မာတိကာဆီ ကျော်သွား

ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ

ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ

ကျမ်းစာအဆို

 ဒံယေလဟာ ဘီစီ ခုနစ်ရာစု၊ ခြောက်ရာစုအတွင်း အသက်ရှင်ခဲ့တဲ့ ထင်ရှားတဲ့ ဂျူးပရောဖက် တစ်ဦးဖြစ်တယ်။ ဘုရားသခင်က ဒံယေလကို အိပ်မက်တွေရဲ့ အနက်အဓိပ္ပာယ် ဖွင့်ပြခဲ့တယ်၊ အနာဂတ်နဲ့ပတ်သက်တဲ့ စိတ်အာရုံတွေ ပေးခဲ့တယ်၊ ပရောဖက် ဒံယေလရဲ့နာမည်နဲ့ ကျမ်းစောင် ရေးသားစေခဲ့တယ်။​—ဒံယေလ ၁:၁၇။ ၂:၁၉

ဒံယေလဆိုတာ ဘယ်သူလဲ

 ဒံယေလဟာ မြို့တော် ဂျေရုဆလင်နဲ့ ဂျူးဗိမာန်တော်တည်ရှိရာ ယုဒပြည်မှာ ကြီးပြင်းလာတယ်။ ဘီစီ ၆၁၇ မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ဂျေရုဆလင်ကို သိမ်းပိုက်ပြီး “အထင်ကရပုဂ္ဂိုလ်တွေ” ကို ဗာဗုလုန်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ (၂ ဘုရင်များ ၂၄:၁၅။ ဒံယေလ ၁:၁) အဲဒီအချိန်တုန်းက ဒံယေလ ဆယ်ကျော်သက်အရွယ် ဖြစ်ပုံရတယ်။

 ဒံယေလနဲ့ (ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ အပါအဝင်) လူငယ်တချို့ကို အစိုးရအလုပ်တွေအတွက် အထူးလေ့ကျင့်ပေးဖို့ ဗာဗုလုန် နန်းတော်ဆီ ခေါ်သွားကြတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်ကို အလျှော့ပေးလိုက်လျောဖို့ ဖိအားပေးခံရပေမဲ့ ဒံယေလနဲ့ သူငယ်ချင်းသုံးယောက်ဟာ ဘုရားယေဟောဝါကို ဆက်သစ္စာရှိခဲ့ကြတယ်။ (ဒံယေလ ၁:​၃-၈) သုံးနှစ်ကြာ လေ့ကျင့်မှု ခံယူပြီးနောက် သူတို့ရဲ့ ဉာဏ်ပညာနဲ့ စွမ်းရည်ဟာ “တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်” လို့ ဘုရင် နေဗုခဒ်နေဇာ ချီးမွမ်းပြီး သူတို့ကို နန်းတော်မှာ အမှုထမ်းစေတယ်။​—ဒံယေလ ၁:​၁၈-၂၀

 ဆယ်စုနှစ်နဲ့ချီ ကြာပြီးနောက် အသက် ၉၀ ကျော် အရွယ်လောက်မှာ ဒံယေလ နန်းတော်ထဲ ဆင့်ခေါ်ခံရတယ်။ အဲဒီအချိန် ဗာဗုလုန်မှာ အုပ်ချုပ်နေတဲ့ ဘုရင် ဗေလရှာဇာက နန်းတော်နံရံပေါ်မှာ လူ့လက်တစ်ဖက် ရုတ်တရက်ပေါ်လာပြီး ရေးခဲ့တဲ့ စာရဲ့ အဓိပ္ပာယ်ကို ပြောပြခိုင်းတယ်။ ဗာဗုလုန်ဟာ မီဒို-ပါးရှား အင်ပါယာလက်ထဲ ကျရောက်သွားမယ်လို့ ယေဟောဝါရဲ့ အကူအညီနဲ့ ဒံယေလ အနက်ပြန်ပေးခဲ့တယ်။ အဲဒီညမှာပဲ ဗာဗုလုန် သိမ်းပိုက်ခံလိုက်ရတယ်။​—ဒံယေလ ၅:​၁၊ ၁၃-၃၁

 အခု မီဒို-ပါးရှား အုပ်ချုပ်မှုအောက်မှာ ဒံယေလဟာ မင်းအရာရှိတစ်ယောက် ဖြစ်လာတယ်။ ဘုရင်ဒါရိက သူ့ကို ထပ်ဆင့်ရာထူးတိုးပေးဖို့ စဉ်းစားထားတယ်။ (ဒံယေလ ၆:​၁-၃) မနာလိုဖြစ်ကြတဲ့ မင်းအရာရှိတွေက ဒံယေလကို ခြင်္သေ့တွင်းထဲ ပစ်ချပြီး ရှင်းပစ်ဖို့ ကြံစည်ခဲ့ပေမဲ့ ယေဟောဝါ သူ့ကို ကယ်တင်လိုက်တယ်။ (ဒံယေလ ၆:​၄-၂၃) ဒံယေလရဲ့ ဇရာအိုကာလမှာ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သူ့ကို “သိပ်တန်ဖိုးထားရတဲ့သူ” ဖြစ်ကြောင်း နှစ်ကြိမ် ပြောခဲ့တယ်။​—ဒံယေလ ၁၀:​၁၁၊ ၁၉

 ဒံယေလ– တစ်သက်တာလုံး ယုံကြည်သူ ကျမ်းစာဇာတ်လမ်း အပိုင်းနှစ်ပိုင်းမှာ အဲဒီအဖြစ်အပျက်တွေအကြောင်း တင်ဆက်ထားတာကို ရှုစားကြည့်ပါ။