၁ အသက် ဘယ်လို စတင်လာသလဲ

လူတချို့ ပြောဆိုရာ– သက်မဲ့ကနေ အသက် အလိုလို စတင်ဖြစ်ပေါ်လာတယ်။

အဲဒီအဖြေကို လူတချို့ ဘာကြောင့်လက်မခံနိုင်။ သိပ္ပံပညာရှင်တွေက ဓာတုဖွဲ့စည်းပုံနဲ့ မော်လီကျူးဖွဲ့စည်းပုံကို အရင်ကထက် အခု ပိုသိလာပြီ၊ ဒါတောင်မှ အသက်နဲ့ပတ်သက်ပြီး သေသေချာချာ အဓိပ္ပာယ်မဖွင့်နိုင်ကြ သေးဘူး။ အရိုးရှင်းဆုံး သက်ရှိဆဲလ်နဲ့ သက်မဲ့အရာဟာ လုံးဝကိုမတူဘူး။

နှစ်သန်းထောင်နဲ့ချီအချိန်တုန်းက ကမ္ဘာရဲ့အခြေအနေကို သိပ္ပံပညာရှင်တွေ မှန်းဆရုံပဲ မှန်းဆနိုင်ကြတယ်။ ဘယ်နေရာကနေ အသက်စတင်ဖြစ်ပေါ်သလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေက မတူကြဘူး။ ဥပမာ၊ မီးတောင်ထဲမှာ ဒါမှမဟုတ် သမုဒ္ဒရာကြမ်းပြင်မှာ အသက်စတင်သလားဆိုတာ မပြောနိုင်ကြဘူး။ အသက်ဖြစ်ပေါ်လာစေတဲ့ ပစ္စည်းတွေဟာ စကြဝဠာရဲ့ တစ်နေရာရာမှာ ပေါင်းစပ်ပြီး မြေကြီးပေါ်ကို ဥက္ကာခဲကနေတစ်ဆင့် ရောက်လာတယ်လို့ တချို့ ယူဆကြတယ်။ အဲဒါကလည်း အသက်ဘယ်လိုစတင်သလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေရဖို့ ပိုခက်သွားစေတယ်။

မျိုးရိုးဗီဇကိုဖြစ်ပေါ်လာစေတဲ့ မော်လီကျူးတွေရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ မှန်းဆကြတယ်။ အဲဒီမော်လီကျူးတွေဟာ ပုံတူပွားနိုင်တဲ့ သက်မဲ့ပစ္စည်းကနေ ရုတ်တရက် ဖြစ်ပေါ်လာတယ်လို့ ယူဆကြတယ်။ အဲဒီမော်လီကျူးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ သိပ္ပံအထောက်အထားလည်း မရှိဘူး၊ ဓာတ်ခွဲခန်းမှာလည်း အဲဒီလိုမျိုး မော်လီကျူးတစ်ခုကိုမှ သိပ္ပံပညာရှင်တွေ မဖန်တီးပေးနိုင်သေးဘူး။

သတင်းအချက်အလက်တွေကို သက်ရှိတွေ သိုမှီး၊ စိစစ်ဖြန့်ချိပုံက တစ်မူထူးခြားတယ်။ ဆဲလ်တွေဟာ မျိုးရိုးဗီဇထဲက သတင်းအချက်အလက်တွေကို သူ့နေရာသူ နေရာမှန်ရောက်သွားဖို့ ညွှန်ကြားပေးတယ်။ သိပ္ပံပညာရှင်တချို့က မျိုးရိုးဗီဇလက္ခဏာတွေဟာ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ တူတယ်၊ ဆဲလ်တွေရဲ့ ဓာတုဖွဲ့စည်းပုံကတော့ ကွန်ပျူတာဟာ့ဒ်ဝဲနဲ့ တူတယ်လို့ ဆိုကြတယ်။ ဆင့်ကဲ ဖြစ်စဉ်က အဲဒီမျိုးရိုးဗီဇအကြောင်းကို မရှင်းပြပေးနိုင်ဘူး။

