‘ငါတို့သည် သင်တို့၏ ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက် များသာ ဖြစ်ကြ၏။’—၂ ကော. ၁:၂၄

၁။ ကောရိန္သုမြို့က ခရစ်ယာန်တွေအကြောင်း ပေါလု ကြားတဲ့အခါ ဘာကြောင့် ပျော်သွားသလဲ။

အချိန်က အေဒီ ၅၅ ခုနှစ်ဖြစ်တယ်။ တမန်တော်ပေါလုဟာ တရောဆိပ်ကမ်းမြို့ကိုရောက်နေပေမဲ့ သူ့စိတ်ကတော့ ကောရိန္သုကညီအစ်ကိုတွေဆီ ရောက်နေတယ်။ အဲဒီနှစ်ရဲ့ နှစ်ဦးပိုင်းတုန်းက ကောရိန္သုမြို့မှာရှိတဲ့ ညီအစ်ကိုတွေကြားမှာ မသင့်မြတ်မှုတွေရှိတယ်ဆိုတာ ကြားရလို့ သူ စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါကြောင့် ပေါလုဟာ ဖခင်တစ်ယောက်လို သူတို့ကို ပဲ့ပြင်ဆုံးမဖို့ စာတစ်စောင်ရေးပို့ခဲ့တယ်။ (၁ ကော. ၁:၁၁; ၄:၁၅) ပေါလုဟာ သူ့ရဲ့လုပ်ဖော်ဆောင်ဖက် တိတုကို သူတို့ဆီလွှတ်လိုက်တယ်၊ အဲဒီနောက် အခြေအနေတွေကို ပြန်ပြောပြဖို့ တိတုကို တရောမြို့ဆိပ်ကမ်းကို လာခိုင်းလိုက်တယ်။ အခု ပေါလုဟာ ကောရိန္သုမြို့က ညီအစ်ကိုတွေရဲ့အခြေအနေကိုသိရဖို့ တရောမြို့မှာ တိတုကို စောင့်နေတယ်။ ဒါပေမဲ့ တိတုရောက်မလာလို့ ပေါလု အရမ်းစိတ်ပျက်သွားတယ်။ အဲဒါနဲ့ သူ မက်ဆီဒိုးနီးယားကို သွားလိုက်တယ်။ ဒါပေမဲ့ မက်ဆီဒိုးနီးယားမှာ တိတုနဲ့ ပြန်တွေ့ရလို့ ပေါလု ပျော်သွားတယ်။ ကောရိန္သုမြို့က ညီအစ်ကိုတွေဟာ ပေါလုရဲ့သွန်သင်ချက်ကို လက်ခံ၊ လိုက်နာပြီး ပေါလုကိုလည်း အရမ်းတွေ့ချင်နေတယ်လို့ တိတုပြောပြတယ်။ အဲဒီသတင်းကို ပေါလုကြားတဲ့အခါ “သာ၍ဝမ်းမြောက်” ခဲ့တယ်။—၂ ကော. ၂:၁၂၊ ၁၃; ၇:၅-၉

၂။ (က) ယုံကြည်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ပတ်သက်ပြီး ကောရိန္သုအသင်းတော်ကို ပေါလု ဘာရေးခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးသုံးသပ်ကြမလဲ။

သိပ်မကြာခင်မှာ ပေါလုဟာ ကောရိန္သုအသင်းတော်ကို ဒုတိယစာ ရေးခဲ့တယ်။ သူတို့ကို ပေါလု ဒီလိုပြောခဲ့တယ်– “ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို အစိုးတရပြုလို၍ ထိုသို့ဆိုခြင်းမဟုတ်။ သင်တို့၏ ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များသာ ဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ယုံကြည်ခြင်းဖြင့် ရပ်တည်နေကြ၏။” (၂ ကော. ၁:၂၄) ပေါလု ဘာကိုဆိုလိုတာလဲ။ ဒီစကားတွေကနေ ခရစ်ယာန်အကြီးအကဲတွေ ဘာ သင်ယူနိုင်သလဲ။

ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ဝမ်းမြောက်ခြင်း

၃။ (က) “သင်တို့သည် သင်တို့၏ယုံကြည်ခြင်းဖြင့် ရပ်တည်နေကြ၏” လို့ ပေါလုပြောတဲ့အခါ ဘာကို ဆိုလိုတာလဲ။ (ခ) ယနေ့ အကြီးအကဲတွေက ပေါလုရဲ့စံနမူနာကို ဘယ်လိုတုပကြသလဲ။

