မာတိကာဆီ ကျော်သွား

မူလ​အပြစ်​ဆိုတာ ဘာလဲ

မူလ​အပြစ်​ဆိုတာ ဘာလဲ

ကျမ်းစာ အဖြေ

အာဒံနဲ့ ဧဝဟာ အပြစ်​ကျူးလွန်တဲ့ ပထမဆုံး လူသားတွေ ဖြစ်တယ်။ “အကောင်းအဆိုး သိကျွမ်းရာ​အပင်” ရဲ့ အသီးကို စား​လိုက်တဲ့​အချိန်မှာ မူလ​အပြစ်​လို့ လူအများ ခေါ်ဆိုတဲ့ အပြစ်ကို သူတို့ ကျူးလွန်​ခဲ့​ကြတယ်။ * (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၆။ ရောမ ၅:၁၉) လူသားတွေ​အတွက် အမှား၊ အမှန်​ကို ဘုရားသခင် ဆုံးဖြတ်​ပိုင်ခွင့် ရှိကြောင်း သတိရ​စေတဲ့ အဲဒီ​အပင်ရဲ့ အသီးကို အာဒံနဲ့ ဧဝ စား​ပိုင်ခွင့် မရှိဘူး။ အာဒံနဲ့ ဧဝဟာ အပင်ရဲ့ အသီးကို စား​လိုက်ခြင်း​အားဖြင့် အမှားအမှန်​ကို မိမိတို့​ဘာသာ ဆုံးဖြတ်ဖို့ ရွေးချယ်​လိုက်ကြတယ်။ အဲဒီလိုလုပ်တာက ဘုရားသခင်ရဲ့ အမှားအမှန် ဆုံးဖြတ်​ပေးပိုင်ခွင့်​ကို ငြင်းပယ်​လိုက်ခြင်း ဖြစ်တယ်။

 “မူလ​အပြစ်” က အာဒံနဲ့ ဧဝကို ဘယ်လို ထိခိုက်​ခဲ့သလဲ

အာဒံနဲ့ ဧဝဟာ အပြစ်​ကျူးလွန်​ခဲ့လို့ အိုမင်း​ပြီး နောက်ဆုံး သေသွား​ကြတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး၊ ဒေါင်ဒေါင်မြည် ကျန်းမာရေး​နဲ့ ထာဝစဉ် အသက်ရှင်ခွင့် စ​တာတွေကို ဆုံးရှုံး​ခဲ့​ရတယ်။—ကမ္ဘာဦး ၃:၁၉

 “မူလ​အပြစ်” က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်​သလဲ

အာဒံနဲ့ ဧဝဟာ အပြစ်သား​ဘဝကို သားစဉ်မြေးဆက်​ဆီ လက်ဆင့်ကမ်း​ပေးလိုက်​ကြတယ်။ ဒါက မိဘတွေဆီက မျိုးရိုး​ဗီဇ ချို့ယွင်းချက်​ကို လက်ဆင့်ကမ်း​ပေးတာ​နဲ့ တူတယ်။ (ရောမ ၅:၁၂) အဲဒါကြောင့် လူ​အားလုံးဟာ မွေး​ကတည်းက “အပြစ်” * ပါ​လာကြတယ်။ ဆိုလိုတာ​က လူတွေဟာ အပြစ်သား​အနေနဲ့ မွေးလာ​ကြတယ်၊ အပြစ်​လုပ်ဖို့ လွယ်​ကြတယ်။—ဆာလံ ၅၁:၅။ ဧဖက် ၂:၃

အပြစ်ကို အမွေခံ​ခဲ့​ရလို့ ကျွန်တော်တို့ ဖျားနာ​ကြ၊ အိုမင်း​ပြီး သေကြ​ရတယ်။ (ရောမ ၆:၂၃) ကိုယ်တိုင်ရဲ့ အမှားတွေ​နဲ့ တခြား​သူတွေရဲ့ အမှား​အကျိုးဆက်​တွေကို​လည်း ခံစား​ကြရတယ်။—ဒေသနာ ၈:၉။ ယာကုပ် ၃:၂

