ပထမကမ္ဘာစစ် စတင်ဖြစ်ပွားတဲ့အခါ စစ်ပွဲမှာ ကျမ်းစာကျောင်းသားတွေ မပါဝင်ကြဘူးဆိုတာကို ကမ္ဘာက သတိထားမိလာတယ်။ (ဟေရှာ. ၂:၂-၄; ယော. ၁၈:၃၆; ဧ. ၆:၁၂) ဗြိတိန်နိုင်ငံမှာရှိတဲ့ ဘုရားသခင့်ကျေးကျွန်တွေ ဘာတွေကို ကြုံတွေ့ခဲ့ကြရသလဲ။

ဟင်နရီ ဟာဒ်စန်

၁၉၁၆ ခုနှစ်မှာ ဗြိတိန်နိုင်ငံရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ အက်ဥပဒေအရ အသက် ၁၈ နှစ်နဲ့ ၄၀ ကြားရှိတဲ့ အိမ်ထောင်မရှိတဲ့အမျိုးသားတွေ စစ်မှုထမ်းရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ အဲဒီဥပဒေမှာ “ဘာသာရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ခံယူချက်” ကြောင့် စစ်မှုမထမ်းသူတွေကို လွတ်ငြိမ်းခွင့်ပေးထားတယ်။ ဘယ်သူတွေကို လွတ်ငြိမ်းခွင့်ပေးသင့်တယ်၊ ဘယ်အတိုင်းအတာအထိ ပေးသင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အစိုးရက ခုံရုံးတစ်ခု ဖွဲ့ထားပေးတယ်။

အချိန်တိုအတွင်းမှာပဲ ကျမ်းစာကျောင်းသား ၄၀ လောက်ဟာ စစ်အကျဉ်းထောင်ထဲရောက်သွားပြီး ၈ ယောက်က ပြင်သစ်စစ်မြေပြင်ကို အပို့ခံရတယ်။ ဒီမတရားမှုကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံက ညီအစ်ကိုတွေဟာ ဝန်ကြီးချုပ် ဟားဗတ် အက်စ်ကွစ်ဆီကို လက်မှတ် ၅,၅၀၀ ထိုးထားတဲ့ အသနားခံလွှာတစ်စောင်နဲ့အတူ ကန့်ကွက်စာတစ်စောင် ရေးပို့ခဲ့ကြတယ်။

အဲဒီနောက်မှာ ပြင်သစ်ကို အပို့ခံရတဲ့ ရှစ်ယောက်ဟာ စစ်ပွဲမှာတိုက်ခိုက်ဖို့ ငြင်းဆန်တဲ့အတွက် သေနတ်နဲ့ပစ်သတ်ခံရဖို့ အမိန့်ချခံရတယ်ဆိုတဲ့ သတင်းကြားရတယ်။ ဒါပေမဲ့ ပစ်သတ်ခံရဖို့ ညီအစ်ကိုတွေတန်းစီပြီးစောင့်နေတဲ့အချိန်မှာ သူတို့ရဲ့ပြစ်ဒဏ်ကို ထောင်ဒဏ်ဆယ်နှစ်အဖြစ် လျှော့ပေါ့ပေးခဲ့တယ်။ သူတို့တွေဟာ အင်္ဂလန်ကိုပြန်လာပြီး အရပ်ဘက်ထောင်တွေမှာ အကျဉ်းချခံရကြတယ်။

ဂျိမ်းစ် ဖရက်ဒရစ် စကော့

စစ်ပွဲကြာရှည်လာတာနဲ့အမျှ အိမ်ထောင်သည်အမျိုးသားတွေလည်း မဖြစ်မနေ စစ်မှုထမ်းကြရတယ်။ အမှုတစ်ခုကတော့ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ဆရာဝန်လည်းဖြစ်၊ ကျမ်းစာကျောင်းသားလည်းဖြစ်တဲ့ ဟင်နရီ ဟာဒ်စန်ရဲ့ စံနမူနာပြအမှုဖြစ်တယ်။ ၁၉၁၆၊ ဩဂုတ်လ ၃ ရက်နေ့မှာ တရားရုံးက သူ့ကို တရားရုံးတက်ဖို့ ပျက်ကွက်သူအဖြစ် ဒဏ်ငွေတပ်ပြီး စစ်ဘက်ကို လွှဲပြောင်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ နောက်အမှုတစ်ခုက စကော့တလန်နိုင်ငံ၊ အဲဒင်ဘာ့ဂ်မြို့မှာ ဖြစ်တယ်။ အသက် ၂၅ နှစ်ရှိတဲ့ ကော်လ်ပေါ်တာတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဖရက်ဒရစ် စကော့ကိုတော့ အပြစ်မရှိကြောင်း အမိန့်ချမှတ်တယ်။ အစိုးရက အဲဒီအမှုကို အယူခံဝင်ခဲ့ပေမဲ့ နောက်အမှုတစ်ခုကို အာရုံစိုက်ဖို့အတွက် အဲဒီအမှုကို ဆက်ပြီးအယူခံမဝင်တော့ဘူး။ နောက်အမှုမှာတော့ ဟားဗတ် ကစ် လို့ခေါ်တဲ့ ညီအစ်ကို,ကို အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေတပ်တယ်၊ အဲဒီနောက် စစ်တပ်ကို လွှဲပြောင်းလိုက်တယ်။

