မာတိကာဆီ ကျော်သွား

ကမ္ဘာကြီး ပြား​တယ်လို့ သမ္မာကျမ်းစာ သွန်သင်​သလား

ကမ္ဘာကြီး ပြား​တယ်လို့ သမ္မာကျမ်းစာ သွန်သင်​သလား

ကျမ်းစာ​အဖြေ

ကမ္ဘာကြီး ပြား​တယ်လို့ ကျမ်းစာ မသွန်သင်​ပါဘူး။ * ကျမ်းစာဟာ သိပ္ပံ​ပြဋ္ဌာန်း​စာအုပ် မဟုတ်ပေမဲ့ သိပ္ပံ​ပညာနဲ့ မဆန့်ကျင်​ဘူး။ ကျမ်းစာ​အဆို​တွေကို “ခု​ရော၊ နောင်​ရော အမြဲ စိတ်ချ​နိုင်တယ်။”—ဆာလံ ၁၁၁:၈

 ကျမ်းစာမှာ “မြေကြီး​လေးမျက်နှာ” လို့ ဆို​ထားတာ​က ဘာကို ဆိုလိုသလဲ

“မြေကြီး​လေးမျက်နှာ၊” “မြေကြီးစွန်း” ဆိုတဲ့ ကျမ်းစာ အသုံးအနှုန်းတွေ​ကြောင့် ကမ္ဘာမြေ​က စတုရန်း​ပုံ ဖြစ်တယ်၊ မြေကြီး​မှာ အစွန်း​ရှိတယ်လို့ တိုက်ရိုက်​ယူ​လို့ မရပါ​ဘူး။ (ဟေရှာယ ၁၁:၁၂။ ယောဘ ၃၇:၃ယုဒသန်​ကျမ်း) အဲဒီ​အသုံးအနှုန်းတွေ​က ကမ္ဘာမြေ​တစ်ခွင်လုံး​ကို တင်စား​ဖော်ပြ​ထားခြင်း ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်​လေးမျက်နှာ​ကို ဆိုလိုခြင်း ဖြစ်တယ်။—လုကာ ၁၃:၂၉

“တောင်ပံများ” ဆိုတဲ့ ဟီဘရူး​စကားလုံး​ပေါ် အခြေခံပြီး “ထောင့် [အရပ်မျက်နှာ]” ဒါမှမဟုတ် “အစွန်း” ဆိုတဲ့​စကားလုံး ထွက်ပေါ်​လာပုံ​ရတယ်။ အပြည်ပြည်ဆိုင်ရာ စံမီ​ကျမ်းစာ စွယ်စုံကျမ်း​အရ “ငှက်​တစ်ကောင်ရဲ့ တောင်ပံ​က သားပေါက်​ကို ဖုံးအုပ်​ကာကွယ်​ပေးတဲ့​နေရာမှာ အသုံးပြုတဲ့​အတွက် [ဒီ​ဟီဘရူး ဝေါဟာရ​က] ဖြန့်ကြက်​နိုင်တဲ့​နေရာ တစ်ခုလုံးကို ဆိုလိုတယ်။ ယောဘ ၃၇:၃၊ ဟေရှာယ ၁၁:၁၂ တို့မှာ​ပါတဲ့ “ဒီ​ဝေါဟာရ​က ပင်လယ်​ကမ်းရိုးတန်း၊ နယ်စွန်နယ်ဖျား ဒါမှမဟုတ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ဆိုလိုတယ်” * ဆိုပြီး အဲဒီ​စွယ်စုံ​ကျမ်းမှာ ဖော်ပြ​ထားတယ်။