 “မူလ​အပြစ်” ရဲ့ ဆိုးကျိုး​တွေ​ကနေ လွတ်မြောက်​နိုင်သလား

လွတ်မြောက်​နိုင်ပါတယ်။ ယေရှုဟာ “ကျွန်တော်တို့ရဲ့ အပြစ်​အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာ​အဖြစ်” အသေ​ခံခဲ့တယ်​လို့ ကျမ်းစာမှာ ပြော​ထားတယ်။ (၁ ယောဟန် ၄:၁၀) ယေရှုရဲ့ ပူဇော်သက္ကာ​က အမွေခံ​ခဲ့​ရတဲ့ ဆိုးကျိုး​တွေ​ကနေ လွတ်မြောက်​စေနိုင်တယ်။ အာဒံနဲ့ ဧဝ ဆုံးရှုံး​ခဲ့​တဲ့ ဒေါင်ဒေါင်မြည် ကျန်းမာရေး​နဲ့ ထာဝစဉ် အသက်ရှင်ခွင့် အလားအလာကို ပြန်​ရရှိစေ​နိုင်တယ်။—ယောဟန် ၃:၁၆ *

 “မူလ​အပြစ်” နဲ့​ပတ်သက်တဲ့ ယူဆချက်​အမှား​များ

ယူဆချက်​အမှား။ မူလ​အပြစ်​ကြောင့် ကျွန်တော်တို့ ဘုရားနဲ့ ဆက်ဆံရေး​ကောင်း ဘယ်တော့မှ ပြန်​မရနိုင်​တော့​ပါ။

အမှန်တရား။ ဘုရားသခင်က အာဒံနဲ့ ဧဝရဲ့​အပြစ်​ကြောင့် ကျွန်တော်တို့ကို အပြစ်မတင်​ပါဘူး။ ကျွန်တော်တို့ မစုံလင်​ဘူးဆို​တာ ဘုရား နားလည်တယ်။ ကျွန်တော်တို့ လုပ်နိုင်တာ​ထက် ဘုရား ပို​မမျှော်လင့်​ဘူး။ (ဆာလံ ၁၀၃:၁၄) အမွေခံ​ခဲ့​ရတဲ့ အပြစ်​ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်​ကြပေမဲ့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေး ပေးထား​ပါတယ်။—ပညာအလိမ္မာ ၃:၃၂

ယူဆချက်​အမှား။ နှစ်ခြင်းက မူလ​အပြစ်​ကနေ လွတ်မြောက်​စေတယ်။ အဲဒါကြောင့် ကလေးငယ်​တွေ​လည်း နှစ်ခြင်း​ခံဖို့ လိုတယ်။

အမှန်တရား။ ကယ်တင်ခြင်း ရဖို့​အတွက် နှစ်ခြင်း​ခံဖို့ အရေးကြီး​တာ မှန်ပေမဲ့ ယေရှုရဲ့ ပူဇော်သက္ကာ​ကို ယုံကြည်​မှ​သာ အပြစ်​ကနေ သန့်စင်​ခံရမယ်။ (၁ ပေတရု ၃:၂၁။ ၁ ယောဟန် ၁:၇) စစ်မှန်တဲ့ ယုံကြည်ခြင်းက အသိပညာကို အခြေခံ​တာ​ကြောင့် မွေးကင်းစ​ကလေးတွေ ယုံကြည်ခြင်း ရှိဖို့​ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် နို့စို့​ကလေးတွေကို နှစ်ခြင်း​ပေးတာ ကျမ်းစာ မထောက်ခံ​ဘူး။ အဲဒါကို အစောပိုင်း ခရစ်ယာန်​တွေ​ကြားမှာ အထင်အရှား တွေ့မြင်​ရတယ်။ ကလေးတွေ မဟုတ်ဘဲ ဘုရားရဲ့ တရားစကားကို ယုံကြည်တဲ့ ယုံကြည်သူ ‘အမျိုးသား၊ အမျိုးသမီးတွေ’ နှစ်ခြင်းခံခဲ့​ကြတယ်။—တမန်တော် ၂:၄၁။ ၈:၁၂

ယူဆချက်​အမှား။ တားမြစ်​ထားတဲ့ အသီးကို ဧဝ အရင်​စား​လိုက်လို့ အမျိုးသမီးတွေဟာ ဘုရားရဲ့ ကျိန်ခြင်း​ကို ခံကြ​ရတယ်။

အမှန်တရား။ ဘုရားက အမျိုးသမီးတွေကို မ​ကျိန်​ဘဲ “မာရ်နတ် စာတန်​လို့ ခေါ်တဲ့ ရှေး​မြွေ​ဟောင်း” ကို ကျိန်​ခဲ့တယ်။ (ဗျာဒိတ် ၁၂:၉။ ကမ္ဘာဦး ၃:၁၄) အဲဒီအပြင် ဘုရားသခင်ဟာ ဧဝကို မဟုတ်ဘဲ အာဒံ​ကို မူလ​အပြစ်​အတွက် တာဝန်ယူ​စေခဲ့တယ်။—ရောမ ၅:၁၂

