မာတိကာဆီ ကျော်သွား

အန္တိခရစ်​ဆိုတာ ဘယ်သူ​လဲ

အန္တိခရစ်​ဆိုတာ ဘယ်သူ​လဲ

ကျမ်းစာ​အဖြေ

ဂရိ​စကားလုံး ဖြစ်တဲ့ “အန္တိခရစ်” ဆိုတာ “ခရစ်တော်ကို ဆန့်ကျင်သူ (ဒါမှမဟုတ် အစားထိုး​သူ)” လို့ အဓိပ္ပာယ်​ရတယ်။ ကျမ်းစာထဲမှာ “ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်) များစွာ” ရှိတယ်လို့ ဖော်ပြ​ထားတဲ့​အတွက် လူတစ်ယောက်၊ အဖွဲ့အစည်း​တစ်ခုလောက်​ပဲ မဟုတ်ပါဘူး။ (၁ ယောဟန် ၂:၁၈) အောက်မှာ ဖော်ပြ​ထားတဲ့​သူတွေကိုလည်း အန္တိခရစ်​လို့ ခေါ်တယ်–

  • ယေရှုကို ခရစ်တော် (ဟေဗြဲ ဘာသာစကားနဲ့ မေရှိယ) အဖြစ်၊ ဘုရားရဲ့​သားတော်အဖြစ် ငြင်းပယ်​သူများ။​—၁ ယောဟန် ၂:၂၂

  • ယေရှုကို ဘုရားသခင် ဘိသိက်​ပေးထား​သူ​အဖြစ် လက်မခံသူ​များ။—ဆာလံ ၂:၁၊ ၂; လုကာ ၁၁:၂၃

  • ခရစ်တော်​ဖြစ်ယောင်ဆောင်​သူများ။—မဿဲ ၂၄:၂၄

  • ယေရှုရဲ့ နောက်လိုက်​တွေကို ညှဉ်းပန်း​နှိပ်စက်​သူများ၊ အကြောင်း​က နောက်လိုက်​တွေကို ညှဉ်းပန်း​နှိပ်စက်တာ​က မိမိကို နှိပ်စက်တာ​လို့ ယေရှု သဘောထား​လို့ ဖြစ်တယ်။—တမန်တော် ၉:၅

  • မတရားမှုတွေ၊ လှည့်ဖြားမှု​တွေ လုပ်​နေရင်း တစ်ဖက်​မှာ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်​ပါလို့ မဟုတ်မမှန် ပြော​နေ​သူများ။—မဿဲ ၇:၂၂၊ ၂၃; ၂ ကောရိန္သု ၁၁:၁၃

အဲဒီ​လုပ်ရပ်တွေကို လုပ်နေတဲ့ ဘယ်သူ့ကိုမဆို အန္တိခရစ်​လို့ ခေါ်တဲ့​အပြင် သူတို့ကို ခြုံငုံ​ပြီးတော့ “ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်)” လို့​လည်း ကျမ်းစာထဲမှာ ဖော်ပြ​ထားပါ​တယ်။ (၂ ယောဟန် ၇) တမန်တော်တွေ အချိန်​ကတည်းက အန္တိခရစ်​ဆိုတာ ပထမဦးဆုံး ပေါ်လာ​ခဲ့​ပြီး အခုထက်ထိ ရှိနေ​ဦး​မယ်​ဆိုတာ ကျမ်းစာထဲမှာ ကြိုပြော​ထားပါ​တယ်။—၁ ယောဟန် ၄:၃

အန္တိခရစ်​မှန်း ဘယ်လို ခွဲခြားသိနိုင်​မလဲ

  • အန္တိခရစ်​တွေဟာ ယေရှု​အကြောင်းကို အမှန်အတိုင်း မသွန်သင်​ကြဘူး။ (မဿဲ ၂၄:၉၊ ၁၁) ဥပမာ၊ သုံးပါး​ပေါင်း​တစ်ဆူ အယူဝါဒနဲ့ ယေရှုဟာ ဘုရားသခင် ဖြစ်တယ်လို့ သွန်သင်​ပေးနေတဲ့​သူတွေက “ခမည်းတော်သည် ငါ့​ထက် သာ၍ ကြီးမြတ်” တယ်လို့ ယေရှု ပြောခဲ့တဲ့ စကားကို ဆန့်ကျင်​နေတာ ဖြစ်တယ်။—ယောဟန် ၁၄:၂၈

  • အန္တိခရစ်​တွေဟာ ဘုရားသခင့်​နိုင်ငံတော် လုပ်ဆောင်ပုံ​အကြောင်း ယေရှု ပြောခဲ့တဲ့ အချက်တွေကို ငြင်းပယ်​ကြတယ်။ ဥပမာ၊ ဘာသာရေး ခေါင်းဆောင်​တချို့က ယေရှုဟာ လူ့​အစိုးရတွေကို အသုံးပြုပြီး အုပ်ချုပ်မယ်လို့ ပြော​ကြတယ်။ သူတို့ရဲ့​ပြောဆိုချက်​တွေ​က “ငါ၏ နိုင်ငံသည် ဤ​လောက​နှင့် မသက်ဆိုင်” ဘူးလို့ ယေရှု ပြောခဲ့တဲ့ စကားနဲ့ လုံးဝ ဆန့်ကျင်​နေပါတယ်။—ယောဟန် ၁၈:၃၆

  • အန္တိခရစ်​တွေဟာ ယေရှုကို သူတို့ရဲ့​သခင်​ပါလို့ ပြော​နေပေမဲ့ ကိုယ်တော်ရဲ့​မိန့်မှာချက်​တွေကို မလိုက်နာ​ကြဘူး။ အဲဒီ​အထဲမှာ နိုင်ငံတော်​အကြောင်း လူတွေကို ဟောပါ​ဆိုတဲ့ မိန့်မှာချက်​လည်း ပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀; လုကာ ၆:၄၆; တမန်တော် ၁၀:၄၂