မြန်မာ
ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က ယေဟောဝါသက်သေတွေအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ ပိုဖြစ်လာစေ
https://cms-imgp.jw-cdn.org/img/p/802017827/univ/art/802017827_univ_sqr_xl.jpg

မော်စကိုဒေသ၊ လပ်စီနိုက ယေဟောဝါသက်သေတစ်ယောက်ရဲ့အိမ် မီးရှို့တိုက်ခိုက်ခံရ

ဇန် ၁၆၊ ၂၀၁၇
ရုရှား

ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က ယေဟောဝါသက်သေတွေအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ ပိုဖြစ်လာစေ

ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က ယေဟောဝါသက်သေတွေအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ ပိုဖြစ်လာစေ

ရုရှားတရားရုံးချုပ်ရဲ့ ဧပြီ ၂၀၊ ၂၀၁၇ ဆုံးဖြတ်ချက်ကြောင့် တစ်နိုင်ငံလုံးက ယေဟောဝါသက်သေတွေအပေါ် ဆိုးကျိုးအများကြီး သက်ရောက်စေတယ်။ အာဏာပိုင်တွေက သက်သေခံတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို ချိုးဖောက်ကြသလို ဘာသာရေး လုပ်ဆောင်မှုတွေကိုလည်း ရာဇဝတ်မှုလို့ သတ်မှတ်ကြတယ်။ ဒီဆုံးဖြတ်ချက်ဟာ သက်သေခံတွေကို ခွဲခြားဆက်ဆံဖို့ဖြစ်စေသလို မလိုမုန်းထားသူတွေရဲ့ သားကောင်တွေဖြစ်စေတယ်လို့ ရုရှားနိုင်ငံသားတချို့ ပြောကြတယ်။

ရုရှားအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက် ပိတ်ပင်မှုများ

ဒဲနစ္စ ခရစ်တန်ဆန်

ယေဟောဝါသက်သေအသင်းတော်က တာဝန်ရှိသူတွေ အရေးယူခံရ

  • မေလ ၂၅ ရက်၊ အိုရွိုလ်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေ ဝတ်ပြုစည်းဝေးနေချိန်မှာ ရဲတွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ရဲတွေက အိုရွိုလ်အသင်းတော် အကြီးအကဲဖြစ်သူ ဒိန်းမတ်နိုင်ငံသား ဒဲနစ္စ ခရစ်တန်ဆန်ကို ဖမ်းဆီးခဲ့ကြတယ်။ အစိုးရရှေ့နေတွေက မစ္စတာ ခရစ်တန်ဆန်ကို “အစွန်းရောက်လုပ်ဆောင်မှု” ဆိုတဲ့ ပြစ်မှုနဲ့ စွဲချက်တင်နိုင်ဖို့ ဇူလိုင် ၂၃ ရက်အထိ ချုပ်နှောင်ထားပါတယ်။ တကယ်လို့ ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ခြောက်နှစ်ကနေ ဆယ်နှစ်အထိ ကျနိုင်ပါတယ်။

အစိုးရအရာရှိတွေက ဒေသန္တရ ဘာသာရေးအဖွဲ့အစည်းတွေကို သတိပေးစာ ပေးပို့ခဲ့

  • မေလ ၄ ရက်၊ အစိုးရအရာရှိတွေက ခရင်းမ်မြို့ ဒေသန္တရ ဘာသာရေးအဖွဲ့အစည်း (LRO) ဥက္ကဋ္ဌဆီ သတိပေးစာ ပို့ခဲ့ကြတယ်။ အဲဒီစာထဲမှာ ဥက္ကဋ္ဌနဲ့ အသင်းဝင်တွေဟာ ဘာသာရေးဝတ်ပြုမှုတွေ ဆက်လုပ်ဆောင်နေတဲ့အတွက် အုပ်ချုပ်ရေးနဲ့ ရာဇဝတ်မှု ထိန်းသိမ်းရေးအရ အရေးယူခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

  • တရားရုံးချုပ် ဆုံးဖြတ်ချက် ချပြီးကတည်းက ဒေသန္တရ ဘာသာရေးအဖွဲ့ ငါးခုဟာ အဲဒီလို သတိပေးစာတွေ ရရှိခဲ့ကြပါတယ်။