အာဒံ​က ဇနီးကို ဩဇာ​လွှမ်းမိုး​လိမ့်မယ်လို့ ဘုရား ဘာကြောင့် ပြောခဲ့​သလဲ။ (ကမ္ဘာဦး ၃:၁၆) အဲဒီလို​ပြောတဲ့​အတွက် ဘုရားက အဲဒီ​အမူအကျင့်ကို လျစ်လျူရှု ခွင့်လွှတ်​တာ မဟုတ်ဘူး။ အပြစ်​ကြောင့် ဖြစ်ပေါ်လာ​မယ့် ဆိုးကျိုး​ကို ကြိုတင်ပြော​နေခြင်း ဖြစ်တယ်။ အမျိုးသားတွေ ဇနီးကို ချစ်​ပြီး ဂုဏ်တင်ဖို့၊ လေးစားဖို့ ဘုရားသခင် မျှော်လင့်တယ်။—ဧဖက် ၅:၂၅။ ၁ ပေတရု ၃:၇

ယူဆချက်​အမှား။ မူလ​အပြစ်​က လိင်ဆက်ဆံခြင်း ဖြစ်တယ်။

အမှန်တရား။ မူလ​အပြစ်​ဆိုတာ လိင်ဆက်ဆံခြင်း မဟုတ်မှန်း အောက်ပါ​အချက်​တွေ​က ဖော်ပြတယ်–

  • အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို မစားဖို့ အာဒံ​ကို ဘုရားသခင် ပညတ်​ပေး​တုန်း​က အာဒံ တစ်ယောက်တည်းပဲ ရှိသေးတယ်။ ဇနီး မရှိသေးဘူး။—ကမ္ဘာဦး ၂:၁၇၊ ၁၈

  • “သားသမီးတွေ အများကြီး မွေး​ကြ” လို့ အာဒံနဲ့ ဧဝကို ဘုရားသခင် ညွှန်ကြားခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဘုရားကိုယ်တိုင် အမိန့်ပေး​ထားတဲ့​အရာ​အတွက် အပြစ်​ပေးတယ်​ဆိုရင် ရက်စက်​ရာ​ကျ​ပါတယ်။

  • အာဒံနဲ့ ဧဝတို့ဟာ သီးခြား​စီ အပြစ်​ကျူးလွန်​ခဲ့​ခြင်း ဖြစ်တယ်။ ဧဝ​က အရင် အပြစ်ပြု​ပြီးနောက်​မှ အာဒံ အပြစ်​ကျူးလွန်ခဲ့တာ ဖြစ်တယ်။—ကမ္ဘာဦး ၃:၆

  • ဇနီးမောင်နှံ လိင်​ဆက်ဆံတာကို ကျမ်းစာ မတားမြစ်​ဘူး။—ပညာအလိမ္မာ ၅:၁၈၊ ၁၉။ ၁ ကောရိန္သု ၇:၃

^ အပိုဒ်၊ 3 ကျမ်းစာမှာ “မူလ​အပြစ်” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ တကယ်တော့ ကျမ်းစာမှာ မှတ်တမ်း​တင်ထားတဲ့ ပထမဆုံး​အပြစ်​က စာတန်ရဲ့ လှည့်စားတဲ့​စကား၊ ဧဝကို ဗြောင်​လိမ်ညာတာ ဖြစ်တယ်။—ကမ္ဘာဦး ၃:၄၊ ၅။ ယောဟန် ၈:၄၄

^ အပိုဒ်၊ 11 ကျမ်းစာမှာ “အပြစ်” ဆိုတဲ့ စကားလုံးက လုပ်ရပ်​ကိုပဲ ပြောတာ မဟုတ်ဘူး။ မစုံလင်မှု၊ လူတွေ အမွေခံ​ခဲ့​ရတဲ့ အပြစ်သား​ဘဝကိုလည်း ဆိုလိုတယ်။

^ အပိုဒ်၊ 14 ယေရှုရဲ့ ပူဇော်သက္ကာ​နဲ့ အဲဒီ​ပူဇော်သက္ကာ​ကနေ အကျိုး​ခံစားရ​နိုင်ပုံ အကြောင်း​တွေကို သိနိုင်ဖို့ “ယေရှု ဘယ်လို ကယ်တင်​သလဲ” ဆောင်းပါးကို ဖတ်ပါ။