ခရစ်ယာန်တွေမှာရှိရမယ့် အရေးကြီးတဲ့ အရည်အသွေးနှစ်ခုဖြစ်တဲ့  ယုံကြည်ခြင်းနဲ့ ဝမ်းမြောက်ခြင်းအကြောင်း ပေါလု ဖော်ပြခဲ့တယ်။ ပေါလုက အရင်ဆုံး ယုံကြည်ခြင်းအကြောင်း ဒီလိုရေးခဲ့တယ်– “သင်တို့၏ယုံကြည်ခြင်းကို အစိုးတရပြုလို၍ ထိုသို့ဆိုခြင်းမဟုတ်။ . . . သင်တို့သည် သင်တို့၏ယုံကြည်ခြင်းဖြင့် ရပ်တည်နေကြ၏။” ကောရိန္သုမြို့က ညီအစ်ကိုတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်နေကြတာဖြစ်တယ်၊ မိမိကြောင့် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကြောင့် မဟုတ်ဘူးဆိုတာ ပေါလုသိတယ်။ သူတို့က ဘုရားသခင်ကို တကယ်ချစ်ပြီး မှန်ရာကိုလုပ်ချင်ကြတယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချတယ်။ ဒါကြောင့် ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်းကို ပေါလု အစိုးတရပြုဖို့ မလိုအပ်ဘူး၊ ပေါလုကလည်း အဲဒီလိုမလုပ်ချင်ဘူး။ (၂ ကော. ၂:၃) ယနေ့ အကြီးအကဲတွေဟာ ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်းနဲ့ ညီအစ်ကိုတွေဟာ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ အမှုဆောင်နေတယ်ဆိုတာကို ယုံကြည်စိတ်ချခြင်းအားဖြင့် ပေါလုကိုတုပကြတယ်။ (၂ သက်. ၃:၄) သူတို့ဟာ အသင်းတော်မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ မထုတ်ကြဘူး။ အဲဒီအစား ကျမ်းစာမူတွေနဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို အားကိုးကြတယ်။ ယနေ့အကြီးအကဲတွေဟာ ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်းကို အစိုးတရမပြုကြဘူး။—၁ ပေ. ၅:၂၊ ၃

၄။ (က) “ငါတို့သည် . . . သင်တို့၏ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များသာ ဖြစ်ကြ၏” လို့ပြောတဲ့အခါ ပေါလု ဘာကိုဆိုလိုတာလဲ။ (ခ) ယနေ့အချိန်မှာရှိတဲ့ အကြီးအကဲတွေ ပေါလုကို ဘယ်လို တုပကြသလဲ။

ပေါလုက “ငါတို့သည် . . . သင်တို့၏ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များသာ ဖြစ်ကြ၏” လို့လည်း ပြောခဲ့တယ်။ အဲဒီ “လုပ်ဖော်ဆောင်ဖက်များ” ကဘယ်သူတွေလဲ။ ပေါလုကိုယ်တိုင်နဲ့ သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီစာမှာပဲ ပေါလုက အဲဒီမိတ်ဆွေတွေထဲက နှစ်ယောက်အကြောင်း ဖော်ပြခဲ့တယ်၊ “သိလွာနု၊ တိမောသေနှင့် ငါတို့” ဟာ ယေရှုအကြောင်း ဟောပြောခဲ့တယ်လို့ ပေါလုရေးခဲ့တယ်။ (၂ ကော. ၁:၁၉) ဒါ့အပြင် “လုပ်ဖော်ဆောင်ဖက်များ” လို့ ပေါလုရေးတဲ့အခါတိုင်းမှာ အမြဲတမ်းပဲ သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကို ရည်ညွှန်းတယ်၊ သူတို့တွေက အာပေါလု၊ အာကုလ၊ ပြစ်က၊ တိမောသေနဲ့ တိတု စတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ (ရော. ၁၆:၃၊ ၂၁; ၁ ကော. ၃:၆-၉; ၂ ကော. ၈:၂၃) ဒါကြောင့် “ငါတို့သည် . . . သင်တို့၏ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များသာ ဖြစ်ကြ၏” လို့ပြောတဲ့အခါမှာ သူနဲ့ သူ့မိတ်ဆွေတွေဟာ ကောရိန္သုအသင်းတော်မှာရှိတဲ့သူတွေကို ရွှင်လန်းစွာနဲ့ ဘုရားသခင့်အမှုဆောင်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီပေးချင်တယ်ဆိုတာ ပြောပြနေတာဖြစ်တယ်။ ယနေ့အချိန်မှာရှိတဲ့ အကြီးအကဲတွေလည်း အဲဒီလိုပဲ ဆန္ဒရှိကြတယ်။ ညီအစ်ကိုတွေ ‘ယေဟောဝါရဲ့အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်’ နိုင်ဖို့ သူတို့ အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။—ဆာ. ၁၀၀:၂; ဖိ. ၁:၂၅

