၂၀၁၂ ခုနှစ်မှာထုတ်ပြန်တဲ့ ကမ္ဘာချီစစ်တမ်းကောက်ယူမှုမှာ တစ်ဝက်လောက်ဟာ တကယ်မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်ကြကြောင်း ဝန်ခံကြတယ်။ သုံးပုံနှစ်ပုံက လူတွေဟာ အလွန်အကျွံဝယ်ကြလို့ စိုးရိမ်မိကြောင်းပြောတယ်။ စိုးလည်းစိုးရိမ်စရာပါပဲ။ လူများစွာက အကြွေးနွံနစ်နေတယ်။ ပညာရှင်တွေရဲ့အဆိုအရ ပစ္စည်းတွေကို အလွန်အကျွံဝယ်တာက ကျေနပ်မှုကိုမပေးဘဲ ဖိစီးမှုပိုများစေနိုင်တယ်၊ ပျော်ရွှင်မှုပျောက်ဆုံးစေနိုင်တယ်။ ဒါဆိုရင် ဘာကြောင့်များ ပစ္စည်းတွေ တစ်ပုံတစ်ခေါင်း ဝယ်ကြတာလဲ။

ကျွန်ုပ်တို့ဟာ မကုန်ဆုံးနိုင်တဲ့ ကြော်ငြာတွေ၊ အရောင်းမြှင့်တင်ရေးတွေကို နေ့စဉ်တွေ့ မြင်နေကြရတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ လိုချင်တဲ့အရာကို လိုအပ်တဲ့အရာလို့ ထင်လာအောင်လုပ်ဖို့ဖြစ်တယ်။ လူတွေဟာ စိတ်ရဲ့လှုံ့ဆော်မှုအတိုင်း ပြုမူလုပ်ကိုင်တတ်ကြတယ်ဆိုတာ အရောင်းမြှင့်တင်ရေးသမားတွေ သိထားတယ်။ ဒါကြောင့် ကြော်ငြာတွေ၊ ဈေးဝယ်ရတာတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင် ဖန်တီးထားကြတယ်။

“လူတွေဟာ တစ်ခုခုဝယ်ဖို့ စီစဉ်တဲ့အခါ အဲဒါကို လိုက်ရှာတယ်၊ တွေ့တယ်၊ ဝယ်တယ်ဆိုပြီး စိတ်ကူးယဉ်တတ်ကြတယ်” လို့ စာအုပ်တစ်အုပ် (Why People Buy Things They Don’t Need) က ဖော်ပြတယ်။ တချို့ပညာရှင်တွေရဲ့အဆိုအရ လူတွေဟာ ဈေးဝယ်ထွက်တဲ့အခါ အရမ်းကို စိတ်လှုပ်ရှားနိုင်တယ်။ အရောင်းမြှင့်တင်ရေးကျွမ်းကျင်သူ ဂျင် ဖူးလာ က ခုလိုရှင်းပြတယ်– “ဝယ်ယူသူတွေက စိတ်လှုပ်ရှားတဲ့အခါ ကောင်းကောင်းမစဉ်းစားနိုင်တော့ဘူး။ ဒါကို ဈေးရောင်းသူတွေသိတဲ့အတွက် အဲဒါကို အခွင့်ကောင်းယူတတ်ကြတယ်။”

လိမ္မာပါးနပ်လှတဲ့ အရောင်းမြှင့်တင်ရေးသမားတွေရဲ့ ဆွဲဆောင်မှုထဲပါမသွားအောင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်နိုင်မလဲ။ စိတ်ခံစားချက်ကို ခဏဘေးချိတ်ပြီး ကြော်ငြာတွေ၊ အရောင်းမြှင့်တင်ရေးတွေ ပုံဖော်တဲ့အရာနဲ့ လက်တွေ့အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ခြင်း အားဖြင့်ဖြစ်တယ်။

 ပုံဖော်ရာ– “ဒီအရာနဲ့ဆိုရင် သင့်ဘဝဟာ ကျေနပ်ပျော်ရွှင်စရာ ပိုကောင်းလာမယ်”

ပိုကျေနပ်ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ချင်တာ သဘာဝပါပဲ။ ဒီပစ္စည်းကိုရွေးချယ်ဝယ်ယူရင် ပိုကောင်းတဲ့ကျန်းမာရေး၊ လုံခြုံမှု၊ ဖိစီးမှုကင်းဝေးခြင်းနဲ့ လူမှုရေး မှာရင်းနှီးမှုပိုတိုးလာခြင်းစတဲ့ လိုချင်တဲ့အရာအားလုံးကို ရရှိစေမယ်ဆိုတဲ့အချက်အလက်ကို ကြော်ငြာတွေက ကျွန်ုပ်တို့ဆီ တရစပ်ပို့လွှတ်နေတယ်။

