မာတိကာဆီ ကျော်သွား

ကျမ်းချက် ရှင်းပြချက်​များ

ကမ္ဘာဦး ၁:၁—“အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့် မြေကြီးကို ဖန်ဆင်း​တော်မူ၏”

ကမ္ဘာဦး ၁:၁—“အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့် မြေကြီးကို ဖန်ဆင်း​တော်မူ၏”

“အစအဦးမှာ ဘုရားသခင်​က ကောင်းကင်​နဲ့ မြေကြီးကို ဖန်ဆင်းတယ်။”—ကမ္ဘာဦး ၁:၁ကမ္ဘာသစ်​ဘာသာပြန်ကျမ်း။

“အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့် မြေကြီးကို ဖန်ဆင်း​တော်မူ၏။”—ကမ္ဘာဦး ၁:၁၊ ယုဒသန်​ကျမ်း။

ကမ္ဘာဦး ၁:၁ ရဲ့ အဓိပ္ပာယ်

ကျမ်းစာ​ရဲ့ ဦးဆုံး​ကျမ်းချက်​က အရေးကြီးတဲ့ အမှန်တရား​နှစ်ခု​ကို ဖော်ပြ​တယ်။ ပထမ၊ “ကောင်းကင်​နဲ့ မြေကြီး” ဖြစ်တဲ့ စကြဝဠာမှာ အစ​ရှိတယ်။ ဒုတိယ၊ “ကောင်းကင်​နဲ့ မြေကြီး” ကို ဘုရားသခင် ဖန်ဆင်းတယ်။—ဗျာဒိတ် ၄:၁၁

စကြဝဠာ​ကို ဘယ်​အချိန်​မှာ ဘုရားသခင် စပြီး​ဖန်ဆင်းတယ်၊ ဘယ်လို ဖန်ဆင်းတယ်​ဆိုတာကိုတော့ ကျမ်းစာ​မှာ မဖော်ပြထားဘူး။ ဒါပေမဲ့ စကြဝဠာ​ကို ဘုရား​ရဲ့ “ကြီးမား​လှတဲ့ စွမ်းအင်၊” “အံ့မခန်းဖွယ် တန်ခိုး” နဲ့ ဖန်ဆင်းခဲ့တယ်​လို့​တော့ ဖော်ပြ​ထားတယ်။—ဟေရှာယ ၄၀:၂၆

“ဖန်ဆင်း” ဆိုတဲ့ စကားလုံးကို ဟီဘရူး ကြိယာ​ကနေ ဘာသာ​ပြန်ဆို​ထားတာ​ဖြစ်ပြီး ဘုရားသခင်​ရဲ့ လုပ်ဆောင်မှု​နဲ့ ဆက်စပ်ပြီး​တော့​ပဲ အသုံးပြုတယ်။ * ကျမ်းစာ​မှာ ယေဟောဝါ * ဘုရားသခင် တစ်ပါးတည်းကိုပဲ ဖန်ဆင်းရှင်​အဖြစ် ခေါ်ဆို​တား​တယ်။—ဟေရှာယ ၄၂:၅။ ၄၅:၁၈

ကမ္ဘာဦး ၁:၁ အထက်အောက်​စကား

ကမ္ဘာဦးကျမ်း​ရဲ့ ပထမဆုံး​ကျမ်းချက်​က ကမ္ဘာဦး အခန်းကြီး ၁ နဲ့ မှာ​ဖော်ပြ​ထားတဲ့ ဖန်ဆင်းခြင်း​မှတ်တမ်း​ကို မိတ်ဆက်​ပေးတယ်။ ကမ္ဘာဦး ၁:၁ ကနေ ၂:၄ မှာ​ ပထမ​လူယောက်ျား​နဲ့ လူ​မိန်းမ အပါအဝင် ကမ္ဘာ​မြေကြီးနဲ့ သက်ရှိ​သတ္တဝါ​တွေကို ဘုရား ဖန်ဆင်းခဲ့​ပုံ အဆင့်ဆင့်​ကို ရိုးရိုးရှင်းရှင်း အကျဉ်းချုပ် ဖော်ပြ​ထားတယ်။ အဲဒီလို အကြမ်းဖျင်း ဖော်ပြ​ပြီးနောက်​မှ လူယောက်ျား​နဲ့ လူ​မိန်းမကို ဘုရား​ဖန်ဆင်းခဲ့​ပုံ အသေးစိတ်​ကို ဆက်​ဖော်ပြ​တယ်။—ကမ္ဘာဦး ၂:၇-၂၅

ဘုရားသခင်​က ဖန်ဆင်းခြင်း​အလုပ်ကို “နေ့” လို့ ဖော်ပြ​ထားတဲ့ ကာလ​အပိုင်းအခြား ခြောက်​ခု​အတွင်းမှာ လုပ်ဆောင်​သွား​ကြောင်း ကမ္ဘာဦးကျမ်း​က ဖော်ပြ​တယ်။ အဲဒီ “နေ့” တွေ​ဆိုတာ ၂၄ နာရီ​ရှိတဲ့ ရက်​တွေကို ပြောတာ​မဟုတ်ဘဲ တိတိကျကျ​သတ်မှတ်​လို့​မရတဲ့ ရှည်လျား​တဲ့​ကာလ​ကို ရည်ညွှန်းတယ်။ “နေ့” ဆိုတဲ့ စကားလုံးက ၂၄ နာရီ​ရှိတဲ့ ရက်ကို​ပဲ ဆိုလိုတာ​မဟုတ်ဘူး။ ကမ္ဘာဦး ၂:၄ (ယုဒသန်​ကျမ်း) မှာ တွေ့ရတဲ့​အတိုင်း “နေ့” ကို “ကာလ” လို့​လည်း အသုံးပြု​ထားတယ်။ ဘုရားသခင်​ရဲ့ ဖန်ဆင်းရာ ခြောက်​ရက်​လုံး​ကို ပေါင်း​ပြီး “နေ့” လို့ ဖော်ပြ​ထားတယ်။

