မာတိကာဆီ ကျော်သွား

“အသက်စာစောင်” ထဲမှာ ဘယ်သူတွေ​ရဲ့ နာမည်ကို ရေးထားသလဲ

“အသက်စာစောင်” ထဲမှာ ဘယ်သူတွေ​ရဲ့ နာမည်ကို ရေးထားသလဲ

သမ္မာကျမ်းစာ​ဖြေဆို​ရာ

“အသက်စာစောင်” ကို “အသက်​စာလိပ်” ဒါမှမဟုတ် “အောက်မေ့​ရာ​စာအုပ်” လို့​လည်း​ခေါ်ထား​ပြီး အဲဒီ​စာစောင်​ထဲမှာ ထာဝရ​အသက်ဆု​ရမယ့် လူတွေရဲ့ နာမည်ကို ရေးထားတယ်။ (ဗျာဒိတ် ၃:၅; ၂၀:၁၂; မာလခိ ၃:၁၆က​ဘ) ဘုရားသခင်ဟာ မိမိ​အပေါ် သစ္စာရှိ​ခြင်း၊ နာခံမှု​ရှိ​ခြင်း​ဆိုတဲ့ အချက်​ပေါ် အခြေခံပြီး ဒီ​နာမည်​စာရင်း​တွေကို ထည့်သွင်း​မှာ​ဖြစ်တယ်။​—ယောဟန် ၃:၁၆; ၁ ယောဟန် ၅:၃

ဘုရားသခင်ဟာ လူသားတွေရဲ့ “လောက​တည်​ချိန်” က​စပြီး သစ္စာရှိ​ကျေးကျွန်တွေရဲ့ နာမည်​တွေကို စာစောင်​တစ်စောင်​ထဲမှာ ရေးမှတ်​ထား​သလို​မျိုး ကိုယ်တော့် မှတ်ဉာဏ်​ထဲမှာ မှတ်သား​ထားတယ်။ (ဗျာဒိတ် ၁၇:၈) အသက်စာစောင်​ထဲမှာ ပထမဆုံး မှတ်တမ်းတင်​ခံရသူ​ကတော့ သစ္စာ​ရှိသူ အာဗေလရဲ့​နာမည် ဖြစ်နိုင်တယ်။ (ဟေဗြဲ ၁၁:၄) ဒီ​အသက်စာစောင်​က နာမည်​စာရင်း​တစ်ခုလောက်​သာ​မဟုတ်ဘဲ ယေဟောဝါဘုရားက “မိမိ၏​လူ​တို့ကို သိကျွမ်း” တဲ့ မေတ္တာရှင်​ဘုရားသခင် ဖြစ်တယ်ဆိုတာကို ဖော်ပြ​နေပါတယ်။​—၂ တိမောသေ ၂:၁၇; ၁ ယောဟန် ၄:၈

“အသက်စာစောင်” မှာ ရေးမှတ်​ထားတဲ့ နာမည်တွေက ပယ်ဖျက်​ခံရနိုင်​သလား

ပယ်ဖျက်​ခံရနိုင်​ပါတယ်။ နာခံမှု​မရှိတဲ့ ရှေးခေတ် အစ္စရေး​လူမျိုးကို ဘုရားသခင် ဒီလို​မိန့်ဆိုခဲ့တယ်– “အကြင်သူသည် ငါ့ကို ပြစ်မှား​၏။ ထို​သူ၏ နာမကို ငါ့​စာရင်း​၌ ငါ​ချေ​မည်။” (ထွက်မြောက်ရာ ၃၂:၃၃) ကျွန်ုပ်တို့​က ဆက်ပြီး​သစ္စာ​ရှိမယ်​ဆိုရင်တော့ “အသက်​စာလိပ်” မှာ ကျွန်ုပ်တို့​နာမည် ဆက်ရှိ​နေမှာ​ဖြစ်တယ်။​—ဗျာဒိတ် ၂၀:၁၂