၅။ ညီအစ်ကိုညီအစ်မတချို့ကို ဘယ်မေးခွန်း မေးခဲ့သလဲ။ သူတို့ရဲ့မှတ်ချက်တွေကို ဆွေးနွေးသုံးသပ်တဲ့အခါ သင်ဘာလုပ်သင့်သလဲ။

သိပ်မကြာသေးခင်တုန်းက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စိတ်ထက်သန်တဲ့ ညီအစ်ကိုညီအစ်မတွေကို “အကြီးအကဲတစ်ယောက်ရဲ့ အပြောနဲ့အလုပ်က သင့်ရဲ့ဝမ်းမြောက်မှုကို ဘယ်လို တိုးပွားစေခဲ့သလဲ” ဆိုတဲ့မေးခွန်း မေးခဲ့တယ်။ အခု သူတို့ရဲ့အဖြေတွေကို ဆွေးနွေးသုံးသပ်ကြပါမယ်။ သင့်ကိုသာမေးရင် သင်ဖြေမယ့်အဖြေနဲ့ သူတို့ရဲ့မှတ်ချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။ ဒါ့အပြင် သင့်အသင်းတော်မှာ ဝမ်းမြောက်မှုတိုးပွားလာဖို့ သင် ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာကိုလည်း စဉ်းစားပါ။ *

‘ချစ်အပ်သော ပေရသိကိုလည်း နှုတ်ဆက်ပေးကြလော့’

၆၊ ၇။ (က) ယေရှု၊ ပေါလုနဲ့ ဘုရားသခင့်တခြားကျေးကျွန်တွေကို အကြီးအကဲတွေ တုပနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။ (ခ) ညီအစ်ကိုညီအစ်မတွေရဲ့နာမည်ကို မှတ်မိတာက သူတို့ကို ဘာကြောင့် ပျော်ရွှင်စေသလဲ။

ညီအစ်ကိုညီအစ်မများစွာက အကြီးအကဲတွေ သူတို့ကို စိတ်ဝင်စားကြောင်း ပြတဲ့အခါ ပျော်တယ်လို့ ပြောကြတယ်။ အကြီးအကဲတွေ အဲဒီလိုလုပ်တဲ့နည်းတစ်နည်းက ဒါဝိဒ်၊ ဧလိဟုနဲ့ ယေရှုကို တုပခြင်းအားဖြင့်ဖြစ်တယ်။ (၂ ဓမ္မရာဇဝင် ၉:၆; ယောဘ ၃၃:၁; လုကာ ၁၉:၅ တို့ကိုဖတ်ပါ။) ယေဟောဝါရဲ့ အဲဒီကျေးကျွန်တွေဟာ တခြားသူတွေကို နာမည်ခေါ်ပြီး စကားပြောခြင်းအားဖြင့် သူတို့ကိုဂရုစိုက်ကြောင်း ဖော်ပြခဲ့ကြတယ်။ ညီအစ်ကိုညီအစ်မတွေရဲ့နာမည်ကို မှတ်မိပြီး ခေါ်ဆိုဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ  ပေါလုသိတယ်။ သူ့ရဲ့စာတစ်စောင်မှာဆိုရင် ညီအစ်မ ပေရသိရဲ့နာမည်အပါအဝင် ၂၅ ယောက်ထက်မကတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့နာမည်ကို ဖော်ပြထားတယ်။ သူ့အကြောင်းကို ပေါလု ဒီလို ပြောခဲ့တယ်– “ချစ်အပ်သောအမျိုးသမီး ပေရသိကိုလည်း နှုတ်ဆက်ပေးကြလော့။”—ရော. ၁၆:၃-၁၅

