၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်
ယူကရိန်း
၂၀၂၅၊ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ယူကရိန်းနိုင်ငံမှာ ညီအစ်ကို ခြောက်ယောက် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ထောင်ချခံရ
၂၀၂၅၊ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ယူကရိန်းနိုင်ငံက ညီအစ်ကိုသုံးယောက် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ဒဏ် ချမှတ်ခံကြရ
အချုပ်ခံထားရတဲ့ နောက်ထပ် ညီအစ်ကိုသုံးယောက်
jw.org မှာ သတင်းထုတ်ပြန်ခဲ့တဲ့အတိုင်း ညီအစ်ကို ဗစ်တာလီ ခရူရှန်ကိုဟာ စစ်မှုမထမ်းလို့ ၂၀၂၅၊ ဇန်နဝါရီလမှာ ထောင်ကျသွားတယ်။ ဒီလိုနဲ့ ယူကရိန်းနိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ချခံရတဲ့ ဦးဆုံး ယေဟောဝါသက်သေ ဖြစ်လာတယ်။ အဲဒီနောက် နောက်ထပ် ညီအစ်ကိုခြောက်ယောက်ကိုလည်း ယူကရိန်းအစိုးရက ထောင်ချခဲ့တယ်။
အန်ဒရီ ခိုမန်ခိုနဲ့ ဇနီး အိုင်ရီနာ
၂၀၂၅၊ ဖေဖော်ဝါရီလ ၃ ရက်မှာ အသက် ၅၀ အရွယ် ညီအစ်ကို အန်ဒရီ ခိုမန်ခို ထောင်ဒဏ် သုံးနှစ် ချခံရတယ်။ အန်ဒရီနဲ့ ဇနီး အိုင်ရီနာမှာ သားနှစ်ယောက် ရှိတယ်။ ထောင်မကျခင်လေးမှာ အန်ဒရီ ဒီလိုပြောတယ်– “အဆိုးဆုံးအခြေအနေတွေမှာတောင် ကျွန်တော့်ကို ယေဟောဝါ အမြဲထောက်မပေးမယ်၊ စိတ်ငြိမ်သက်နေစေမယ်ဆိုတာ ယုံတယ်။”
ဆာရဟီ အိုင်ဗန်ယုရှ်ချန်ကို
တစ်ပတ်လောက်အကြာ ၂၀၂၅၊ ဖေဖော်ဝါရီလ ၁၁ ရက်မှာ အသက် ၄၈ နှစ်အရွယ် ညီအစ်ကို ဆာရဟီ အိုင်ဗန်ယုရှ်ချန်ကိုဟာ ထောင်ဒဏ် သုံးနှစ် ချခံရတယ်။ ၂၀၂၃၊ နိုဝင်ဘာလမှာ နှစ်ခြင်းခံပြီးနောက် လအနည်းငယ်အကြာမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရခဲ့တာပါ။ ဘုရားသခင့်ကျေးကျွန်တွေက “စစ်အတတ်ပညာကို” မသင်ယူသင့်ဘူးဆိုတာ ဆာရဟီ အခိုင်အမာ ယုံကြည်လက်ခံတယ်။ ဒါကြောင့် စစ်သားစုဆောင်းရေးဘုတ်အဖွဲ့ဆီ သွားပြီး စစ်မှုမထမ်းနိုင်ကြောင်း လေးလေးစားစား ငြင်းဆိုခဲ့တယ်။—ဟေရှာယ ၂:၄။
ဆာရဟီ နေချယောက်
၂၀၂၅၊ မတ်လ ၅ ရက်မှာ အသက် ၃၅ နှစ်အရွယ် ညီအစ်ကို ဆာရဟီ နေချယောက် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရတယ်။ ဆာရဟီမှာ သားသမီးနှစ်ယောက် ရှိတယ်။ ထောင်ထဲမဝင်ခင် ဆာရဟီ ဒီလိုပြောတယ်– “ညီအစ်ကို၊ ညီအစ်မတွေ ဆုတောင်းပေးနေလို့ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါတယ်။ ပြီးတော့ ကျွန်တော်နဲ့အတူ ယေဟောဝါလည်း အမြဲရှိတယ်။”
ဒါ့အပြင် ၂၀၂၅၊ ဇန်နဝါရီနဲ့ မတ်လအတွင်း စစ်သားတွေက ညီအစ်ကို မီခိုင်လို အာဒမ်ဗစ်ရှ် (အသက် ၄၀)၊ ယရာဆလာ့ဗ် ဘို့နာချခ် (၂၈ နှစ်)၊ အိုလက်စန်ဒါ ရာဒက်ရှ်ခို (၃၅ နှစ်) ကို စစ်အခြေစိုက်စခန်းဆီ အတင်းအကြပ် ခေါ်သွားပြီး ယူကရိန်း ဥပဒေအရ စစ်မှုထမ်းခိုင်းတယ်။ ညီအစ်ကိုတွေက ယုံကြည်ချက်ကြောင့် စစ်ဝတ်စုံ မဝတ်၊ လက်နက်လည်း မကိုင်ကြတဲ့အတွက် အမိန့်ဖီဆန်မှုနဲ့ ဖမ်းချုပ်ခံရတယ်။ အခု မီခိုင်လို အာဒမ်ဗစ်ရှ်နဲ့ အိုလက်စန်ဒါတို့က အချုပ်ထောင်ထဲမှာပါ။ သူတို့ရဲ့အမှုကို မကြာခင် စီရင်ချက် ချပါတော့မယ်။ ယရာဆလာ့ဗ်ကို အမှုမကြားနာခင်အထိ လွတ်ပေးတယ်။ ညီအစ်ကိုတွေကို အပြစ်ရှိကြောင်း စီရင်မယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်အထိ ချမှတ်ခံရဖို့ ရှိပါတယ်။
ဘယ်မှညာ– မီခိုင်လို အာဒမ်ဗစ်ရှ်၊ ယရာဆလာ့ဗ် ဘို့နာချခ်၊ အိုလက်စန်ဒါ ရာဒက်ရှ်ခို
အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေကော ယူကရိန်းဥပဒေကိုပါ ချိုးဖောက်ရာ ရောက်ပါတယ်။ ဥပမာ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ် ၁၈ နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း၊ အပိုဒ် ၉ မှာ အစားထိုးအရပ်ဘက်လုပ်ငန်း လုပ်ခွင့်ပေးဖို့ ဖော်ပြထားတယ်။ ဒီအပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေနှစ်ခုစလုံးကို ယူကရိန်းအစိုးရ လိုက်နာဖို့ သဘောတူခဲ့တယ်။ ဒါ့အပြင် ယူကရိန်း အခြေခံဥပဒေမှာလည်း စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို အစားထိုးအရပ်ဘက်လုပ်ငန်း လုပ်ခွင့်ပေးမယ်လို့ အာမခံထားတယ်။
ဒီသစ္စာရှိ ညီအစ်ကိုတွေကိုရော ဘုရားအပေါ် သစ္စာဆက်ရှိဖို့ ကြိုးစားနေသူအားလုံးကိုပါ ယေဟောဝါ ဆက်ပြီး နှစ်သိမ့်၊ ကာကွယ်ပေးဖို့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းက ဆုတောင်းပေးနေကြပါတယ်။—ဆာလံ ၃၄:၇။

