၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
၂၀၂၅၊ မေလမှာ ဘာသာစကားနှစ်မျိုးနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်ကျမ်းလုံး ထုတ်ဝေ
ကီစီဘာသာစကား
၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်မှာ လိုင်ဘေးရီးယား ဌာနခွဲကော်မတီဝင် ညီအစ်ကို ဝင်စတန် ဘတ်စမန်းက ကီစီဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်ကျမ်းလုံးကို ထုတ်ဝေလိုက်ပါတယ်။ ဂီနီနိုင်ငံ၊ ဂီကာဒူးမြို့က အထူးအစည်းအဝေးမှာ ထုတ်ဝေခဲ့တာဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်သူ ၁,၀၂၉ ယောက် ရှိခဲ့တယ်။ ဒါ့အပြင် လိုင်ဘေးရီးယားနိုင်ငံ၊ ဖိုရာမြို့နဲ့ ဆီအဲရာလီယွန်နိုင်ငံ၊ ကွိုင်ဒူးမြို့ကနေလည်း လူ ၂,၄၆၇ ယောက် ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး တက်ရောက်ကြတယ်။ တက်ရောက်သူအားလုံး ပုံနှိပ်ကျမ်းစာ ရရှိကြတယ်။ jw.org၊ JW Library အက်ပ်ကနေလည်း ချက်ချင်း ကူးယူနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကီစီစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အသံဖိုင်တွေကိုလည်း ရရှိမယ့်အကြောင်း အသိပေးကြေညာခဲ့တယ်။
ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီအဲရာလီယွန် နိုင်ငံသုံးနိုင်ငံဆုံတဲ့ ကီစီလန်းဒေသမှာ ကီစီစကားပြောသူ တစ်သန်းလောက် နေထိုင်တယ်။ ဌာနခွဲနယ်မြေတစ်ဝန်းက ကီစီစကားပြော အသင်းတော် ၂၉ ခု၊ အုပ်စုတစ်စုမှာ ညီအစ်ကို၊ ညီအစ်မ ၁,၂၀၀ ကျော် အမှုဆောင်နေကြတယ်။ ဘုရားရဲ့ ကိုယ်ပိုင်နာမည် ယေဟောဝါ ပါဝင်တဲ့၊ တိကျမှန်ကန်တဲ့ ကျမ်းစာ ရရှိပြီဖြစ်လို့ ကီစီစကားပြော သက်သေခံတွေ သိပ်ဝမ်းသာနေကြတယ်။
ဆော်လမွန်ကျွန်းပီဂျင် ဘာသာစကား
၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဝင်ဒါက ဆော်လမွန်ကျွန်းပီဂျင် ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်ကျမ်းလုံးကို ထုတ်ဝေလိုက်ကြောင်း ကြေညာတယ်။ ဆော်လမွန်ကျွန်းရဲ့ မြို့တော် ဟိုနီယာရာမြို့မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ထုတ်ဝေခဲ့တာပါ။ အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်သူ ၂,၃၁၇ ယောက် ရှိပြီး နောက်ထပ် ၁,၆၉၅ ယောက်က မာလိုင်တာကျွန်းထဲက နေရာနှစ်နေရာကနေ ဗီဒီယိုချိတ်ဆက် တက်ရောက်ခဲ့ကြတယ်။ တက်ရောက်သူအားလုံး ဆော်လမွန်ကျွန်းပီဂျင်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ပုံနှိပ်ကျမ်းစာ ရရှိခဲ့ကြတယ်။ ကျမ်းစာကို jw.org၊ JW Library အက်ပ်ကနေလည်း ချက်ချင်း ကူးယူနိုင်ခဲ့တယ်။
ဆော်လမွန်ကျွန်းကို သတင်းကောင်း ဦးဆုံးရောက်ရှိခဲ့တာက ၁၉၅၃ ခုနှစ်မှာပါ။ ဒီနေ့အချိန်၊ ဒီကျွန်းနိုင်ငံမှာ လူဦးရေ ၇၅၇,၀၀၀ လောက်ရှိပြီး တိုင်းရင်းသားဘာသာစကား ၇၀ ကျော် ပြောကြတယ်။ အင်္ဂလိပ်စကားဟာ ရုံးသုံးစကား ဖြစ်ပေမဲ့ ဆော်လမွန်ကျွန်းပီဂျင်ကိုတော့ အများဆုံးပြောကြတယ်။ အခု နိုင်ငံတစ်ဝန်းက အသင်းတော် ၃၈ ခုမှာ ဆော်လမွန်ကျွန်းပီဂျင်စကားပြောတဲ့ ညီအစ်ကို/မ ၂,၁၀၀ အမှုဆောင်နေကြပါတယ်။