တချို့အကြီးအကဲတွေဟာ နာမည်တွေကို မှတ်မိဖို့ အခက်တွေ့ကြတယ်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က နာမည်မှတ်မိဖို့ ကြိုးစားတယ်ဆိုရင် သူတို့ကို ဂရုစိုက်တယ်လို့ ညီအစ်ကိုညီအစ်မတွေ ခံစားရတယ်။ (ထွ. ၃၃:၁၇) ကင်းမျှော်စင်သင်တန်းမှာ ဒါမှမဟုတ် တခြားအစည်းအဝေးတွေမှာ ညီအစ်ကိုညီအစ်မတွေ မှတ်ချက်ပေးတဲ့အခါ အကြီးအကဲတွေက သူတို့ရဲ့နာမည်ကို ခေါ်တယ်ဆိုရင် သူတို့ ပျော်တယ်။—ယောဟန် ၁၀:၃ နဲ့နှိုင်းယှဉ်ပါ။

“သခင်၏အမှုတော်၌ များစွာကြိုးစားအားထုတ်”

၈။ ယေဟောဝါနဲ့ ယေရှုကို ပေါလု တုပတဲ့နည်းတစ်နည်းက ဘာလဲ။

ပေါလုက တခြားသူတွေကို ချီးမွမ်းပေးခြင်းအားဖြင့်လည်း သူတို့ကို ဂရုစိုက်ကြောင်း ဖော်ပြတယ်။ ဒါက ညီအစ်ကိုညီအစ်မတွေ ဘုရားသခင်ကို ရွှင်လန်းစွာ အမှုဆောင်နိုင်ဖို့ အကြီးအကဲတွေ ကူညီပေးတဲ့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်တယ်။ ကောရိန္သုမြို့မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို စာရေးတဲ့အခါ သူတို့အတွက် ဂုဏ်ယူကြောင်း ဒီလို ပြောခဲ့တယ်– “သင်တို့အတွက် ငါ အလွန်ဂုဏ်ယူ ဝါကြွား၏။” (၂ ကော. ၇:၄) ဒီချီးမွမ်းစကားတွေက ကောရိန္သုမှာရှိတဲ့ ညီအစ်ကိုတွေရဲ့စိတ်နှလုံးကို နွေးထွေးစေမှာဖြစ်တယ်။ တခြားအသင်းတော်တွေကိုလည်း ပေါလုချီးမွမ်းခဲ့တယ်။ (ရော. ၁:၈; ဖိ. ၁:၃-၅; ၁ သက်. ၁:၈) ရောမအသင်းတော်ကိုရေးတဲ့ သူ့ရဲ့စာမှာ ပေရသိနဲ့ပတ်သက်ပြီး သူဟာ “သခင်၏အမှုတော်၌ ကြိုးစားအားထုတ်သောအမျိုးသမီး” ဖြစ်တယ်လို့လည်း ဖော်ပြထားတယ်။ (ရော. ၁၆:၁၂) ဒီစကားတွေကိုကြားတဲ့အခါ ပေရသိ အားရှိမှာဖြစ်တယ်။ ပေါလုဟာ တခြားသူတွေကို ချီးမွမ်းခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှုကို တုပခဲ့တယ်။—မာကု ၁:၉-၁၁ နဲ့ ယောဟန် ၁:၄၇ တို့ကိုဖတ်ပါ; ဗျာ. ၂:၂၊ ၁၃၊ ၁၉

၉။ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းခြင်းက ဘာကြောင့် အသင်းတော်မှာရှိတဲ့သူတွေကို ရွှင်လန်းစေသလဲ။

ညီအစ်ကိုညီအစ်မတွေကို တန်ဖိုးထားလေးမြတ်ကြောင်း ပြောဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ယနေ့ခေတ် အကြီးအကဲတွေ သိကြတယ်။ (သု. ၃:၂၇; ၁၅:၂၃) အကြီးအကဲတစ်ယောက်က ညီအစ်ကိုတစ်ယောက်ကို ချီးမွမ်းလိုက်တဲ့အခါတိုင်း မိမိရဲ့ညီအစ်ကိုကို ဂရုစိုက်ကြောင်း၊ သူတို့ရဲ့လုပ်ဆောင်မှုကို သတိထားမိကြောင်း ဖော်ပြနေတာဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဟာ အကြီးအကဲတွေရဲ့ ချီးမွမ်းစကားကို ကြားရဖို့လိုတယ်။ အသက် ၅၀ ကျော်ရှိတဲ့ညီအစ်မတစ်ယောက် ဒီလိုပြောပြတယ်– “အလုပ်ခွင်မှာဆိုရင် ကျွန်မ ချီးမွမ်းမခံရသလောက်ပဲ။ အဲဒီနေရာက တကယ် အေးတိအေးစက်နိုင်ပြီး အပြိုင်အဆိုင်များတယ်။ ဒါကြောင့် အသင်းတော်မှာ ကျွန်မလုပ်ခဲ့တဲ့ အလုပ်တစ်ခုခုအတွက် အကြီးအကဲက ချီးမွမ်းတဲ့အခါ ကျွန်မ အရမ်းအားတက်တယ်။ ကောင်းကင်ဖခင်ရဲ့ ချစ်မြတ်နိုးမှု ခံရတယ်လို့ ခံစားရစေတယ်။” ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ကျွေးမွေးပြုစုနေတဲ့ ကြင်ဖော်မဲ့မိဘဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်လည်း အဲဒီလိုပဲ ခံစားခဲ့ရတယ်။ မကြာသေးခင်က အကြီးအကဲတစ်ယောက်က သူ့ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခဲ့တယ်။ အဲဒီညီအစ်ကို ဘယ်လိုခံစားခဲ့ရသလဲ။ “အကြီးအကဲရဲ့စကားတွေကြောင့် ကျွန်တော် တကယ်အားတက်လာတယ်” လို့ သူပြောပြတယ်။ အကြီးအကဲတစ်ယောက်က ညီအစ်ကိုညီအစ်မတွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းတာက ဘုရားသခင့်အမှုတော်မှာ မမောပန်းဘဲ ရွှင်လန်းစွာဆက်ပါဝင်ဖို့ သူတို့ကို ကူညီပေးတာဖြစ်တယ်။—ဟေရှာ. ၄၀:၃၁

