၂၀ ရာစုအလယ်မှာ ပဋိဇီဝဆေး (ရောဂါပိုးသေစေတဲ့ဆေး) ကို သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့အခါ ဒါဟာ ရောဂါတချို့ကို ပျောက်စေနိုင်မယ်လို့ ဆရာဝန်တွေ မျှော်လင့်ခဲ့ကြတယ်။ အစပိုင်းမှာတော့ အဲဒါဟာ ဟုတ်တော့မလိုလိုပဲ။ ဒါပေမဲ့ အဲဒီဆေးကို အသုံးများလာပြီး ဆေးယဉ်ပါးတဲ့ပိုးတွေ ပိုများလာတဲ့အတွက် ဆေးမတိုးတော့ဘူး။

ကူးစက်ရောဂါ တိုက်ဖျက်ဆေးအသစ် တွေ့ရှိဖို့ သိပ္ပံပညာရှင်တချို့က ရောဂါထိန်းချုပ်နည်းဟောင်း တွေကို ပြန်သုံးသပ်နေကြတယ်။ အဲဒီအထဲမှာ နေရောင်ခြည်နဲ့ လေကောင်းလေသန့်ကို အသုံးချခဲ့တဲ့နည်းလည်း ပါတယ်။

အတိတ်က သင်ခန်းစာ

နေရောင်ခြည်နဲ့ လေကောင်းလေသန့်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး အင်္ဂလိပ်တွေ ပြောခဲ့ကြတယ်။ သမားတော် ဂျွန် လတ်ဆမ် (၁၇၄၄-၁၈၁၅) က တီဘီရောဂါသည်ကလေးတွေကို ပင်လယ်ကမ်းခြေသွားပြီး နေပူဆာလှုံဖို့ ညွှန်ကြားလေ့ရှိတယ်။ လယ်သမားတွေ၊ သိုးထိန်းတွေမှာ တီဘီရောဂါမရှိဘူး၊ အိမ်ထဲ အနေများသူတွေမှာ အဲဒီရောဂါဖြစ်တတ်တာကို ၁၈၄၀ ပြည့်နှစ်မှာ ခွဲစိတ်ဆရာဝန် ဂျော့ဂ်ျ ဘိုဒင်တန် တွေ့ရှိခဲ့တယ်။

ဖလောရန့်စ် နိုက်တင်ဂေးလ် (၁၈၂၀-၁၉၁၀) ဟာ ခရိုင်းမီယားစစ်ပွဲမှာ ဗြိတိသျှစစ်သားတွေကို သူပြုစုတဲ့နည်းကြောင့် နာမည်ကျော်ကြားလာခဲ့တယ်။ “ညမှာ တခြားသူရဲ့ အိပ်ခန်းထဲ သွားဖူးသလား၊ မနက်ပိုင်း သူတို့အိပ်ခန်း ပြတင်းပေါက်တွေ မဖွင့်ခင် ဝင်သွားဖူးသလား၊ အဲဒီမှာ အောက်သိုးသိုးအနံ့ ရဖူးသလား” ဆိုပြီး လူနာတွေကို သူ မေးလေ့ရှိတယ်။ လူနာအခန်းဟာ လေဝင်လေထွက် ကောင်းရမယ်၊ လူနာကိုတော့ အအေးမပတ်စေနဲ့ ဆိုပြီး ပြောလေ့ရှိတယ်။ “လူနာတွေဟာ လေကောင်းလေသန့်ရဖို့ လိုတယ်၊ နေပူဆာလှုံဖို့ လိုတယ်ဆိုတာကို ကျွန်မရဲ့အတွေ့အကြုံအရ သိထားတယ်” ဆိုပြီး သူ ပြောသေးတယ်။ အဲဒီအချိန်တုန်းက လူတွေဟာ ကျန်းမာရေးကောင်းဖို့ အိပ်ရာခင်းတွေ၊ အဝတ်တွေကို နေလှန်းကြတယ်။

 ၁၈၀၀ ပြည့်လွန်နှစ်တွေကတည်းက သိပ္ပံပညာတိုးတက်လာပေမဲ့ အခုတွေ့ရှိချက်တွေဟာ အရင်တုန်းကတွေ့ရှိထားတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဥပမာ၊ တရုတ်ပြည်ရဲ့ လူပြည့်ကျပ်နေတဲ့ တက္ကသိုလ်အဆောင်တွေဟာ လေဝင်လေထွက်မကောင်းလို့ အဆောင်နေသူတွေမှာ “အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအဖြစ်များနေ” တာကို ၂၀၁၁ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့ကြတယ်။