ဆဲလ်တစ်ခု အလုပ်လုပ်ဖို့ ပရိုတင်းမော်လီကျူးတွေလိုတယ်။ ပရိုတင်းမော်လီကျူး တစ်ခုမှာ အမိုင်နိုအက်ဆစ် ရာနဲ့ချီရှိတယ်။ အဲဒါတွေက အစီအစဉ်တကျ ရှိနေတယ်။ အဲဒီအပြင် ဒီပရိုတင်းမော်လီကျူးတွေ အသုံးဝင်နိုင်ဖို့ 3D သုံးဖက်မြင် ပုံစံနဲ့ ခေါက်ချိုး ကျိုးနေရမယ်။ ပရိုတင်းမော်လီကျူးတစ်ခု အလိုလိုပေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဆိုပြီး သိပ္ပံပညာရှင်တချို့ ကောက်ချက်ချတယ်။ “ဆဲလ်တစ်ခု အလုပ်လုပ်ဖို့ ပရိုတင်းမော်လီကျူး ထောင်နဲ့ချီရှိဖို့လိုတဲ့အတွက် အဲဒါတွေ မတော်တဆ ဖြစ်လာတယ်ဆိုတာ လုံးဝလက်မခံနိုင်စရာပဲ” ဆိုပြီး ရူပဗေဒ ပညာရှင် ပေါလ် ဒေးဗစ် ရေးသားခဲ့တယ်။

အပြီးသတ်ကောက်ချက်– သိပ္ပံပညာရပ်အမျိုးမျိုးကို ဆယ်စုနှစ်ချီ ဆည်းပူးလေ့လာပြီးနောက်မှာတော့ ရှိနှင့်ပြီးသားအသက်ကနေပဲ အသက်ဖြစ်ပေါ်လာနိုင်တယ်လို့ အဖြေထွက်ပါတယ်။

 ၂ သက်ရှိတွေ ဘယ်လို တဖြည်းဖြည်း ဖြစ်ပေါ်လာသလဲ

လူတချို့ပြောဆိုရာ– ပထမဆုံးသက်ရှိကနေ လူအပါအဝင် သက်ရှိ အမျိုးမျိုးဟာ သဘာဝတရားရဲ့ရွေးချယ်မှုနဲ့ တဖြည်းဖြည်း ပြောင်းလဲပြီး ဖြစ်ပေါ်လာတယ်။

အဲဒီအဖြေကို လူတချို့ ဘာကြောင့်လက်မခံနိုင်။ ဆဲလ်တချို့ဟာ တခြားဆဲလ်တွေထက် ပိုပြီးရှုပ်ထွေးတယ်။ ရိုးရှင်းတဲ့ဆဲလ်တွေကနေ ရှုပ်ထွေးတဲ့ဆဲလ်တွေ ဘယ်လိုဖြစ်လာသလဲဆိုတာက “အသက်ရဲ့အစနဲ့ပတ်သက်တဲ့ မေးခွန်းပြီးရင် ဆင့်ကဲဝါဒီတွေ မဖြေနိုင်တဲ့ ဒုတိယအကြီးမားဆုံး မေးခွန်းဖြစ်တယ်” လို့ စာအုပ်တစ်အုပ်မှာ ပြောထားတယ်။

ဆဲလ်တစ်ခုထဲမှာတောင် ရှုပ်ထွေးတဲ့အလုပ်တွေကို ဟန်ချက်ညီညီလုပ်တဲ့ အသေးစိတ်ကျတဲ့ ပရိုတင်းမော်လီကျူးတွေ ပြည့်နေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ သူတို့လုပ်တဲ့အလုပ်တွေထဲမှာ အာဟာရကို စွမ်းအင်အဖြစ်ပြောင်းလဲပြီး သယ်ပို့ပေးတာ၊ ဆဲလ်တွေပြုပြင်ပေးတာ၊ ဆဲလ်တွေတစ်ဆင့်ပြီးတစ်ဆင့် သတင်းပို့ပေးတာတွေ ပါဝင်တယ်။ သဘာဝတရားရဲ့ရွေးချယ်မှုနဲ့ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့ပဲ အဲဒီလိုဆန်းပြားရှုပ်ထွေးတဲ့ လုပ်ရပ်တွေကို ဖြစ်စေနိုင်ပါ့မလား။ လူတော်တော်များများက အဲဒီဆင့်ကဲဖြစ်စဉ်အဆိုကို လက်မခံနိုင်ကြဘူး။

