဲ့အဖြေတွေက အလွတ်ကျက်ထားတာဖြစ်ပေမဲ့ ဟောပြောသွန်သင်ခြင်းသင်တန်းမှာတော့ သူက ကိုယ်ပိုင်စကားနဲ့ တင်ဆက်တယ်။ ၁၉၉၅ ခုနှစ်မှာ သူ ဓမ္မအမှုထမ်းဖြစ်လာပြီး နိုင်ငံတော်ခန်းမမှာပဲ အမြဲအလုပ်များနေတယ်။ ညီအစ်ကိုညီအစ်မတွေကို ကြိုဆိုတယ်၊ အသံချဲ့စက်မှာလည်း ကူညီပေးတယ်။

ဂယ်ရီက အဆစ်ရောင်ရောဂါကြောင့် ဘီးတပ်ကုလားထိုင်သုံးရလို့ အမှုဆောင်လုပ်ငန်းမှာ သူနဲ့အတူပါဝင်တဲ့ ညီအစ်ကိုတွေက ဘီးတပ်ကုလားထိုင် တွန်းပေးလေ့ရှိတယ်။ ညီအစ်ကိုတစ်ယောက်ကတော့ စိတ်ဝင်စားသူတစ်ဦးကို ဂယ်ရီကျမ်းစာသင်နိုင်အောင် ကူညီပေးတယ်။ ဂယ်ရီဟာ ၂၅ နှစ်ကြာ မလှုပ်မရှားဖြစ်နေတဲ့ ညီအစ်မတစ်ယောက်ကိုလည်း အားပေးခဲ့တယ်။ အခုဆိုရင် အဲဒီနှစ်ယောက်စလုံး ခရစ်ယာန်စည်းဝေးတွေကို တက်နေပြီ။

လာဝီဇ်ကိုးနှစ်အရွယ်မှာ သူ့အဘွားဆီက ဇာထိုးနည်းကို သင်ယူပြီး သူ့ကို ပြုစုနေတဲ့သူတစ်ဦးနဲ့ ကျွန်မက သူ့ကို ပန်းထိုးနည်းသင်ပေးခဲ့တယ်။ သူက ဇာထိုးပန်းထိုးတာကို အရမ်းကြိုက်လို့ ကလေးတွေနဲ့ အသင်းတော်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် ရောင်စုံ ခြုံစောင်တွေ ထိုးပေးတယ်။ သူဟာ ကပ်ခွာရုပ်ပုံလေးတွေနဲ့ လက်ဆောင်ကတ်တွေကိုလည်း ပြုလုပ်တယ်။ အဲဒီကတ်တွေကို ရတဲ့သူတွေက အဲဒါတွေကို အရမ်းတန်ဖိုးထားတယ်။ လာဝီဇ်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက စာရိုက်နည်း သင်ခဲ့တယ်။ အခုတော့ အသံထွက်ကွန်ပျူတာအကူအညီနဲ့ အီးမေးလ်သုံးပြီး သူငယ်ချင်းတွေနဲ့ ပုံမှန် ဆက်သွယ်တယ်။ ၁၇ နှစ်အရွယ်မှာ လာဝီဇ် နှစ်ခြင်းခံတယ်။ အထူးကင်ပိန်းကာလတွေမှာ ကျွန်မတို့အတူ အရန်ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ “မျက်မမြင်တွေရဲ့မျက်စိက မြင်ရလိမ့်မယ်၊” “ဘယ်ပြည်သူပြည်သားကမှ ‘ငါနေမကောင်းဘူး’ လို့ပြောမှာမဟုတ်ဘူး” စတဲ့ ယေဟောဝါရဲ့ကတိတော်တွေကို ယုံကြည်ကြောင်း ဖော်ပြဖို့ ဂယ်ရီလိုပဲ လာဝီဇ်လည်း ကျမ်းချက်တွေကို အလွတ်ကျက်တယ်။—ဟေရှာ. ၃၃:၂၄ကဘ; ၃၅:၅၊ ကဘ။

ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းမှုနဲ့ရေးထားတဲ့ ဒီအဖိုးတန်အမှန်တရားတွေအတွက် ကျွန်မတို့ အရမ်းကျေးဇူးတင်တယ်။ ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာ အသင်းတော်ရဲ့မေတ္တာပါ ထောက်မမှုတွေအတွက် ကျေးဇူးတင်လေးမြတ်စိတ်တွေနဲ့ ပြည့်နေတယ်။ အဲဒါတွေမရှိဘူးဆိုရင် ကျွန်မတို့ရဲ့လုပ်ဆောင်မှုအများစုကို လုပ်နိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် ယေဟောဝါရဲ့အကူအညီကြောင့် ကျွန်မတို့ဘဝက အဓိပ္ပာယ်ရှိလာတယ်။

^ စာပိုဒ်၊ 5 ဒီမျိုးရိုးလိုက်ရောဂါကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဆရာဝန်လေးယောက်ရဲ့နာမည်ကို အစွဲပြုပြီး လောရန့်-မွန်း-ဘာဒေး-ဘီဒဲယ် လို့အမည်ပေးခဲ့တယ်။ ယနေ့အချိန်မှာတော့ ဘာဒေး-ဘီဒဲယ်ရောဂါလို့ ခေါ်ကြတယ်။ ဒီရောဂါကို ကုသနိုင်တဲ့ဆေး မရှိသေးဘူး။