၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
၂၀၂၅ ခုနှစ်၊ မတ်လမှာ လက်သင်္ကေတပြဘာသာစကားနှစ်မျိုးနဲ့ ကျမ်းစာစောင်တွေ ထုတ်ဝေ
ကိုးရီးယား လက်သင်္ကေတပြ ဘာသာစကား
၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင် လက်က ကိုးရီးယား လက်သင်္ကေတပြ ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်ကျမ်းလုံးကို ထုတ်ဝေလိုက်ပါတယ်။ တောင်ကိုးရီးယား၊ ဂိုရန်မြို့မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ထုတ်ဝေကြောင်း ကြေညာတာပါ။ အစီအစဉ်ကို လူကိုယ်တိုင်တက်ရောက်သူ ၇,၂၂၆ ယောက်၊ ဗီဒီယိုနဲ့ ချိတ်ဆက်တက်ရောက်သူ ၆၄,၉၆၀ ယောက် ရှိခဲ့တယ်။ ကျမ်းစာကို jw.org၊ JW Library အက်ပ်၊ JW Library Sign Language အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။
ဒါဟာ ကိုးရီးယား လက်သင်္ကေတပြ ဘာသာစကားနဲ့ ရတဲ့ ပထမဆုံး ကျမ်းစာအပြည့်အစုံ ဖြစ်တယ်။ ကိုးရီးယား လက်သင်္ကေတပြ ဘာသာစကား အသုံးပြုသူ ၁၀၀,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ညီအစ်ကို/မ ၁,၇၀၀ ကျော်က ကိုးရီးယားနိုင်ငံက လက်သင်္ကေတပြ အသင်းတော် ၃၉ ခုနဲ့ အုပ်စု ၂ စု မှာ အမှုဆောင်နေကြပါတယ်။
ဂါနာ လက်သင်္ကေတပြ ဘာသာစကား
၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်မှာ ဂါနာဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဂျိုဝဲလ် ဂရင်က ဂါနာလက်သင်္ကေတပြ ဘာသာစကားနဲ့ မဿဲကျမ်းကို ထုတ်ဝေလိုက်တယ်။ ခူမာဆီမြို့မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ထုတ်ဝေတာဖြစ်ပြီး လူကိုယ်တိုင် တက်ရောက်သူ ၁,၅၅၄ ယောက်၊ ဗီဒီယို ချိတ်ဆက်တက်ရောက်သူ ၄၂၄ ယောက် ရှိခဲ့တယ်။ ထုတ်ဝေကြောင်း ကြေညာပြီးပြီးချင်း မဿဲကျမ်းကို jw.org၊ JW Library အက်ပ်၊ JW Library Sign Language အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။
ဒါဟာ ဂါနာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ရတဲ့ ပထမဆုံး ကျမ်းစာစောင်ပါ။ ဂါနာလက်သင်္ကေတပြ ဘာသာစကား အသုံးပြုသူ ၂၁၁,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဂါနာနိုင်ငံမှာ ညီအစ်ကို၊ ညီအစ်မ ၁,၂၅၀ ကျော်က လက်သင်္ကေတပြ အသင်းတော် ၃၂ ခုနဲ့ အုပ်စု ၃၅ ခုမှာ အမှုဆောင်နေကြပါတယ်။