ဒီမှာရပ်နေတာက ပေတရု။ သူ့နောက်မှာ သူငယ်ချင်းတွေလည်းပါတယ်။ ဒါပေမဲ့ ဒီလူက ပေတရုကိုဘာဖြစ်လို့ဦးချနေရတာလဲ။ သူဒီလိုလုပ်ဖို့ ကောင်းသလား။ သူဘယ်သူလဲ သိလား။

သူဟာ ကော်နေလိတဲ့။ ရောမတပ်မှူးတစ်ယောက်ပေါ့။ ကော်နေလိဟာ ပေတရုကိုမသိဘူး။ ဒါပေမဲ့ သူ့ကိုအိမ်ထဲခေါ်ဖို့ တစ်ယောက်ယောက်ကမှာထားတယ်။ ဘယ်လိုကဘယ်လိုဖြစ်လာသလဲဆိုတာ ကြည့်ရအောင်။

ယေရှုရဲ့ ပထမနောက်လိုက်တွေဟာ ဂျူးတွေ။ ကော်နေလိကျတော့ ဂျူးတစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုချစ်တယ်၊ ဆုတောင်းတယ်၊ လူတွေကိုလည်း အမျိုးမျိုးအကျိုးပြုတယ်။ တစ်နေ့ နေ့လယ်ကျတော့ ကောင်းကင်တမန်တစ်ပါး သူ့ရှေ့ပေါ်လာပြီး ‘ဘုရားသခင် ခင်ဗျားကိုကောင်းချီးပေးချင်တယ်။ ခင်ဗျားတောင်းတဲ့ ဆုကိုလည်းပြည့်စေမယ်။ လူလွှတ်ပြီး ပေတရုဆိုတဲ့လူတစ်ယောက်ကို ခေါ်ခိုင်းပါ။ သူ ယုပ္ပေမြို့ ပင်လယ်ကမ်းနားက ရှိမုန်ဆိုတဲ့လူရဲ့အိမ်မှာနေတယ်’ ဆိုပြီးပြောတယ်။

ကော်နေလိလည်း ချက်ချင်းလူတချို့လွှတ်ပြီး ပေတရုကိုသွားရှာခိုင်းတယ်။ နောက်တစ်နေ့မှာ သွားခေါ်တဲ့လူတွေ ယုပ္ပေမြို့နားကိုရောက်ကြတဲ့အခါ ပေတရုကရှိမုန်ရဲ့ အိမ်ခေါင်မိုးပြန့်ပေါ်မှာရောက်နေတယ်။ အဲဒီမှာ ဘုရားသခင်က ကောင်းကင်ကအဝတ်စကြီးတစ်ခုကျဆင်းလာသလို ပေတရုထင်ရအောင်ဖန်တီးလိုက်တယ်။ အဲဒီအဝတ်ကြီးထဲမှာလည်း တိရစ္ဆာန်တွေအမျိုးမျိုးပါတယ်။ ဘုရားသခင်ရဲ့ပညတ်တော်အရ အဲဒီတိရစ္ဆာန်တွေဟာ မသန့်ရှင်းဘူး၊ မစားသင့်ဘူး။ ဒါပေမဲ့ အသံတစ်ခုက ‘ပေတရု၊ ထပြီးသတ်စားပါ’ ဆိုပြီးသူ့ကိုပြောတယ်။

ပေတရုက ‘မဖြစ်ပါဘူး’ ဆိုပြီးပြန်ပြောတယ်။ မသန့်ရှင်းတဲ့အရာကို ကျွန်တော်တစ်ခါမှမစားဖူးဘူး’ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ အသံကပေတရုကိုပြောတယ်။ ‘ဘုရားသခင်က သန့်ရှင်းတယ်ဆိုတဲ့အရာကို မသန့်ရှင်းဘူးဆိုပြီး မပြောပါနဲ့’ ဆိုပြီးပြောတယ်။ အဲဒီလိုသုံးခါဖြစ်တယ်။ ပေတရုကဒါဟာ ဘာသဘောပါလိမ့်ဆိုပြီး တွေးနေတဲ့အချိန်မှာ ကော်နေလိလွှတ်လိုက်တဲ့လူတွေ သူ့အိမ်ကိုရောက်လာပြီး သူရှိသလားဆိုပြီးမေးတယ်။

ပေတရုက အောက်ထပ်ကိုဆင်းပြီး ‘ခင်ဗျားတို့ရှာနေတဲ့လူဟာ ကျွန်တော်ပဲ။ ဘာအတွက်လာကြသလဲ’ ဆိုပြီးမေးတယ်။ အဲဒီလူတွေက ကော်နေလိဆီကောင်းကင်တမန်တစ်ပါးလာပြီး ပေတရုကိုအိမ်လာဖို့သွားခေါ်ပါ ဆိုပြီးပြောတဲ့အကြောင်းပြန်ပြောတော့ ပေတရုက လိုက်မယ်လို့သဘောတူလိုက်တယ်။ နောက်တစ်ရက်မှာ ပေတရုနဲ့သူ့မိတ်ဆွေတွေ ကဲသရိမြို့မှာရှိတဲ့ ကော်နေလိဆီကိုထွက်ခွာသွားကြတယ်။

ကော်နေလိဟာ သူ့ဆွေမျိုးတွေ ရင်းနှီးတဲ့သူငယ်ချင်းတွေကိုစုထားတယ်။ ပေတရုရောက်လာတဲ့အခါ သူ ခရီးဦးကြိုတယ်။ ပေတရုခြေရှေ့ ဝပ်ပြီးဦးချတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ပေတရုက ‘ငါကိုယ်တိုင်လူဖြစ်တယ်၊ ထပါ’ ဆိုပြီးပြောလိုက်တယ်။ ဟုတ်တယ်၊ လူတစ်ယောက်ကိုဦးမချရဘူးလို့ ကျမ်းစာကဆိုတယ်။ ယေဟောဝါကိုပဲ ဝတ်ပြုရမယ်။

ဒါနဲ့ ပေတရုကစုနေတဲ့လူတွေကို ဟောပြောတယ်။ ‘ဘုရားသခင်ဟာ သူ့ကိုဝတ်ပြုချင်တဲ့လူအားလုံးကို လက်ခံတယ်’ ဆိုပြီးပြောတယ်။ သူစကားပြောနေတဲ့ အခါမှာပဲ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်လွှတ်လိုက်တော့ လူတွေက ဘာသာစကားအမျိုးမျိုးနဲ့ စကားပြောကြပါလေရော။ ပေတရုနဲ့လိုက်လာတဲ့ ဂျူးတပည့်တော်တွေ ဒါကိုတွေ့ပြီး သိပ်အံ့အားသင့်သွားကြတယ်။ ဂျူးတွေကိုပဲ ဘုရားသခင်ကြိုက်တယ်လို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့် ဘုရားသခင်ဟာ လူတစ်မျိုးကိုကျန်တစ်မျိုးထက် မြတ်တယ်ဆိုပြီး မယူဆတဲ့အကြောင်း သူတို့သင်ခန်းစာရသွားတယ်။ တို့ ဒီအချက်ကို မှတ်ထားဖို့မကောင်းဘူးလား။