ရောဂါကူးစက်တာကို တားဆီးနိုင်ဖို့ အဆောက်အဦတစ်ခုဟာ လေဝင်လေထွက်ကောင်းဖို့ အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေတဲ့ လမ်းညွှန်ချက်ထဲမှာ ရောဂါမကူးစက်ရအောင် ကျန်းမာရေးဌာနတွေမှာ လေဝင်လေထွက်ကောင်းဖို့ လိုတယ်ဆိုပြီး အားပေးထားတယ်။ *

‘အခုလို ပြောတာက ကောင်းပါတယ်။ ဒါပေမဲ့ သိပ္ပံဆိုင်ရာ အထောက်အထားတွေရှိလို့လား။ နေရောင်ခြည်နဲ့ လေဟာ ရောဂါကူးစက်တာကို ဘယ်လို တားဆီးနိုင်သလဲ’ လို့ မေးကြပါလိမ့်မယ်။

သဘာဝ ပိုးသတ်ဆေးများ

အင်္ဂလန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လေ့လာချက်တွေကနေ အဖြေတစ်ခု ရခဲ့တယ်။ လန်ဒန်မြို့ပေါ်မှာ ဇီဝလက်နက်ကို ဖောက်ခွဲလိုက်ရင် လေထုဟာ ဘယ်လောက်ကြာကြာ အန္တရာယ်ရှိနေမလဲဆိုတာကို သိပ္ပံပညာရှင်တွေ စမ်းသပ်ခဲ့ကြတယ်။ အီကိုလိုင်ပိုး (အစာအိမ်နဲ့ အူလမ်းကြောင်းမှာတွေ့ရတဲ့ ဗက်တီးရီးယားပိုးတစ်မျိုး) ကို ပင့်ကူအိမ်မှာ ထားပြီး လေထုထဲမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ကြသလဲဆိုတာကို သိရအောင် စမ်းသပ်ကြည့်တယ်။ နေရောင်ခြည်က ပိုးကို သေစေတယ်ဆိုတာကို သိထားကြလို့ ညပိုင်းမှာ အဲဒီအတိုင်း စမ်းသပ်ခဲ့တယ်။ ဘာသိလိုက်ရသလဲ။

နှစ်နာရီအကြာမှာ ပိုးအားလုံးနီးပါး သေသွားတယ်။ အီကိုလိုင်ပိုးတွေကို ဗူးထဲအလုံပိတ်ပြီး အရင်နေရာ၊ အရင်အပူချိန်၊ အရင်လိုစိုထိုင်းဆအတိုင်း စမ်းသပ်ကြည့်တော့ နှစ်နာရီအကြာမှာ ပိုးနည်းနည်းပဲ သေသွားကို တွေ့ရတယ်။ လေသလပ်ခံထားတဲ့ ပိုးအားလုံးနီးပါး သေသွားရတဲ့ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတယ်ဆိုတာကို အခုချိန်အထိ တိတိကျကျ မသိရသေးဘူး။ ဒါပေမဲ့ သုတေသီတွေက လေထဲက ဒြပ်ပေါင်းတစ်ခုကို ညွှန်ပြတယ်။ အဲဒီဒြပ်ပေါင်းက ရောဂါပိုးတွေကို သေစေနိုင်တဲ့ “သဘာဝပိုးသတ်ဆေးလိုမျိုး အာနိသင်ရှိပုံရတယ်” လို့ ပြောကြတယ်။

နေရောင်ခြည်ထဲမှာလည်း အဲဒီလို အာနိသင်မျိုး ရှိတယ်။ “လေကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေဟာ နေရောင်ခြည်ဒဏ်ကို မခံနိုင်ကြဘူး” ဆိုပြီး စာအုပ် တစ်အုပ် (The Journal of Hospital Infection) မှာ ရှင်းပြထားတယ်။

နေရောင်ခြည်နဲ့ လေကောင်းလေသန့်ကနေ အကျိုးခံစားချင်တယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ အိမ်အပြင် ခဏထွက်ပြီး နေပူဆာလှုံပါ။ လေကောင်းလေသန့်ရှူပါ။ အကျိုးရှိပါလိမ့်မယ်။

^ စာပိုဒ်၊ 8 လေထုညစ်ညမ်းမှု၊ ဆူညံသံနဲ့ လုံခြုံရေးစတဲ့ အကြောင်းတချို့ကြောင့် ပြတင်းပေါက်တွေ မဖွင့်ထားချင်တာမျိုး ဖြစ်နိုင်တယ်။