ဘုရားသခင်၏အသင်းတော်ကို ထိန်းကျောင်းပါ

၁၀၊ ၁၁။ (က) အကြီးအကဲတွေဟာ နေဟမိကို ဘယ်လိုတုပနိုင်သလဲ။ (ခ)  ညီအစ်ကိုညီအစ်မတွေဆီ အကြီးအကဲတွေ သွားလည်ပတ်တဲ့အခါ သူတို့ရဲ့ယုံကြည်ခြင်းကို ဘယ်လိုခိုင်ခံ့စေနိုင်သလဲ။

၁၀ အကြီးအကဲတွေက ညီအစ်ကိုတွေကို စိတ်ဝင်စားကြောင်းပြပြီး ဘုရားသခင့်အမှုတော်ကို ရွှင်လန်းစွာလုပ်ဆောင်နိုင်ဖို့ ကူညီပေးတဲ့ နောက်နည်းတစ်နည်းကဘာလဲ။ အားပေးမှုလိုအပ်နေသူတွေကို အစပြု ကူညီပေးခြင်းဖြစ်တယ်။ (တမန်တော် ၂၀:၂၈ ကိုဖတ်ပါ။) ဒီနည်းအားဖြင့် သူတို့ဟာ ရှေးအချိန်က ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေကို တုပကြတယ်။ ဥပမာ၊ နေဟမိဟာ သူ့ရဲ့ဂျူးလူမျိုးညီအစ်ကိုတချို့ စိတ်ဓာတ်ကျနေတာကို သိတဲ့အခါ သူတို့ကိုအားပေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထား တယ်။ (နေ. ၄:၁၄) ယနေ့အချိန်မှာလည်း အကြီးအကဲတွေက အဲဒီလိုလုပ်ချင်ကြတယ်။ ညီအစ်ကိုညီအစ်မတွေ စိတ်ဓာတ်ကျနေတဲ့အခါ အားပေးဖို့ အစွမ်းကုန် လုပ်ဆောင်ကြတယ်။ အကြီးအကဲတွေဟာ သူတို့ရဲ့အိမ်တွေကိုသွားပြီး “ဘုရားသခင်ထံတော်မှ ဆုကျေးဇူးကို ဝေမျှပေး” ကြတယ်၊ ဆိုလိုတာက သိုးထိန်းလည်ပတ်မှု လုပ်တဲ့အချိန်မှာ သူတို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတဲ့ အကြောင်းအရာတစ်ခုခုကို ပြောခြင်းဖြစ်တယ်။ (ရော. ၁:၁၁) အဲဒါကို အကြီးအကဲတွေ ဘယ်လိုလုပ်နိုင်သလဲ။