ဝတ်ပြုတဲ့နေရာကို ရဲတွေ ဝင်ရောက်စီးနင်း

  • ဧပြီလ ၂၂ ရက်၊ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဂျန်ကွိုင်မြို့မှာ ဝတ်ပြုစည်းဝေးတဲ့နေရာကို အစီအစဉ်ပြီးခါနီးမှာ ရဲတွေ ဝင်ရာက်လာပါတယ်။ အရာရှိတွေက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ သက်သေခံတွေဟာ အတူတကွ ဝတ်ပြုခွင့်မရှိဘူးလို့ ပြောခဲ့ကြတယ်။ ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ဘာသာရေး အစည်းအဝေးတွေ မလုပ်နိုင်အောင် အဆောက်အအုံကို ချိတ်ပိတ်လိုက်ကြတယ်။

  • တရားရုံးချုပ် ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း ဘာသာရေးဝတ်ပြုမှုတွေကို ရဲတွေနှောင့်ယှက်တားမြစ်တာ အနည်းဆုံး ငါးကြိမ်လောက် ကြုံခဲ့ရပြီ၊ တစ်ကြိမ်က ကိုယ်ပိုင်အိမ်မှာ ဝတ်ပြုနေတာကို ဖြစ်တယ်။

“ရုရှားနိုင်ငံမှာ ငြိမ်သက်စွာ ဝတ်ပြုနေကြတဲ့ ယေဟောဝါသက်သေတွေကို တရားမဝင်တဲ့အဖွဲ့ဆိုပြီး နိုင်ငံကနေ လုံးဝဖယ်ရှားပစ်ဖို့ ကြိုးစားတာကို ကျွန်တော် တကယ့်ကို စိုးရိမ်မိပါတယ်။ . . . နိုင်ငံတကာ လူ့အခွင့်အရေးပဋိညာဉ်ကို လေးစားဖို့နဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်ဆောင်ရွက်ရေးအဖွဲ့ [OSCE] ရဲ့ သဘောတူညီချက်တွေအရ ယေဟောဝါသက်သေတွေကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ သဘောထား ထုတ်ဖော်နိုင်ခွင့်နဲ့ လွတ်လပ်စွာနဲ့ စုရုံးခွင့် ပေးဖို့ ရုရှားအာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။”​—မိုက်ကယ် ဂျော့ လင့်ခ်။ ဒီမိုကရက်တစ် အဖွဲ့အစည်းများနဲ့ လူ့အခွင့်အရေးများအတွက် OSCE ရုံး ဒါရိုက်တာ။

သက်သေခံကျောင်းသားလေးတွေ တိုက်ခိုက်ခံရ

  • ဧပြီလ ၂၄ ရက်က ကီရုတ်ဖ်ဒေသ၊ ဘတ်ဇပါနွိုင်ရွာမှာ ကျောင်းဆရာမတစ်ယောက်က ကျောင်းသားလေးနှစ်ယောက်ကို အရှက်ခွဲခဲ့ပါတယ်။ သူတို့ရဲ့မိခင်က ယေဟောဝါသက်သေဖြစ်ပါတယ်။ သူ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဆရာမက သက်သေခံတွေဟာ ရုရှားမှာ ပိတ်ပင်ထားလို့ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။

  • မေလ ၁၇ ရက်၊ မော်စကိုဒေသမှာ ကျောင်းအုပ်တစ်ဦးက ရှစ်နှစ်အရွယ် ကျောင်းသားလေးဟာ အတန်းဖော်ကို ဘုရားအကြောင်းပြောတဲ့အတွက် မိဘတွေဆီ သတိပေးစာ ပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကိုးကားပြီး ကျောင်းနယ်မြေအတွင်းမှာ “ပညာရေးနဲ့မသက်ဆိုင်တဲ့ လုပ်ရပ်အားလုံး” ကို တားမြစ်ခဲ့တယ်။ ဒီအကြောင်း ရဲကိုအသိပေးပြီး “တခြားသင်ကြားရေးပုံစံတစ်မျိုး ပြောင်းပေးဖို့ တိုက်တွန်းမယ်” လို့ ကျောင်းအုပ်က စာထဲမှာ ခြိမ်းခြောက်ခဲ့ပါတယ်။

သက်သေခံအမျိုးသားများ အစားထိုး အရပ်ဘက်လုပ်ငန်းမှာ လုပ်ဆောင်ဖို့ ငြင်းပယ်ခံရ

  • ဧပြီလ ၂၈ ရက်၊ ချီဘောက်စာရီ နဲ့ မာဘိုဆက်စကီ ဒေသရဲ့ စစ်သားစုဆောင်းရေး ကော်မရှင်က အစားထိုး အရပ်ဘက်လုပ်ငန်းလုပ်ဖို့ ယေဟောဝါသက်သေတစ်ယောက်ရဲ့ လျှောက်လွှာကို ငြင်းပယ်ခဲ့ကြတယ်။ အကြောင်းပြချက်မှာ ယေဟောဝါသက်သေတွေဟာ “အစွန်းရောက်” တွေဖြစ်လို့ အစားထိုးလုပ်ဆောင်ဖို့ ခွင့်မပြုနိုင်ဘူးလို့ ဖော်ပြထားတယ်။

