အဂါမာ ပုတ်သင်ညိုက ပြင်ညီမျက်နှာပြင်ကနေ ဒေါင်လိုက်မျက်နှာပြင်ကို အလွယ်တကူ ခုန်တက်သွားနိုင်တယ်။ ပြင်ညီမျက်နှာပြင်က ချောနေတဲ့အခါ ခြေကုပ်မရပေမဲ့ ဒီအကောင်လေးဟာ နံရံကို ချောချောမောမော ရောက်သွားနိုင်တယ်။ ဘယ်လိုကြောင့်လဲ။ လျှို့ဝှက်ချက်က အဂါမာ ပုတ်သင်ညိုရဲ့ အမြီးမှာရှိတယ်။

သုံးသပ်ကြည့်ပါ– ဒီအကောင်လေးက ကုတ်အားရှိတဲ့မျက်နှာပြင်ကနေ ခုန်တဲ့အခါ ခန္ဓာကိုယ်ကို ငြိမ်အောင်လုပ်လိုက်တယ်၊ အမြီးကို အောက်စိုက်ထားတယ်။ အဲဒါက နံရံပေါ် ကိုယ်ခန္ဓာအနေအထားမှန်မှန်နဲ့ ကပ်သွားစေတယ်။ မျက်နှာပြင်ကချောနေရင်တော့ ခုန်လိုက်တဲ့အခါ ချော်သွားပြီး ပုံစံပျက်သွားတယ်။ ဒါပေမဲ့ လေထဲရှိနေစဉ် အမြီးကိုထောင်မတ်ခြင်းအားဖြင့် သူ့ခေါင်းကို ပြန်မတ်လိုက်တယ်။ အမြီးကို ထောင်ချင်သလိုထောင်တာမဟုတ်ဘဲ လိုအပ်တဲ့အတိုင်း တိတိကျကျထောင်မတ်ခြင်းဖြစ်တယ်။ “ပုတ်သင်ညိုက သူ့ရဲ့အမြီးကို လိုအပ်သလိုချိန်ဆထောင်မတ်ခြင်းအားဖြင့် သူလိုချင်တဲ့ကိုယ်ခန္ဓာအနေအထားရအောင် လုပ်သွားတယ်” လို့ ဘာကလေမြို့မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ ပြင်ညီမျက်နှာပြင်က ပိုပြီးချောလေလေ အမြီးကို ပိုပြီးမြှောက်ရလေလေဖြစ်တယ်။ အဲဒါမှ နံရံပေါ်ကို ခြေထောက်နဲ့ကျနိုင်မှာဖြစ်တယ်။

အဂါမာပုတ်သင်ညိုအမြီးကိုကြည့်ပြီး အင်ဂျင်နီယာတွေက ဘယ်လိုနယ်မြေမှာပဲဖြစ်ဖြစ် အလွယ်တကူလဲကျသွားခြင်းမရှိဘဲ ပိုပြီးလွယ်လွယ်ကူကူသွားလာနိုင်တဲ့ စက်ရုပ်တွေကို တီထွင်ကြတယ်။ အဲဒီစက်ရုပ်တွေက ငလျင်ဘေး၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့သူတွေကို ရှာတဲ့နေရာမှာ သုံးဖို့ဖြစ်တယ်။ “စက်ရုပ်တွေဟာ တိရစ္ဆာန်တွေလောက် စွမ်းဆောင်နိုင်မှာမဟုတ်ပေမဲ့ အဲဒီစက်ရုပ်ကို အလွယ်တကူမလဲအောင်လုပ်နိုင်တာမှန်သမျှက တိုးတက်မှုတစ်ခုပဲ” လို့ သုတေသီ သောမတ် လစ်ဘီ ကပြောတယ်။

သင်ဘယ်လိုထင်ပါသလဲ။ အဂါမာပုတ်သင်ညိုရဲ့အမြီးက သူ့အလိုလိုဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျပုံစံရေးဆွဲခံထားရတာလား။