၁၁ အကြီးအကဲတစ်ယောက်ဟာ သိုးထိန်းလည်ပတ်မှုမသွားခင်မှာ မိမိလည်ပတ်မယ့်သူအကြောင်း သေချာစဉ်းစားဖို့လိုတယ်။ ဥပမာ ကိုယ့်ကိုယ်ကို ဒီလိုမေးနိုင်တယ်– “အဲဒီညီအစ်ကို/ညီအစ်မမှာ ဘာအခက်အခဲတွေ ရှိသလဲ။ သူ့ကို တည်ဆောက်ပေးဖို့ ငါ ဘာပြောနိုင်သလဲ။ ဘယ်ကျမ်းချက် ဒါမှမဟုတ် ဘယ်ကျမ်းစာအဖြစ်အပျက်က သူ့အတွက် အားပေးမှုဖြစ်စေမလဲ။ အဲဒီလို သေချာစဉ်းစားခြင်းက သိုးထိန်းလည်ပတ်မှုသွားတဲ့အခါ ရောက်တတ်ရာရာ စကားတွေမဟုတ်ဘဲ တကယ်အဓိပ္ပာယ်ရှိတဲ့စကားတွေ ပြောနိုင်မှာဖြစ်တယ်။ လည်ပတ်တဲ့အချိန်တွင်းမှာလည်း အကြီးအကဲက ညီအစ်ကိုညီအစ်မတွေကို စကားပြောခွင့်ပေးပြီး သူတို့ပြောတာကိုလည်း သေချာနားထောင်ပေးမှာဖြစ်တယ်။ (ယာ. ၁:၁၉) “အကြီးအကဲက သေချာအာရုံစိုက်နားထောင်ပေးတဲ့အခါ စိတ်သက်သာရာရတယ်” လို့ ညီအစ်မတစ်ယောက်က ပြောခဲ့တယ်။—လု. ၈:၁၈

သိုးထိန်းလည်ပတ်မှုသွားတဲ့အခါ ဘယ်လိုအားပေးမယ်ဆိုတာ အကြီးအကဲတွေ သေချာပြင်ဆင်ကြ

၁၂။ အသင်းတော်မှာရှိတဲ့ ဘယ်သူတွေ အားပေးမှုလိုအပ်သလဲ။ ဘာကြောင့်လဲ။

၁၂ အကြီးအကဲတွေရဲ့အားပေးမှုကို ဘယ်သူတွေ လိုအပ်သလဲ။ “သိုးတော်တစ်စုလုံး” ကိုဂရုစိုက်ဖို့ အကြီးအကဲတွေကို ပေါလုပြောခဲ့တယ်။ ကြေညာသူ ဒါမှမဟုတ် ရှေ့ဆောင်အဖြစ် နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့သူတွေအပါအဝင် အသင်းတော်မှာရှိသူအားလုံး အားပေးမှုလိုတယ်။ သူတို့ ဘာကြောင့် အကြီးအကဲတွေရဲ့ အားပေးမှု လိုအပ်သလဲ။ သူတို့ဟာ ဘုရားသခင်အပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိပေမဲ့ တစ်ခါတလေ ဒီဆိုးညစ်တဲ့လောကကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေက ကြီးလွန်းလို့ သူတို့ဘာသာ မခံရပ်နိုင်တော့ဘူး။ ယုံကြည်ခြင်းခိုင်ခံ့သူတစ်ယောက်တောင်မှ အကူအညီလိုအပ်တယ်ဆိုတာ သိနိုင်ဖို့ ဘုရင်ဒါဝိဒ်ရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ကြစို့။

အဘိရှဲကူညီပေးခဲ့

၁၃။ (က) ဣရှဗိဗေနုပ်က ဒါဝိဒ်ကို ဘယ်အချိန်မှာ တိုက်ခိုက်ခဲ့သလဲ။ (ခ) အဘိရှဲက ဒါဝိဒ်ကို ဘာကြောင့် ချက်ချင်း ကူညီပေးနိုင်ခဲ့တာလဲ။

