ဇနီးမောင်နှံတချို့ဟာ အိမ်ထောင်သက် ကြာလာတဲ့အခါ အချင်းချင်း ကြင်နာယုယမှု မပြသလောက် ဖြစ်လာတတ်ကြတယ်။ သင့်အိမ်ထောင်မှာ အဲဒီလို ဖြစ်နေရင် စိုးရိမ်ပူပန်သင့်သလား။

 သိထားသင့်ရာ

သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေးမှာ ကြင်နာယုယမှု မရှိလို့မဖြစ်ဘူး။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်အောင် အစာရေစာ ပုံမှန်ရဖို့ မဖြစ်မနေ လိုအပ်သလိုပဲ ကြင်နာယုယမှု မပြတ်ရရှိခြင်းက အိမ်ထောင်နှောင်ကြိုးကို ခိုင်ခံ့မြဲမြံစေတယ်။ အိမ်ထောင်သက် ဆယ်စုနှစ်ချီ ကြာပြီဖြစ်တဲ့ မောင်နှံစုံတွေတောင် ကိုယ့်အိမ်ထောင်ဖက်ရဲ့ ချစ်ခင်ကြင်နာမှု၊ ဂရုစိုက်မှုကို ပုံမှန် ရနေဖို့ လိုတယ်။

အချစ်စစ်ဟာ တစ်ကိုယ်ကောင်း မဆန်ဘူး။ တစ်ဖက်သား ပျော်ရွှင်ဖို့ အလေးထားတယ်။ စာနာတတ်တဲ့ အိမ်ထောင်ဖက်ဟာ စိတ်ကူးပေါက်မှ ချစ်ပြကြင်နာမယ့်အစား ကိုယ့်ဇနီး/ခင်ပွန်းကို အလိုက်တသိ ကြင်နာယုယတတ်တယ်။

အများအားဖြင့် ဇနီးသည်တွေဟာ ခင်ပွန်းသည်တွေထက် ကြင်နာယုယမှု ပိုခံစားချင်ကြတယ်။ ခင်ပွန်းက ဇနီးကို အလွန်ချစ်ပေမဲ့ တစ်နေ့တာ အစပိုင်းနဲ့ အကုန်ပိုင်းမှာ ဒါမှမဟုတ် အတူနေခါနီးကျမှ ကြင်နာယုယမယ်ဆိုရင် ဇနီးအနေနဲ့ မိမိကို တကယ်မှ ချစ်ရဲ့လားလို့ သံသယဝင်လာနိုင်တယ်။ ဒါကြောင့် ချစ်ကြောင်း၊ ကြင်နာကြောင်း အချိန်မရွေး ပြတာ ပိုကောင်းတယ်။

 လုပ်ဆောင်နိုင်ရာ

ချစ်ကြင်နာမှုကို စကားနဲ့ ထုတ်ဖော်ပြောပြပါ။ “ချစ်တယ်၊” “မြတ်နိုးတယ်” စတဲ့ စကားလုံးလေးတွေက သင့်အိမ်ထောင်ဖက်ကို ကြည်နူးစေနိုင်တယ်။

ကျမ်းစာအခြေခံမူ- “စိတ်ထဲ ရှိတာတွေပဲ နှုတ်က ထွက်တတ်တယ်။” ​—မဿဲ ၁၂:၃၄

အကြံပြုချက်– ချစ်တဲ့အကြောင်းကို စကားနဲ့သာမက တခြားနည်းတွေနဲ့ ဖော်ပြပါ။ စာတိုလေးတွေ ပို့ပါ၊ အီးမေးလ် ပို့ပါ။

ကြင်နာယုယမှုကို လုပ်ရပ်နဲ့ ပြပါ။ သိုင်းဖက်တာ၊ အနမ်းပေးတာ၊ လက်တွဲတာ စတဲ့ အပြုအမူတွေအားဖြင့် အိမ်ထောင်ဖက်ကို တကယ် “ချစ်တယ်” ဆိုတာ ပြနိုင်ပါတယ်။ ကြင်နာယုယတဲ့ အထိအတွေ့၊ ချစ်ရည်လွှမ်းတဲ့အကြည့်၊ ရံဖန်ရံခါ လက်ဆောင်လေးတွေ ဝယ်ပေးခြင်းအားဖြင့် ဂရုစိုက်ကြောင်း ပြနိုင်ပါတယ်။ ပစ္စည်းတွေ ကူသယ်ပေးတာ၊ တံခါးဖွင့်ပေးတာ၊ ပန်းကန်ဆေးပေးတာ၊ အဝတ်လျှော်ကူတာ၊ ချက်ပြုတ်ကျွေးတာ စတာတွေနဲ့ ဇနီးကို ဝိုင်းကူနိုင်တယ်။ ဒီလိုဝိုင်းကူတာတွေက သူ့ကို ချစ်ကြောင်း လုပ်ရပ်နဲ့ ပြနေတာပဲ။

ကျမ်းစာအခြေခံမူ- “မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြကြပါ။”​—၁ ယောဟန် ၃:၁၈

အကြံပြုချက်– အိမ်ထောင်ဖက်ကို ချစ်သူဘဝတုန်းကလိုပဲ ဂရုစိုက်ပါ။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပါ။ နှစ်ယောက်တည်း သီးသန့်ရှိနေတာက အိမ်ထောင်ကို ခိုင်မြဲစေတယ်။ တူနှစ်ကိုယ် ရှိနေရတာကို ပျော်ကြောင်း အိမ်ထောင်ဖက် သိစေပါ။ သားသမီးတွေ ရှိမယ်၊ အလုပ်ကိစ္စတွေ ရှိမယ်ဆိုရင် နှစ်ယောက်တည်း ရှိနေချိန် ဖန်တီးဖို့ မလွယ်နိုင်ဘူး။ ဒါကြောင့် နှစ်ယောက်တည်း လမ်းလျှောက်ထွက်တာမျိုး စီစဉ်ကြည့်ပါ။

ကျမ်းစာအခြေခံမူ- ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိကြပါ။’​—ဖိလိပ္ပိ ၁:၁၀

အကြံပြုချက်– အလုပ်များတဲ့ မောင်နှံစုံတချို့က စနေ၊ တနင်္ဂနွေနေ့တွေ၊ ဒါမှမဟုတ် တခြားတစ်ရက်ရက်မှာ နှစ်ယောက်တည်း အချိန်ဖြုန်းဖို့ ပုံမှန် ရက်သတ်မှတ်ထားကြတယ်။

အိမ်ထောင်ဖက်ကို နားလည်ပေးပါ။ ကြင်နာယုယမှု လိုအပ်ပုံ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ကြင်နာမှု ဘယ်လို ပြစေချင်သလဲ၊ ပိုပြစေချင်သလားဆိုတာ အချင်းချင်း ဖွင့်ပြောပါ။ အဲဒီနောက် အိမ်ထောင်ဖက်ရဲ့ ဆန္ဒကို လိုက်လျောပေးပါ။ သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေးမှာ ကြင်နာယုယမှု မရှိလို့မဖြစ်ဘူးဆိုတာ မမေ့ပါနဲ့။

ကျမ်းစာအခြေခံမူ- “မေတ္တာဟာ . . . ကိုယ်ကျိုး မရှာတတ်ဘူး။”​—၁ ကောရိန္သု ၁၃:၄၊ ၅

အကြံပြုချက်– ကြင်နာယုယဖို့ တောင်းဆိုမယ့်အစား ‘အိမ်ထောင်ဖက်ရဲ့ ကြင်နာယုယမှု ပိုရအောင် ငါဘာလုပ်နိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။