၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်
နော်ဝေ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရဲ့ ဘော်ဂါထင် အယူခံတရားရုံး
နော်ဝေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ စီရင်ချက်ကို အယူခံတရားရုံးက တညီတညွတ်တည်း ပယ်ချ
နော်ဝေနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ မှတ်ပုံတင်ခွင့်ကို အစိုးရ ဖျက်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်ကို ပယ်ချဖို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်မှာ ဘော်ဂါထင် အယူခံတရားရုံးက တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့တယ်။ အမှုနှစ်ခုစလုံးမှာ ကုန်ကျခဲ့တာတွေအတွက် နော်ဝေ ညီအစ်ကိုတွေကို အမေရိကန်ဒေါ်လာ ၈၀၆,၈၃၃ လျော်ပေးဖို့ ဘော်ဂါထင် အယူခံတရားရုံးက ပြောတယ်။
၂၀၂၂ ခုနှစ်မှာ အော်စလိုနဲ့ ဗိုင်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကို မှတ်ပုံတင်ခွင့် ဖျက်သိမ်းခဲ့တယ်။ တရားဝင်မှတ်ပုံတင်ခွင့်ရထားတဲ့ ဘာသာရေးအသင်းအဖွဲ့ ၇၀၀ ကျော်ဟာ အစိုးရဆီက ငွေကြေးပိုင်းနဲ့ တခြားကိစ္စတွေမှာ အကူအညီရပေမဲ့ ယေဟောဝါသက်သေတွေကတော့ မှတ်ပုံတင်ခွင့် ဖျက်သိမ်းခံရလို့ အဲဒီကူညီပံ့ပိုးမှုတွေ မရတော့ဘူး။ ဖျက်သိမ်းရတဲ့အကြောင်းရင်းက အသင်းတော်ထဲက နောင်တမယူတဲ့ အပြစ်ပြုသူတွေကို ဖယ်ရှားတဲ့ ကျမ်းစာအခြေခံ အစီအစဉ်ကို သဘောမတူလို့ ဖြစ်တယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ၂၀၂၄ ခုနှစ်၊ မတ်လမှာ အော်စလိုခရိုင်တရားရုံးက အတည်ပြုပြီးနောက် နော်ဝေ ယေဟောဝါသက်သေတွေ အယူခံဝင်ခဲ့တယ်။ အယူခံတရားရုံးက အောက်တရားရုံးရဲ့ စီရင်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို တရားရုံးချုပ်မှာ အစိုးရဘက်က အယူခံဝင်နိုင်သေးတယ်။
အယူခံဝင်မှုကို ကြားနာစစ်ဆေးချိန်မှာ တရားသူကြီး ၃ ယောက်က ကျွန်တော်တို့ရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ ကျမ်းစာအခြေပြု သွန်သင်ချက်တွေကို အသေအချာ စစ်ဆေးခဲ့တယ်။ အသင်းတော်ကနေ နောင်တမရသူကို ဖယ်ရှားတာက အဲဒီလူရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်ဆိုတဲ့ အစိုးရရဲ့ စွဲချက် မှားကြောင်း ဆုံးဖြတ်တယ်။ နောင်တမယူတဲ့ အသက် ၁၈ နှစ်အောက် နှစ်ခြင်းခံပြီးသူကို အသင်းတော်ကနေ ဖယ်ရှားတာဟာ သူ့ကို “စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ရာ မရောက်ဘူး” ဆိုပြီး တရားရုံးက စီရင်ဆုံးဖြတ်တယ်။
“ယေဟောဝါသက်သေတွေရဲ့ မှတ်ပုံတင်ခွင့်ကို အစိုးရ ဖျက်သိမ်းလိုက်တဲ့ အကြောင်းရင်း မခိုင်လုံဘူး” ဆိုပြီး တရားရုံးက ဆုံးဖြတ်တယ်။
တရားရုံးအရှေ့မှာ ရပ်နေတဲ့ တရားရေးအဖွဲ့
နော်ဝေ အယူခံတရားရုံးရဲ့ စီရင်ချက်အကြောင်း ကြားရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒီအတွက် ယေဟောဝါကို ကျေးဇူးတင်၊ ချီးမွမ်းပါတယ်။—ဆာလံ ၄၀:၄။