၁၃ လူငယ်ဒါဝိဒ်ဟာ ဘုရင်အဖြစ် ဘိသိက်ပေးခံရပြီး သိပ်မကြာခင်မှာပဲ လူထွားအမျိုးဖြစ်တဲ့ ရေဖိမ်အမျိုးသား  ဂေါလျတ်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်။ သတ္တိရှိတဲ့ဒါဝိဒ်က ဂေါလျတ်ကို သတ်ပစ်လိုက်တယ်။ (၁ ရာ. ၁၇:၄၊ ၄၈–၅၁; ၅ ရာ. ၂၀:၅၊) နှစ်တွေကြာပြီးတဲ့နောက် အစ္စရေးလူမျိုးနဲ့ ဖိလိတ္တိလူမျိုး စစ်တိုက်ကြတဲ့အခါမှာ ဒါဝိဒ်ဟာ နောက်ထပ် လူထွားကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရပြန်တယ်။ သူလည်း ရေဖိမ်လူမျိုးဖြစ်ပြီး သူ့နာမည်က ဣရှဗိဗေနုပ်လို့ခေါ်တယ်။ (၂ ရာ. ၂၁:၁၆) ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒါဝိဒ် အသတ်ခံရတော့မလို ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲ။ ဒါဝိဒ် သတ္တိကြောင်လို့မဟုတ်ဘူး။ ဒါဝိဒ် မောပန်းနေတယ်လို့ ကျမ်းစာကပြောတယ်။ ဒါဝိဒ်မောနေတာကို ဣရှဗိဗေနုပ် သတိထားမိတဲ့အခါ ဒါက တိုက်ခိုက်ဖို့ အချိန်ကောင်းပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလူထွားကြီးက ဒါဝိဒ်ကို သတ်တော့မယ့်ဆဲဆဲမှာ “ဇေရုယာရဲ့သား အဘိရှဲလည်း ချက်ချင်းပဲ ဒါဝိဒ်ကိုလာကူပြီး အဲဒီဖိလိတ္တိလူကို သတ်လိုက်တယ်။” (၂ ရာ. ၂၁:၁၅-၁၇ကဘ) ဒါဝိဒ် သီသီလေး ကပ်လွတ်သွားတယ်။ အဘိရှဲက ဒါဝိဒ်ကိုကြည့်နေပြီး ဒါဝိဒ် အသက်အန္တရာယ် ကြုံတွေ့နေချိန်မှာ ချက်ချင်း ကူညီပေးခဲ့လို့ သူအရမ်း ကျေးဇူးတင်ခဲ့မှာပဲ။ ဒီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၄။ (က) ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီး ဆက်သစ္စာရှိနိုင်ဖို့ ဘာက ကူညီပေးသလဲ။ (ခ) တခြားသူတွေ ပြန်အားရှိပြီး ပျော်ရွှင်လာအောင် အကြီးအကဲတွေ ဘယ်လိုကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

၁၄ ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့လူတွေဟာ စာတန်နဲ့ သူ့ကိုယ်စားလှယ်တွေရဲ့ တားဆီးနှောင့်ယှက်မှုတွေကြားမှာ အမှုဆောင်နေကြတယ်။ အဲဒီထဲကတချို့ဟာ လူထွားကြီးနဲ့တူတဲ့ ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြရတယ်။ ဒါပေမဲ့ ဒါဝိဒ်က ဂေါလျတ်ကို တိုက်ခိုက်ဖို့ ခွန်အားရှိခဲ့သလို ကျွန်ုပ်တို့လည်း ယေဟောဝါကို အပြည့်အဝ ယုံကြည်အားကိုးပြီး အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ စာတန့်လောကကို ဆက်တိုက်ခိုက်ဖို့ ခွန်အားမရှိတော့ဘူးလို့ ခံစားရတဲ့အချိန်တွေ ရှိတယ်။ အဲဒီလိုအချိန်မျိုးမှာဆိုရင် ခါတိုင်း ကျွန်ုပ်တို့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ပြဿနာကတောင် ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေနိုင်တယ်။ အဲဒီလိုအချိန်မှာ ကျွန်ုပ်တို့ရဲ့အခြေအနေကို သတိထားမိတဲ့ အကြီးအကဲတစ်ယောက်က ကျွန်ုပ်တို့ လိုအပ်တဲ့ အကူအညီကို ပေးတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို ပျော်ရွှင်စွာ ဆက်အမှုဆောင်နိုင်ကြတယ်။ ကျွန်ုပ်တို့အများစုဟာ ဒီနည်းနဲ့ ကူညီပေးခံရဖူးမှာဖြစ်တယ်။ အသက် ၆၀ ကျော်ရှိတဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “တစ်ခါတုန်းက ကျွန်မ နေမကောင်းဖြစ်ပြီး အမှုဆောင်လုပ်ငန်းကြောင့် မောပန်းနေတယ်။ ကျွန်မ အားပြတ်နေတာကို အကြီးအကဲတစ်ယောက်က သတိထားမိပြီး ကျွန်မဆီ ရောက်လာတယ်။ ကျွန်မတို့ဟာ ကျမ်းချက်တစ်ချက်ကို အခြေခံပြီး အားရှိစရာစကားတွေ ပြောခဲ့ကြတယ်။ သူပေးတဲ့အကြံဉာဏ်တွေကို ကျွန်မ လိုက်နာခဲ့လို့ အကျိုးခံစားခဲ့ရတယ်။ ကျွန်မအားနည်းနေတာကို သတိထားမိပြီး ကူညီပေးခဲ့တဲ့ အဲဒီအကြီးအကဲဟာ ဘယ်လောက်တောင် မေတ္တာရှိလိုက်သလဲ။” မှန်ပါတယ်၊ ဒါဝိဒ်ကို အဘိရှဲ ကူညီပေးခဲ့သလိုပဲ ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး ကူညီဖို့ အမြဲအသင့်ရှိနေတဲ့ အကြီးအကဲတွေရှိတယ်ဆိုတာ သိရလို့ အားရှိစရာပါပဲ။