လက်တွေ့အခြေအနေ–

ပိုင်ဆိုင်မှုတွေ တိုးများလာတာနဲ့အမျှ ကျွန်ုပ်တို့ဘဝမှာ ကျေနပ်ပျော်ရွှင်မှုတွေ တကယ့်ကို နည်းလာနိုင်တယ်။ ပိုပိုများလာတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်နဲ့ငွေတွေ ပိုလိုအပ်လာမယ်။ အကြွေးတွေ ရှိလာတဲ့အခါ ဖိစီးမှုတွေ ပိုများလာမယ်။ မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်သိပ်ပေးနိုင်တော့မှာမဟုတ်ဘူး။

မူ– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”လုကာ ၁၂:၁၅

ပုံဖော်ရာ– “လူနေမှုအဆင့် မြင့်မားလာမယ်”

လူအထင်ကြီးဖို့ ပစ္စည်းဝယ်တာဆိုပြီး ဝန်ခံတဲ့သူကတော့ ရှားပါတယ်။ ဒါပေမဲ့ ဂျင် ဖူးလာက ခုလိုမှတ်ချက်ချတယ်– “လူတွေရဲ့ ပစ္စည်းရွေးချယ်ဝယ်ယူမှုအပေါ် အများကြီး ဩဇာလွှမ်းမိုးတဲ့အချက်ကတော့ သူတို့ရဲ့မိတ်ဆွေ၊ အိမ်နီးချင်း၊ အလုပ်ဖော်၊ ဆွေမျိုးတွေနဲ့ ယှဉ်ပြိုင်လိုစိတ်ပဲ။” ဒါကြောင့်လည်း ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့အခါ အောင်မြင်ကြွယ်ဝတဲ့လူတွေ သုံးနေတဲ့ပစ္စည်းအဖြစ် တင်ဆက်ကြခြင်းဖြစ်တယ်။ အဲဒီကြော်ငြာတွေပေးတဲ့ အချက်အလက်ကတော့ “ဒီပစ္စည်းဝယ်လိုက်ခြင်းအားဖြင့် သင်လည်း အောင်မြင်ကြွယ်ဝနိုင်တယ်။”

လက်တွေ့အခြေအနေ–

ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့နှိုင်းပြီး တန်ဖိုးသတ်မှတ်သူတွေက ကျေနပ်ရောင့်ရဲတဲ့ဘဝကို ဘယ်တော့မှ လိုက်မီမှာမဟုတ်ဘူး။ အခြေအနေတစ်ခုကို ရောက်ရှိပြီးနောက်မှာ ဒီထက်ပိုမြင့်တဲ့အခြေအနေကို လိုချင်လာလိမ့်မယ်။

မူ– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။”ဒေသနာ ၅:၁၀

ပုံဖော်ရာ– “သင်ဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာ ဖော်ပြနိုင်မယ်”

“ကိုယ်ဟာ ဘယ်လိုလူဖြစ်တယ် (ဒါမှမဟုတ် ဘယ်လိုလူဖြစ်ချင်တယ်) ဆိုတာကို လူအများစု ဖော်ပြတတ်တဲ့နည်းကတော့ ပိုင်ဆိုင်ရာပစ္စည်းတွေကို အသုံးပြု ဒါမှမဟုတ် ပြသခြင်းအားဖြင့်ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Shiny Objects) က ရှင်းပြတယ်။ အရောင်းမြှင့်တင်ရေးသမားတွေက ဒီအချက်ကို သိကြတယ်။ ဒါကြောင့် ပစ္စည်းတွေ၊ အထူးသဖြင့် ဈေးကြီးတဲ့ပစ္စည်းတွေကို သတ်သတ်မှတ်မှတ် ဘဝပုံစံ၊ စံနှုန်းတွေနဲ့ ယှဉ်တွဲဖော်ပြတတ်ကြတယ်။

သင့်ကိုယ်သင် ဘယ်လိုမြင်ပါသလဲ။ တခြားသူတွေ သင့်ကို ဘယ်လိုမြင်စေချင်သလဲ။ စတိုင်ကျကျ နေတတ်သူအဖြစ်လား။ ပေါ့ပေါ့ပါးပါး ရှိသူအဖြစ်လား။ ဒီတံဆိပ်ကိုသာ ဝယ်လိုက်၊ သင့်ဆန္ဒအတိုင်း ဖြစ်လာလိမ့်မယ်ဆိုပြီး ကြော်ငြာတွေက ပုံဖော်တတ်ကြတယ်။

လက်တွေ့အခြေအနေ–

ကျွန်ုပ်တို့ အမှန်တကယ် ဘယ်လိုလူဖြစ်တယ်ဆိုတာကို ဘယ်ပစ္စည်းကမှ မပြောင်းလဲနိုင်သလို ရိုးသားမှု၊ သမာဓိရှိမှု စတဲ့ နှစ်သက်ဖွယ်အရည်အသွေးတွေကိုလည်း ဘယ်ပစ္စည်းကမှ မပေးနိုင်ပါဘူး။

မူ– ‘သင်တို့၏ဆင်ယင်မှုသည် ရွှေဆင်ခြင်း၊ အဝတ်အစားဝတ်ခြင်း မဖြစ်စေနှင့်။ သို့အစား စိတ်နှလုံး၏အတွင်းလူကို တန်ဆာဆင်ကြလော့။’၁ ပေတရု ၃:၃၊ ၄