၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်
သီရိလင်္ကာ
ဘယ်– သီရိလင်္ကာနိုင်ငံ တရားရုံးချုပ်အဆောက်အဦ။ ညာ (ဘယ်မှ ညာ)– ညီအစ်မများ– ဂျေ အေ ဒီ အမ် မယ်လ်ကန်သီ၊ အမ် အေ ဆူနီးသား ကယ်လ်ရာနီ ဒီ စယ်လဗာ၊ အာ အေ နီရုဂျာနဲ့ တီဆူရီ အာမာ လီရန်နိတ်။ ၂၀၂၅ ခုနှစ်၊ မေလ
၁၁ နှစ်ကြာ တရားရင်ဆိုင်ရပြီးနောက် သီရိလင်္ကာ တရားရုံးချုပ်က ယေဟောဝါသက်သေတွေကို အနိုင်ပေးဆုံးဖြတ်
၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက်မှာ သီရိလင်္ကာ တရားရုံးချုပ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တယ်။ ၁၁ နှစ်ကြာအောင် တရားရေးရင်ဆိုင်ရပြီးနောက် ကျွန်တော်တို့ရဲ့ ညီအစ်မ လေးယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးခြင်းဟာ သူတို့ရဲ့ ငြိမ်းချမ်းစွာ ဝတ်ပြုခွင့်ကို ချိုးဖောက်ရာရောက်မှန်း တရားရုံးက စီရင်ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ဟာ သီရိလင်္ကာနိုင်ငံမှာ ရှိတဲ့ ယေဟောဝါရဲ့လူမျိုးအတွက် တရားရေး အောင်ပွဲကြီးပါပဲ။ အကြောင်းအရင်းကတော့ အခြားသူတွေကို ငြိမ်းချမ်းစွာ ယုံကြည်ချက် မျှဝေနေကြတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ပိုင်ခွင့်ကို အခြေခံဥပဒေအရ ကာကွယ်ပေးလို့ဖြစ်တယ်။ နောက်ပြီး ဒါက တောင်အာရှဒေသတစ်ခုလုံးအတွက် ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားဖို့ ဥပမာဖြစ်ရပ်တစ်ခုလည်း ဖြစ်တယ်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ သီရိလင်္ကာနိုင်ငံ တောင်ပိုင်း၊ ကီရာမာရွာမှာ ဟောပြောခြင်းလုပ်ငန်း ပါဝင်နေတဲ့ ညီအစ်မ လေးယောက်ကို ရန်လိုတဲ့ လူတစ်စု တားဆီးဟန့်တားခဲ့တယ်။ ရဲတွေ ရောက်လာတဲ့အခါ ရန်လိုတဲ့ လူအုပ်ကို လူစုခွဲမယ့်အစား ညီအစ်မ လေးယောက်ကို တရားဥပဒေမဲ့ ဖမ်းဆီးခဲ့တယ်။ အာဏာပိုင်တွေက ဘာစီရင်ချက်မှမရှိဘဲ ညီအစ်မတွေကို ခွဲပြီး အချုပ်ခန်းတွေမှာ ကြမ်းတမ်းတဲ့ ရာဇဝတ်သားတွေနဲ့အတူ အကျဉ်းချထားတယ်။ ညီအစ်မတွေကတော့ အခုလို ခက်ခဲတဲ့အချိန်ကို တည်တည်ငြိမ်ငြိမ်နဲ့ ယေဟောဝါကို အားကိုးကြောင်း ပြသခဲ့ကြတယ်။ နောက်တစ်နေ့ရောက်တော့ ညီအစ်မတွေ ပြန်လွတ်လာတယ်။
တစ်လကြာပြီးနောက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ မြို့နယ်တရားသူကြီးက သူတို့ရဲ့အမှုကို ပယ်ချလိုက်တယ်။ ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ညီအစ်မလေးယောက်က လူ့အခွင့်အရေးကော်မရှင်နဲ့ သီရိလင်္ကာနိုင်ငံတရားရုံးချုပ်မှာ တရားစွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၂၀၂၅ ခုနှစ် မေလမှာတော့ ဒီအဖြစ်အပျက်အတွင်း အာဏာပိုင်တွေဟာ ညီအစ်မတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့တာ ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီး အစိုးရနဲ့ ဒေသခံရဲမှူးအနေနဲ့ ညီအစ်မတွေကို နစ်နာကြေးပေးဖို့ အမိန့်ချမှတ်ခဲ့တယ်။ တရားရုံးချုပ်က ဆုံးဖြတ်ချက်ချပြီးနောက်မှာ ညီအစ်မ မယ်လ်ကန်သီ ဒီလိုပြောတယ်– “ဒီအတည်ပြုဆုံးဖြတ်ချက်က ကျွန်မတို့ လေးယောက်ပဲ အနိုင်ရသွားတာ မဟုတ်ပါဘူး။ တကယ်တော့ သီရိလင်္ကာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ဘုရားဝတ်ပြုနေကြတဲ့ ညီအစ်ကို၊ ညီအစ်မအားလုံးရဲ့ လူအခွင့်အရေး အောင်ပွဲတစ်ခုဖြစ်တယ်။ ဟေရှာယ ၅၄:၁၇ မှာ ‘မင်းကိုတိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး’ ဆိုတဲ့ ဘုရားပေးကတိက သိပ်မှန်တယ်ဆိုတာ အရင်ကထက် ပိုစိတ်ချလာတယ်။”
အခုလို သိပ်ကောင်းတဲ့ အတည်ပြုဆုံးဖြတ်ချက်ကြောင့် “ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့ နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု” ဆက်ပြနိုင်ဖို့ အခွင့်အရေးပြန်ရလိုက်လို့ သီရိလင်္ကာနိုင်ငံက ညီအစ်ကို၊ ညီအစ်မတွေနဲ့ ထပ်တူ ကျွန်တော်တို့ သိပ်ကို ပျော်ရွှင်ဝမ်းမြောက်ရပါတယ်။—၁ တိမောသေ ၂:၂။