  • အဲဒီလိုပဲ တခြားသက်သေခံနှစ်ဦးရဲ့ အစားထိုး အရပ်ဘက်လုပ်ငန်းလုပ်ဖို့ လျှောက်လွှာကိုလည်း ငြင်းပယ်ခဲ့ကြတယ်။

ယေဟောဝါသက်သေတွေရဲ့ အထွေထွေအကြံပေးသူ ဖိလစ် ဘရမ်လေက အစိုးရရဲ့ ရပ်တည်ချက် ရှေ့နောက်မညီပုံနဲ့ ပတ်သက်ပြီး “တစ်ဖက်မှာတော့ သက်သေခံလူငယ်တွေကို ‘အစွန်းရောက်’ တွေ ဆိုပြီး အစားထိုး အရပ်ဘက်လုပ်ငန်းလုပ်ဖို့ ငြင်းပယ်တယ်၊ တစ်ဖက်မှာကျတော့ ဒီ ‘အစွန်းရောက်’ တွေကို စစ်တပ်ထဲဝင်ဖို့ တောင်းဆိုတယ်။ အစိုးရက အစွန်းရောက်ဆိုတဲ့ သူတွေကို စစ်တပ်ထဲ ဝင်ခိုင်းတာ အဓိပ္ပာယ်ရှိရဲ့လား။”

ခွဲခြားဆက်ဆံခံရခြင်းနဲ့ လူမှုရေးချိုးဖောက်ခံရခြင်း

ယေဟောဝါသက်သေတွေ ကြုံရတဲ့ အကြမ်းဖက်မှုများ

  • ဧပြီ ၃၀ ရက်၊ မော်စကိုဒေသ၊ လပ်စီနို မှာရှိတဲ့ သက်သေခံမိသားစု တစ်စုရဲ့အိမ်နဲ့ ကပ်လျှက်ရှိတဲ့ သူတို့ရဲ့ သက်ကြီးမိဘတွေရဲ့အိမ်ဟာ မီးရှို့ခံလိုက်ရတယ်။ မီးရှို့တဲ့သူတွေဟာ ဦးဆုံး သူတို့ရဲ့ ဘာသာရေးမုန်းတီးမှုကို ကြွေးကြော်ခဲ့ကြပြီး မီးရှို့ခဲ့ကြတာဖြစ်တယ်။

  • မေလ ၂၄ ရက်၊ ကိုမီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဂျဲရှပ်မှာ ယေဟောဝါသက်သေတွေ ဘာသာရေးဝတ်ပြုမှုအတွက် အသုံးပြုတဲ့ အဆောက်အဦကို မီးရှို့ခဲ့ကြလို့ အကြီးအကျယ် ပျက်စီးခဲ့တယ်။

    မီးရှို့တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ ဂျဲရှပ်က နိုင်ငံတော်ခန်းမ

  • ၂၀၁၇၊ ဧပြီ ၂၀ ရက် တရားရုံးချုပ် ဆုံးဖြတ်ချက်ချပြီးနောက် ဝတ်ပြုတဲ့နေရာ အနည်းဆုံး ကိုးခု ဖျက်ဆီးခံခဲ့ရတယ်။

  • ဧပြီလ ၂၆ ရက်၊ ဘဲလ်ဂရပ်မြို့မှာ သက်သေခံတစ်ယောက်ဟာ သူ့ရဲ့အိမ်ကနေအထွက် လူတစ်ယောက်က “မင်းတို့ကို ပိတ်ပင်လိုက်ပြီ” လို့ အော်ဟစ်ပြီး ရိုက်နှက်ခဲ့တယ်။

  • မေလ ၁၁ ရက်၊ တိုင်ရီမန်မြို့က ယေဟောဝါသက်သေတွေ ဘာသာရေးဝတ်ပြုမှု လုပ်နေတုန်း လူတစ်စုဝင်ရောက်လာပြီး ညစ်ညမ်းတဲ့စကားတွေနဲ့ တိုက်ခိုက်ပြောဆိုပြီး တက်ရောက်တဲ့သူတွေကို ခြိမ်းခြောက်ခဲ့ကြတယ်။