“သင်တို့အား ငါအလွန်ချစ်ကြောင်း သိစေလို”

၁၅၊ ၁၆။ (က) ယုံကြည်သူချင်းတွေက ပေါလုကို ဘာကြောင့် ချစ်ကြသလဲ။ (ခ) အကြီးအကဲတွေကို ကျွန်ုပ်တို့ ဘာကြောင့်ချစ်သလဲ။

၁၅ အကြီးအကဲတွေက အရမ်းကြိုးစားအားထုတ်ကြတယ်။ သူတို့တွေဟာ ညီအစ်ကိုညီအစ်မတွေအတွက် စိုးရိမ်ပြီး တစ်ခါတလေ အိပ်မပျော်တဲ့ညတွေရှိနိုင်တယ်၊ သူတို့အတွက် ဆုတောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကိုကူညီပေးဖို့ ညသန်းခေါင်မှာ အိပ်ရာက ထရတဲ့အခါတွေလည်း ရှိနိုင်တယ်။ (၂ ကော. ၁၁:၂၇၊ ၂၈) ဒါပေမဲ့ အကြီးအကဲတွေဟာ ပေါလုလိုပဲ သူတို့ရဲ့တာဝန်ကို အပြည့်အဝနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြတယ်။ ပေါလုက “ငါမူကား သင်တို့အတွက် ရှိသမျှကိုသာမက ကိုယ်ကိုပင် အလွန်ဝမ်းမြောက်စွာပေးမည်” လို့ ကောရိန္သုက ညီအစ်ကိုတွေကို စာရေးခဲ့တယ်။ (၂ ကော. ၁၂:၁၅) ပေါလုက ညီအစ်ကိုတွေကို ချစ်တဲ့အတွက်ကြောင့် မိမိရဲ့အစွမ်းခွန်အားရှိသမျှကိုသုံးပြီး သူတို့ကို အားပေးခဲ့တယ်။ (၂ ကောရိန္သု ၂:၄ ကိုဖတ်ပါ; ဖိ. ၂:၁၇; ၁ သက်. ၂:၈) အဲဒါကြောင့် ပေါလုကို ညီအစ်ကိုတွေက အရမ်းချစ်ကြတာဖြစ်တယ်။—တ. ၂၀:၃၁-၃၈

၁၆ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့အကြီးအကဲတွေကို ချစ်ကြတယ်၊ သူတို့ကိုသုံးပြီး ကျွန်ုပ်တို့ကို ဂရုစိုက်ကြည့်ရှုတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီကို စိတ်ဝင်စားပြီး ကျွန်ုပ်တို့ဆီ သိုးထိန်းလည်ပတ်မှုလာတဲ့အတွက် အားရှိကြတယ်။ အခက်အခဲပြဿနာတွေကို ဆက်သည်းမခံနိုင်တော့ဘူးလို့ ခံစားရတဲ့အခါ ကျွန်ုပ်တို့ကို ကူညီဖို့ အမြဲအသင့်ရှိတဲ့အတွက် ကျေးဇူးတင်ကြတယ်။ အဲဒီလိုအကြီးအကဲတွေက တကယ်ပဲ ‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’ ဖြစ်ကြတယ်။

^ စာပိုဒ်၊ 5 အဲဒီညီအစ်ကိုညီအစ်မတွေကို “အကြီးအကဲတစ်ယောက်ရဲ့ ဘယ်အရည်အသွေးကို သင် တန်ဖိုးအထားဆုံးလဲ” ဆိုတဲ့ မေးခွန်းလည်း မေးခဲ့တယ်။ အများစုက “ချဉ်းကပ်ရလွယ်တဲ့ အရည်အချင်း” လို့ ဖြေကြတယ်။ အကြီးအကဲတွေဟာ ဘာကြောင့် အဲဒီလိုဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ နောင်လာမယ့်ဆောင်းပါးတစ်ခုမှာ ဆွေးနွေးပါမယ်။