၁၉၁၆၊ စက်တင်ဘာလမှာ ညီအစ်ကို စုစုပေါင်း ၂၆၄ ယောက်ဟာ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ပေးဖို့ လျှောက်လွှာတင်ခဲ့ကြတယ်။ အဲဒီအထဲက ၅ ယောက်က ကင်းလွတ်ခွင့်ရပြီး ၁၅၄ ယောက်က အလုပ်ကြမ်းလုပ်ဖို့ တာဝန်ပေးခံရတယ်၊ ၂၃ ယောက်ကတော့ စစ်တိုက်ဖို့မလိုဘဲ စစ်တပ်ထဲမှာ တာဝန်တွေ ပေးအပ်ခံရတယ်။ ၈၂ ယောက်က စစ်တပ်ကို လွှဲပြောင်းခံရပြီး တချို့ကတော့ အမိန့်မနာခံမှုနဲ့ ထောင်ချခံရကြတယ်။ ပြည်သူလူထုများစွာက အဲဒါတွေကို ကန့်ကွက်ခဲ့ကြတယ်၊ ဒါကြောင့် အစိုးရက သူတို့ကို စစ်အကျဉ်းထောင်ကနေ အရပ်ဘက်အလုပ်ကြမ်းစခန်းတွေဆီ လွှဲပြောင်းလိုက်တယ်။

ပရိုင်းစ် ဟယူးဇ်

 အက်ဒ်ဂါ ကလှေးနဲ့ နောက်ပိုင်းမှာ ဗြိတိန်ဌာနခွဲ ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တဲ့ ပရိုင်းစ် ဟယူးဇ်တို့ဟာ ဝေလနယ်မှာရှိတဲ့ ဆည်တစ်ခုမှာ အလုပ်လုပ်ခဲ့ကြရတယ်။ ပြင်သစ်ကပြန်လာတဲ့ ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဟားဗတ် စီညာကတော့ ယော့ရှိုင်းယားမှာရှိတဲ့ ဝေ့ခ်ဖီးလ်အကျဉ်းထောင်ကို ရောက်သွားတယ်။ တခြားသူတွေကတော့ ဒတ်မောအကျဉ်းထောင်ရဲ့ ခက်ခဲကြမ်းတမ်းမှုအောက်မှာ အလုပ်ကြမ်းလုပ်ဖို့ စီရင်ချက်ချခံရတယ်။ စစ်မှုထမ်းဖို့ငြင်းဆန်တဲ့ ကျမ်းစာကျောင်းသားများစွာဟာ အဲဒီနေရာကို ရောက်သွားကြတယ်။

စစ်တိုက်ဖို့မလိုဘဲ စစ်တပ်တာဝန်တွေလုပ်ဆောင်ဖို့ သဘောတူခဲ့တဲ့ ကျမ်းစာကျောင်းသား ဖရန့် ပလတ်ဟာ ရှေ့တန်းကိုအပို့ခံရပြီး အဲဒီမှာ အချိန်အကြာကြီး ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ ကိုယ်သဘောနဲ့ကိုယ် စစ်မှုထမ်းဖို့ စာရင်းပေးပြီး သိပ်မကြာခင်မှာ အမှန်တရားကို သိခဲ့တဲ့ အက်ကင်ဆန် ပတ်ဂျက်ဟာ စစ်တိုက်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် စစ်အာဏာပိုင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်မှုကို ခံခဲ့ရတယ်။

ဟားဗတ် စီညာ

အဲဒီအချိန်တုန်းက ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေဟာ ကြားနေခြင်းရဲ့အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ခဲ့ကြပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ နှစ်သက်မှုကိုရဖို့ ကြိုးစားအားထုတ်ခဲ့ကြတယ်။ ဒီမှတ်တမ်းမှာ အမည်နဲ့တကွ ဖော်ပြခံရတဲ့ ညီအစ်ကိုတွေဟာ အထူးခက်ခဲတဲ့ “စမ်းသပ်ရာအချိန်နာရီ” မှာ ကြားနေခြင်းပုံသက်သေကောင်းကို ပြသခဲ့ကြတယ်။ (ဗျာ. ၃:၁၀)—ဗြိတိန်နိုင်ငံ မော်ကွန်းတိုက်မှ။