မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း​နဲ့​ပတ်သက်ပြီး ကျမ်းစာ ဘာ​ပြောသလဲ

ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း​နဲ့​ပတ်သက်ပြီး ကျမ်းစာ ဘာ​ပြောသလဲ

ကျမ်းစာ​အဖြေ

အတိုင်းအတာ​တစ်ခု​အထိ ကိုယ့်ကိုယ်ကိုယ် ချစ်​သင့်​သလို ချစ်​ဖို့​လည်း လိုအပ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား​လေးစားခြင်း​တို့ ပါဝင်တယ်။ (မဿဲ ၁၀:၃၁) ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း​ဟာ သူ့​နေရာ​နဲ့​သူ ရှိ​ရမှာ မှန်ပေမဲ့ တစ်ကိုယ်ကောင်းဆန်​တာ​ကို​တော့ ကျမ်းစာက အကောင်း​မပြောဘူး။

ဘယ်သူ့ကို အရင်​ဦးဆုံး ချစ်​ရမလဲ။

  1. ဘုရားသခင်ကို အရင်​ဦးဆုံး ချစ်​ရမယ်။ “ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှ ... နဲ့ ချစ်ပါ” ဆိုတဲ့​ပညတ်ဟာ အရေးကြီးဆုံးပဲလို့ ကျမ်းစာ သွန်သင်တယ်။​—မာကု ၁၂:၂၈-၃၀။ တရားဟောရာ ၆:၅

  2. ဒုတိယ​ကတော့ “လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ” ဆိုတဲ့​ပညတ်ပဲ။​—မာကု ၁၂:၃၁။ ဝတ်ပြုရာ ၁၉:၁၈

  3. ကိုယ့်ကိုယ်ကိုယ် ချစ်ပါ​လို့ ကျမ်းစာ အတိအကျ မဖော်ပြပေမဲ့ “လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ” ဆိုတဲ့​ပညတ်​က ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း၊ လေးစားမှု​ရှိ​ခြင်း အတော်အသင့် ရှိ​သင့်​ရှိ​ထိုက်​ကြောင်း၊ အကျိုးပြု​ကြောင်း ဖော်ပြတယ်။

ယေရှု ဘယ်သူ့ကို ဦးဆုံး ချစ်​ခဲ့သလဲ။

ဘုရားသခင်၊ လူ​လူ​ချင်း၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ချစ်​နိုင်ပုံကို ယေရှု ဖော်ပြတဲ့​အပြင် သူ့​စံနမူနာကို လိုက်​ဖို့ တပည့်တွေကို မှာကြား​ခဲ့တယ်။​—ယောဟန် ၁၃:၃၄၊ ၃၅

  1. ယေဟောဝါ​ဘုရားကို အရင်​ဦးဆုံး ချစ်တဲ့​အတွက် ဘုရား​ခိုင်းတဲ့​အလုပ် ပြီးမြောက်​ဖို့ ဘဝကို မြှုပ်နှံထား​တယ်။ “ကျွန်တော် အဖ​ဘုရားကို ချစ်တယ်​ဆိုတာ ဒီ​လောက​သိအောင် အဖဘုရား မိန့်မှာ​တဲ့​အတိုင်း လုပ်တယ်” လို့​ပြောခဲ့တယ်။​—ယောဟန် ၁၄:၃၁

  2. ယေရှု​က လူလူချင်းကိုလည်း ချစ်တယ်။ ဒါကြောင့် ကိုယ့်​အသက်ကို ပေးတဲ့​အထိ သူတစ်ပါး လိုအပ်ရာကို ဖြည့်ဆည်း​ပေးခဲ့တယ်။​—မဿဲ ၂၀:၂၈

  3. ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့​အတွက် အနားယူဖို့၊ အစာ​စားဖို့ အချိန်​ပေးတယ်။ တပည့်​နောက်လိုက် ဖြစ်လာမယ့်​သူတွေနဲ့​အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်​ခဲ့တယ်။​—မာကု ၆:၃၁၊ ၃၂။ လုကာ ၅:၂၉။ ယောဟန် ၂:၁၊ ၂။ ၁၂:၂

ကိုယ့်ကိုယ်ကိုယ်​ထက် သူတစ်ပါးကို ပို​ချစ်​ရင် ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့​သွား​မလား။

လျော့​မသွား​ပါဘူး။ ကျွန်တော်တို့ဟာ ဘုရားရဲ့ ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ခံ​ထား​ရလို့ပါ။ ကိုယ်ကျိုးစွန့်​မေတ္တာ​ဆိုတာ ဘုရားရဲ့ အဓိက​အရည်အသွေး ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၇။ ၁ ယောဟန် ၄:၈) အချင်းချင်း​ကို ချစ်​ဖို့ ကျွန်တော်တို့ကို ပုံစံပြုထား​တယ်​ဆိုတဲ့ သဘော​ပဲ။ ကိုယ့်ကိုယ်ကိုယ် အတော်အသင့် ချစ်​ရမှာ မှန်ပေမဲ့ အရာရာ​ထက် ဘုရားကို ပို​ချစ်​ပြီး သူတစ်ပါးကို ကောင်းမှုပြု​တဲ့အခါ ပို​ပျော်ရွှင်​ကြတယ်။ ‘ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေတယ်’ ဆိုတဲ့ ကျမ်း​စကားအတိုင်း​ပါပဲ။​—တမန်တော် ၂၀:၃၅

ငါ​သာ​ပဓာန စိတ်ထား​ရှိရင် ပျော်​နိုင်တယ်လို့ ဒီနေ့ လူ​အတော်များများ ပြော​ကြတယ်။ ‘လူ​လူ​ချင်း ချစ်’ မယ့်​အစား ‘ကိုယ့်ကိုယ်ကိုယ် ချစ်’ နေကြတယ်။ ဒါပေမဲ့ “လူတိုင်း ကိုယ့်​အကျိုးကို မ​ရှာ​ဘဲ သူတစ်ပါး​အကျိုးကို ရှာကြပါ” ဆိုတဲ့ ကျမ်း​စကားကို လိုက်နာသူ​တွေဟာ ပိုပြီး ကျန်းမာ​ရွှင်လန်း​ကြတာကို အတွေ့အကြုံ​တွေ​က ဖော်ပြတယ်။​— ၁ ကောရိန္သု ၁၀:၂၄