သန္ဓေအောင်မျိုးဥတစ်ခုတည်းကနေ တိရစ္ဆာန်တွေ၊ လူသားတွေ တဖြည်းဖြည်း ဖြစ်ပေါ်လာတယ်။ သန္ဓေသားလောင်းအတွင်းက ဆဲလ်တွေဟာ ပွားများလာပြီး သူ့ပုံစံနဲ့သူ၊ သူ့လုပ်ဆောင်မှုနဲ့သူရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးကို ရောက်သွားတယ်။ ဆဲလ်တစ်ခုစီဟာ သက်ရှိအတွင်းမှာ ဘာတွေဖြစ်လာမယ်၊ ဘယ်ကိုသွားသင့်တယ်ဆိုတာ ဘယ်လို “သိကြ” သလဲဆိုတာကို ဆင့်ကဲဖြစ်စဉ်က မရှင်းပြနိုင်ဘူး။

တိရစ္ဆာန်တစ်မျိုးကနေ နောက်တစ်မျိုးဖြစ်ဖို့ ဆဲလ်တစ်ခုမဖြစ်ခင် မော်လီကျူးအဆင့်ရှိနေချိန်မှာ ပြောင်းလဲဖို့လိုတယ်လို့ သိပ္ပံပညာရှင်တွေ အခု သိလာကြပြီ။ သိပ္ပံပညာရှင်တွေဟာ “အရိုးရှင်းဆုံး” ဆဲလ်တစ်ခု ဘယ်လို ဆင့်ကဲဖြစ်လာသလဲဆိုတာ မရှင်းပြနိုင်ဘဲနဲ့ တိရစ္ဆာန်အမျိုးမျိုးဟာ သဘာဝတရားရဲ့ရွေးချယ်မှုနဲ့ တဖြည်းဖြည်း ပြောင်းလဲလာတယ်လို့ ပြောတာက ယုတ္တိရှိပါ့မလား။ ဇီဝဗေဒ ပါမောက္ခ မိုက်ကယ် ဘီဟီက တိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါတည်ဆောက်ပုံကို လေ့လာတဲ့အခါ “မမျှော်လင့်ဘဲ အံ့သြစရာ နက်နဲရှုပ်ထွေးမှုတွေ တွေ့လိုက်ရတော့ အသိဉာဏ်မရှိတဲ့ ဖြစ်စဉ်တစ်ခုကြောင့် အဲဒါတွေ ဘယ်လိုနည်းနဲ့မှ မဖြစ်လာနိုင်ဘူးဆိုပြီး ကောက်ချက်ချမိတယ်” လို့ပြောတယ်။

လူတွေဟာ အသိဉာဏ်ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်သိတယ်၊ စဉ်းစားဆင်ခြင်နိုင်တယ်၊ ရက်ရောတာ၊ ကိုယ်ကျိုးစွန့်တာ၊ အမှားအမှန်ကို ပိုင်းခြားသိနိုင်တာ စတဲ့ အရည်အသွေးတွေရှိတယ်။ လူတွေမှာ အဲဒီကောင်းမွန်တဲ့ အရည်အသွေးတွေ ဘယ်လိုရှိလာသလဲဆိုတာ ဆင့်ကဲအယူက မရှင်းပြနိုင်ဘူး။

အပြီးသတ်ကောက်ချက်– အသက်ဟာ ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတယ်လို့ လူအတော်များများ လက်ခံကြပေမဲ့ အသက် ဘယ်လို စတင်လာသလဲ၊ သက်ရှိတွေ ဘယ်လို တဖြည်းဖြည်း ဖြစ်ပေါ်လာသလဲဆိုတဲ့ မေးခွန်းတွေရဲ့ ဆင့်ကဲသီအိုရီအဖြေကို လက်မခံနိုင်တဲ့သူတွေလည်း ရှိနေပါတယ်။