ကမ္ဘာဦး ၁:၁ နဲ့​ပတ်သက်​တဲ့ ယူဆချက် အမှား​များ

ယူဆချက် အမှား။ ဘုရားသခင်​က စကြဝဠာ​ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း​အနည်းငယ်​က ဖန်ဆင်းခဲ့တယ်။

အမှန်။ စကြဝဠာ​ကို ဘုရားသခင် ဖန်ဆင်းတဲ့​အချိန်ကို ကျမ်းစာ​မှာ မဖော်ပြထားဘူး။ ကမ္ဘာဦး ၁:၁ ဖော်ပြချက်​က စကြဝဠာရဲ့ သက်တမ်း​ဟာ နှစ်​သန်း​ထောင်ချီ​ရှိပြီ​ဆိုတဲ့ မျက်မှောက်ခေတ် သိပ္ပံ​ပညာရှင်တွေရဲ့ ခန့်မှန်းချက်​နဲ့ ဆန့်ကျင်​ကွဲလွဲ​မှု မရှိပါဘူး။ *

ယူဆချက် အမှား။ ကမ္ဘာဦး ၁:၁ မှာပါတဲ့ “ဘုရားသခင်” ဆိုတဲ့ ဟီဘရူး​စကားလုံးက အများ​ကိန်း​ဖြစ်နေတဲ့​အတွက် ဘုရားသခင်​က သုံးပါး​ပေါင်း​တစ်ဆူ​ဖြစ်ကြောင်း ဒီ​ကျမ်းချက်​က ဖော်ပြ​တယ်။

အမှန်။ “ဘုရားသခင်” လို့​ပြန်ဆိုတဲ့ ဟီဘရူး​စကားလုံး အများ​ကိန်း အီလိုဟင်​ဟာ ပုဂ္ဂိုလ်​အရေအတွက်​ကို ဆိုလိုခြင်း​မဟုတ်ဘဲ မြင့်မြတ်ခြင်း၊ ဘုန်းတန်ခိုး​ကြီးခြင်း​ကို ဆိုလို​ပါတယ်။ “ဘုရင်​တစ်ပါး စကားပြော​ရင် ‘ငါ​ကိုယ်တော်မြတ်​တို့’ လို့ အများ​ကိန်း​နဲ့​ပြောတဲ့အခါ ပုဂ္ဂိုလ်​အရေအတွက်​ကို ဆိုလိုတာ​မဟုတ်သလို​ပဲ” ကမ္ဘာဦး ၁:၁ မှာ​အသုံးပြု​ထားတဲ့ အများ​ကိန်း အီလိုဟင်​ဟာ “ပုဂ္ဂိုလ်​တစ်ပါးကို​ပဲ အမြဲ​ရည်ညွှန်းတယ်” လို့ ကက်သလစ်​စွယ်စုံကျမ်း​သစ်​မှာ ဖော်ပြ​ထားတယ်။—ဒုတိယ​အကြိမ်​ထုတ်၊ အတွဲ ၆၊ စာမျက်နှာ ၂၇၂။

ကမ္ဘာဦး အခန်းကြီး ၁ ကို အောက်ခြေမှတ်ချက်​တွေ၊ ပြန်​လှန်​အညွှန်း​တွေ​နဲ့​အတူ ဖတ်ပါ။

^ အပိုဒ်၊ 8 ဒီ​စကားလုံး​နဲ့​ပတ်သက်ပြီး HCSB လေ့လာမှု​ကျမ်းစာ မှာ ဒီလို​ဖော်ပြ​ထားတယ်– “‘ဖန်ဆင်း’ လို့ အဓိပ္ပာယ်​ရှိတဲ့ ဟီဘရူး ကြိယာ ဘာ​ရာ​ကို လူသား​တစ်ဦး​ရဲ့ လုပ်ဆောင်မှုတွေ​နဲ့ ဆက်စပ်ပြီး တစ်ခါ​မှ အသုံးမပြု​ဘူး။ ဘာ​ရာ​ကို ဘုရားသခင်​ရဲ့ လုပ်ဆောင်မှု​အတွက်ပဲ သီးသန့်​အသုံးပြုတယ်။”—စာမျက်နှာ ၇။

^ အပိုဒ်၊ 8 ယေဟောဝါ​ဆိုတာ ဘုရားသခင်​ရဲ့ နာမည်​ဖြစ်တယ်။—ဆာလံ ၈၃:၁၈

^ အပိုဒ်၊ 14 “အစအဦး” လို့​ပြန်ဆိုတဲ့ ဟီဘရူး​စကားလုံးရဲ့ အချိန်ကာလ​နဲ့​ပတ်သက်ပြီး The Expositor’s Bible Commentary မှာ ဒီလို​ဖော်ပြ​ထားတယ်– “‘အစအဦး’ ဆိုတဲ့ အသုံးအနှုန်း​က ဘယ်လောက်​ကြာရှည်​တဲ့ အချိန်ကာလ​လဲ​ဆိုတာ မသိ​နိုင်ဘူး။”—ပြန်လည်​တည်းဖြတ်​ကျမ်း၊ အတွဲ ၁၊ စာမျက်နှာ ၅၁။