သက်သေခံတွေကို အလုပ်ထုတ်ပစ်ကြ

  • မေလ ၁၅ ရက်၊ စမိုလန်ဒေသ၊ ဒိုရိုဂိုဘီရဲရှ်မြို့ရဲ့ ဓာတုစက်ရုံက ယေဟောဝါသက်သေ အလုပ်သမားအားလုံးကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ သက်သေခံတွေအားလုံးကို အလုပ်ထုတ်ပစ်ရတဲ့ အကြောင်းက “အစွန်းရောက်” တွေ စက်ရုံမှာ လုပ်ခွင့်မရှိဘူးဆိုပြီး FSB ဌာနကနေ အမိန့်ရောက်လာလို့ ဖြစ်ကြောင်း စီမံခန့်ခွဲရေးဌာနက ရှင်းပြပါတယ်။

  • တရားရုံးချုပ် ဆုံးဖြတ်ချက်ချပြီးနောက် သက်သေခံအလုပ်သမားတွေဟာ “အစွန်းရောက်” ဘာသာရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် အလုပ်ကနေ ထုတ်ပစ်မယ်ဆိုပြီး အခြားဖြစ်ရပ် အနည်းဆုံး သုံးခုမှာလည်း ခြိမ်းခြောက် ခံခဲ့ကြရတယ်။ ကင်မရိုဗို ဒေသ၊ ရာရှ်ကီနိုကျေးရွာက သက်သေခံတစ်ယောက်ကို ရဲတွေက တခြားသက်သေခံတွေရဲ့ အချက်အလက်တွေ ပြောဖို့ ဖိအားပေးပေမဲ့ သူငြင်းဆိုခဲ့တယ်။ အဲဒီအခါ အရာရှိတွေက ပိတ်ပင်ထားတဲ့ ဘာသာရေးအဖွဲ့နဲ့ပေါင်းတာက ဥပဒေချိုးဖောက်တာဖြစ်ကြောင်းနဲ့ ယေဟောဝါသက်သေတွေဟာ ISIS အကြမ်းဖက်သမားတွေနဲ့ တူတယ်လို့ ပြောခဲ့တယ်။

ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေအတွက် စိုးရိမ်ရ

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မတိုင်ခင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အစိုးရကျောထောက်နောက်ခံပေးတဲ့ တိုက်ခိုက်မှုတွေကြောင့် ဘာသာရေးလွတ်လပ်ခွင့်ကို အနှောင့်အယှက်ပေးတာ ခံခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက် ချပြီးနောက်မှာတော့ သူတို့ရဲ့ လုံခြုံရေးဟာ ပိုပြီး မသေမချာဖြစ်လာပြီ။ ဒီဆုံးဖြတ်ချက်က သက်သေခံတွေကို နာမည်ပျက်စေသလို အစိုးရအရာရှိတွေနဲ့ တချို့သူတွေ သက်သေခံတွေကို တိုက်ခိုက်ဖို့ ပိုပြီး ရဲတင်းလာစေတယ်ဆိုတာ မကြာသေးခင်က အဲဒီအဖြစ်အပျက်တွေအရ သိနိုင်ပါတယ်။ တရားရုံးချုပ်ရဲ့ အယူခံတရားရုံးက ၂၀၁၇၊ ဇူလိုင် ၁၇ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုလိုက်မယ်ဆိုရင် ရုရှားမှာရှိတဲ့ ယုံကြည်သူချင်းတွေ ဘာတွေဖြစ်ကုန်မလဲဆိုပြီး ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ အလွန်စိုးရိမ်နေကြပါတယ်။

“ယေဟောဝါသက်သေတွေဟာ အစွန်းရောက်ဝါဒနဲ့ ပတ်သက်တယ်ဆိုတဲ့ အထောက်အထားကို ဘယ်သူမှ မတင်ပြနိုင်ဘူး။ သက်သေခံတွေကို လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတယ်လို့ စွပ်စွဲတာနဲ့ သူတို့ အခု ကြုံတွေ့နေရတဲ့ နှိပ်စက်မှုတွေနဲ့ လုံးဝ ကိုက်ညီမှုမရှိပါဘူး။ ဒါကြောင့် ရုရှားအနေနဲ့ သူတို့ရဲ့ အခြေခံဥပဒေနဲ့အညီ၊ နောက်ပြီး ဘာသာရေးလွတ်လပ်ခွင့် ရှိရမယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့အညီ ယေဟောဝါသက်သေတွေရဲ့ ကိစ္စကို ပြန်လည်သုံးသပ်ဖို့လိုတယ်” ဆိုပြီး မစ္စတာ ဘရမ်လေ ပြောခဲ့ပါတယ်။