 ယေရှုကို မာရ်နတ် သွေးဆောင်​တာ​နဲ့ ပတ်သက်ပြီး​တော့​ကော ဘယ်လို ပြောမလဲ

“မာရ်နတ်​က ယေရှုကို မြင့်မား​လှတဲ့ တောင်ပေါ် ခေါ်သွား​ပြန်တယ်။ တိုင်းနိုင်ငံတွေ​နဲ့ ဘုန်းစည်းစိမ် အားလုံးကို ပြ” ခဲ့တယ်။ (မဿဲ ၄:၈) နေရာ တစ်​နေရာ​ကနေ ကမ္ဘာ​တစ်ခုလုံးကို မြင်နိုင်တယ်​ဆိုတဲ့ ဖော်ပြချက်​က ကမ္ဘာ​ပြား​တယ်လို့ ကျမ်းစာ ပြောချင်တာ​ပေါ့​လို့ တချို့ ဆိုကြတယ်။ ဒါပေမဲ့ ဒီ​မှတ်တမ်းမှာ ဖော်ပြ​ထားတဲ့ “မြင့်မား​လှတဲ့​တောင်” ဆိုတာ ပကတိ​နေရာ မဟုတ်ဘဲ တင်စား​မှု ဖြစ်ပုံရ​တယ်။ ဒီလို​ကောက်ချက် ချ​ရတဲ့​အကြောင်းရင်းကို သုံးသပ်​ကြည့်ပါ။

  • ကမ္ဘာ့​တိုင်းနိုင်ငံ​အားလုံးကို တစ်​နေရာ​တည်း​ကနေ မြင်နိုင်တဲ့ ပကတိ​တောင် ကမ္ဘာပေါ်မှာ မရှိပါဘူး။

  • မာရ်နတ်​က ယေရှုကို တိုင်းနိုင်ငံတွေ​လောက်​ပဲ ပြတာ မဟုတ်ဘူး။ “ဘုန်းစည်းစိမ်” တွေကို​လည်း ပြခဲ့တယ်။ ဘုန်းစည်းစိမ်​တွေကို အတော်​လှမ်း​လှမ်း​ကနေ မြင်နိုင်​မှာ မဟုတ်ဘူး။ ဒါကြောင့် မာရ်နတ်​က စိတ်အာရုံ တစ်မျိုးမျိုးကို သုံးပြီး ယေရှု မြင်​အောင် ပြခဲ့​ပုံ​ရတယ်။ ရုပ်ရှင်​ပြ​စက် သုံးပြီး ကမ္ဘာ့​နေရာ​ဒေသ အမျိုးမျိုးရဲ့ ရုပ်ပုံတွေကို ပြသ​လို​မျိုး ဖြစ်နိုင်တယ်။

  • ကျမ်းပြိုင်​မှတ်တမ်း လုကာ ၄:၅ မှာ မာရ်နတ်​က ယေရှုကို “ကမ္ဘာ့​တိုင်းနိုင်ငံတွေကို တစ်ခဏလောက် ပြ” ခဲ့တယ်​လို့ ဆိုထားတယ်။ သာမန်​မျက်စိ​နဲ့ ပကတိ ကမ္ဘာ့​တိုင်းနိုင်ငံတွေကို တစ်ခဏလောက် ကြည့်ဖို့​ဆိုတာ မဖြစ်​နိုင်ပါဘူး။ ဒါကြောင့် မာရ်နတ်​က တခြား​နည်း​တစ်မျိုးမျိုး သုံးပြီး ယေရှုကို သွေးဆောင်ခဲ့တယ်​လို့ ပြောနိုင်ပါတယ်။

^ အပိုဒ်၊ 3 ဘုရားသခင်ကို “ကမ္ဘာလုံးရဲ့ အထက်မှာ စံမြန်းတဲ့​အရှင်” လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ဟေရှာယ ၄၀:၂၂) “ကမ္ဘာလုံး” လို့​ပြန်ဆိုတဲ့ စကားလုံးဟာ စက်လုံး​ကိုလည်း ဆိုလိုတယ်လို့ ကိုးကားချက်​တချို့က ဆိုတယ်။ အဲဒါကို ကျမ်းပညာရှင်​အားလုံး​က သဘောတူ​ကြ​တာ​တော့ မဟုတ်ဘူး။ ဘယ်လိုပဲ​ဖြစ်ပါစေ ကျမ်းစာက ကမ္ဘာကြီး ပြား​တယ်​ဆိုတဲ့ အယူအဆကို​တော့ မထောက်ခံ​ဘူး။

^ အပိုဒ်၊ 8 Revised Edition, Volume 2, page 4.