ငှက်တစ်အုပ် ပျံသန်းသွားတဲ့အခါ ကောင်းကင်မှာ အရောင်အသွေးမျိုးစုံ ဖြာထွက်သွားတယ်။ ဒီထူးဆန်းတဲ့မြင်ကွင်းကို ၁၅ ရာစုနှောင်းပိုင်းတုန်းက ဗဟိုနဲ့ တောင်အမေရိကကို ဥရောပက စူးစမ်းလေ့လာသူတွေ စရောက်ချိန်မှာ တွေ့ခဲ့ကြတာဖြစ်တယ်။ သူတို့တွေ့လိုက်ရတဲ့ငှက်တွေက ကြက်တူရွေးမျိုးဝင် အမြီးရှည်ရှည် ကြက်တောတွေဖြစ်တယ်။ အဲဒီငှက်တွေကို အမေရိကတိုက်ရဲ့ အပူပိုင်းဒေသတွေမှာ တွေ့နိုင်တယ်။ လောလောလတ်လတ်တွေ့ရှိလိုက်ရတဲ့ သုခဘုံရဲ့ အမှတ်အသားအဖြစ် မြေပုံတွေမှာ ဒီငှက်ပုံတွေကို ဖော်ပြခဲ့ကြတယ်။

ကြက်တော အထီးနဲ့ အမတွေဟာ အရောင်သွေးစုံလင်တယ်။ ဒီငှက်မျိုးဟာ အရောင်သွေးလှပတဲ့ တခြားငှက်တွေအလယ်မှာ ထူးခြားထင်ရှားတယ်။ ကြက်တောတွေဟာ ဉာဏ်ကောင်းတယ်၊ အုပ်စုလိုက်နေပြီး ကျယ်လောင်စူးရှစွာ အော်တတ်ကြတယ်။ ငှက်တစ်အုပ်မှာ အကောင် ၃၀ လောက် ရှိတတ်တယ်။ မနက်စောစော အသိုက်ကနေထွက်ပြီး အစေ့အဆန်၊ အသီးအနှံတွေ ရှာကြတယ်။ ကြက်တောတွေဟာ သူတို့ရဲ့ ခြေသည်းကြီးတွေနဲ့ အစာကို ကုပ်ထားပြီး ကောက်နေတဲ့ နှုတ်သီးကြီးတွေနဲ့ စားကြတယ်။ အခွံမာတဲ့အသီးတွေကိုတောင် နှုတ်သီးကြီးတွေနဲ့ ခွာနိုင်တယ်။ အစာစားပြီးနောက် သူတို့အုပ်စုဟာ ကျောက်ဆောင်၊ မြစ်ကမ်းပါးတွေဆီ ပျံသန်းပြီး ရွှံ့တွေကို စားကြတယ်။ အဲဒီလိုစားတာက လိုအပ်တဲ့ဓာတုဒြပ်စင်တွေကို ရရှိစေသလို အစာအဆိပ်ကိုလည်း ချေဖျက်ပေးတယ်။

‘ဘုရားက အရာအားလုံးကို တင့်တယ်လှပစွာ လုပ်ထားတယ်။’—ဒေသနာ ၃:၁၁ကဘ။

 ကြက်တောအထီးတွေဟာ ကြက်တောမတစ်ကောင်နဲ့ပဲ ရာသက်ပန်ပေါင်းဖက်ပြီး သားပေါက်တွေကိုလည်း အတူတူ ကြည့်ရှုစောင့်ရှောက်ကြတယ်။ မျိုးစိတ်အမျိုးမျိုးရှိပြီး သစ်ခေါင်းတွေ၊ ကျောက်ဆောင်တွေ၊ ခြတောင်ပို့တွေ၊ လိုဏ်ဂူတွေမှာ အသိုက်လုပ်ကြတယ်။ အထီးအမ တစ်ကောင်နဲ့တစ်ကောင် အမွေးအတောင်တွေ ရှင်းပေးနေတတ်ကြတယ်။ သားပေါက်တွေဟာ အသက် ၆ လမှာ အရွယ်ရောက်လာပေမဲ့ မိဘတွေနဲ့အတူ သုံးနှစ်လောက် နေကြတယ်။ တောနက်တွေမှာနေတဲ့ ကြက်တောတွေဟာ အနှစ် ၃၀၊ ၄၀ လောက် အသက်ရှင်ပြီး အိမ်မွေးကြက်တောတချို့ကတော့ အနှစ် ၆၀ ကျော် အသက်ရှင်ကြတယ်။ ကြက်တော အမျိုးပေါင်း ၁၈ မျိုးလောက်ရှိတယ်။ တချို့ကို ဒီမှာဖော်ပြထားပါတယ်။

တောင်ပံအစိမ်းနဲ့ ကြက်တော။ အနီနဲ့ အစိမ်းစပ် ကြက်တောလို့လည်း ခေါ်တယ်။ အရှည် ၃၇ လက်မ

ကြက်သွေးရောင် ကြက်တော။ အရှည်– ၃၃ လက်မ

အပြာရောင် ကြက်တော။ အရှည် ၃၉ လက်မ။ အကြီးဆုံးကြက်တောဖြစ်ပြီး အလေးချိန် ၃ ပေါင်ကျော်ရှိတယ်။