မြန်မာ
၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ဘာသာစကားလေးမျိုးနဲ့ ကျမ်းစာစောင်တွေ ထုတ်ဝေ
https://cms-imgp.jw-cdn.org/img/p/702025078/univ/art/702025078_univ_sqr_xl.jpg

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ဘာသာစကားလေးမျိုးနဲ့ ကျမ်းစာစောင်တွေ ထုတ်ဝေ

၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ဘာသာစကားလေးမျိုးနဲ့ ကျမ်းစာစောင်တွေ ထုတ်ဝေ

အင်ဂိုလာ လက်သင်္ကေတပြ ဘာသာစကား

၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက်မှာ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာကို အင်ဂိုလာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ရနိုင်ပြီဖြစ်ကြောင်း အင်ဂိုလာဌာနခွဲကော်မတီဝင် ညီအစ်ကို တေလာ ဘွန်းစ်ချိန်း ကြေညာခဲ့တယ်။ အင်ဂိုလာနိုင်ငံ၊ လူအန်ဒါမြို့မှာ ကျင်းပတဲ့ “စင်ကြယ်တဲ့ ဝတ်ပြုရေး” ၂၀၂၅ ခရိုင်အစည်းအဝေးမှာ ကြေညာခဲ့တာ ဖြစ်တယ်။ အစည်းအဝေးကြီး တက်ရောက်သူ ၁,၅၄၀ ရှိခဲ့တယ်။ အသစ်ထုတ်ဝေလိုက်တဲ့ ခရစ်ယာန် ဂရိကျမ်းစာ ကို JW Library၊ JW Library Sign Language apps နဲ့ jw.org ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ဒါဟာ အင်ဂိုလာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေတဲ့ ဦးဆုံး ခရစ်ယာန် ဂရိကျမ်းစာ အပြည့်အစုံပါ။ ယေဟောဝါသက်သေတွေက ကျမ်းစာအခြေပြု စာစောင်တွေကို အင်ဂိုလာ လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေခဲ့တာ ၂၀၁၃ ခုနှစ် ကတည်းကပါ။ အခုဆိုရင် အင်ဂိုလာနိုင်ငံအနှံ့မှာရှိတဲ့ လက်သင်္ကေတပြစကားအသင်းတော် ၃၇ ခုနဲ့ အုပ်စု ၁၁ ခု မှာ ညီအစ်ကို၊ ညီအစ်မ ၁,၁၀၀ နီးပါး အမှုဆောင်နေကြပါတယ်။

ဗင်နီဇွဲလား လက်သင်္ကေတပြ ဘာသာစကား

၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက်မှာ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ ကို ဗင်နီဇွဲလား လက်သင်္ကေတပြ ဘာသာစကားနဲ့ ရနိုင်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားဌာနခွဲကော်မတီဝင် ညီအစ်ကို အက်ဂါဒို လိုပက်ဇ် ကြေညာခဲ့တယ်။ လာဗစ်တိုးရီးယားမြို့၊ ဗင်နီဇွဲလားဌာနခွဲရုံးမှာ ကျင်းပတဲ့ အထူးအစည်းအဝေးတစ်ခုမှာ ကြေညာခဲ့တာ ဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်သူ ၃၀၉ ယောက်၊ ဗီဒီယိုချိတ်ဆက် တက်ရောက်သူ ၁,၂၁၅ ယောက် ရှိခဲ့တယ်။ အစီအစဉ်အစအဆုံးကို ဗီဒီယို ရိုက်ကူးထားပြီး အဲဒီအပတ်မှာပဲ ကြည့်ရှုသူ ၉၁၈ ယောက် ရှိခဲ့တယ်။ အသစ်ထုတ်ဝေလိုက်တဲ့ ခရစ်ယာန် ဂရိကျမ်းစာကို JW Library၊ JW Library Sign Language apps နဲ့ jw.org ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

အခုအချိန်မှာ ဗင်နီဇွဲလား လက်သင်္ကေတပြစကားကို အသုံးပြုသူ ၁၀၀,၀၀၀ ကျော် ရှိပါတယ်။ လက်ရှိမှာ ညီအစ်ကို၊ ညီအစ်မ ၁,၃၀၀ ကျော်က နိုင်ငံအနှံ့မှာရှိတဲ့ လက်သင်္ကေတပြစကားအသင်းတော် ၃၃ ခုနဲ့ အုပ်စု ၃၄ ခုမှာ အမှုဆောင်နေကြပါတယ်။

ကီတူဘာ

၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်မှာ ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲကော်မတီဝင် ညီအစ်ကို မမ်ဘဲ့ထယ် ဖရန်ဆွာက ကီတူဘာ ဘာသာစကားနဲ့ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်းနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ တို့ကို ထုတ်ဝေလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ၊ ပွန့် နောရီမြို့ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ “စင်ကြယ်တဲ့ ဝတ်ပြုရေး” ၂၀၂၅ ခရိုင်အစည်းအဝေးမှာ ကြေညာတာပါ။ တက်ရောက်သူပေါင်း ၁,၂၇၆ ရှိတယ်။ JW Library နဲ့ jw.org တို့ကနေ ချက်ချင်း ကူးယူနိုင်ခဲ့ကြတယ်။ အကန့်အသတ်နဲ့ ပုံနှိပ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ ကိုတော့ ခရိုင်အစည်းအဝေးတက်ရောက်သူတွေ ရရှိကြတယ်။ ပုံနှိပ်ကျမ်းစာကို အသင်းတော်တွေလည်း မကြာခင် ရရှိပါမယ်။

အင်ဂိုလာနိုင်ငံ၊ ဂါဘွန်းနိုင်ငံနဲ့ ကွန်ဂိုသမ္မတနိုင်ငံမှာ ကီတူဘာ ဘာသာစကားပြောသူပေါင်း ၁၂ သန်းကျော် နေထိုင်တယ်။ ကီတူဘာ ဘာသာစကားပြော အသင်းတော် ၃၅ ခုမှာ ညီအစ်ကို၊ ညီအစ်မ ၂,၅၀၀ ကျော် အမှုဆောင်နေကြပါတယ်။

ကိုလံဘီယာ လက်သင်္ကေတပြစကား

၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက်မှာ ကိုလံဘီယာ ဌာနခွဲကော်မတီဝင် ညီအစ်ကို အန်ဒရေ မဟီးရာက ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပြည့်အစုံကို ကိုလံဘီယာ လက်သင်္ကေတပြစကားနဲ့ ရနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့တယ်။ ကိုလံဘီယာနိုင်ငံ၊ ကိုတာမြို့ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အထူးအစည်းအဝေးတစ်ခုမှာ ကြေညာခဲ့တာဖြစ်တယ်။ ဒီအစီအစဉ်ကို လူကိုယ်တိုင်တက်ရောက်သူ ၁,၉၈၀ နဲ့ နိုင်ငံအတွင်း ဒေသပေါင်း ၄၇ ခုကနေ ဗီဒီယိုချိတ်ဆက် တက်ရောက်သူ ရာချီ ရှိခဲ့တယ်။ အသစ်ထုတ်ဝေလိုက်တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို JW Library၊ JW Library Sign Language apps နဲ့ jw.org တို့ကနေ ချက်ချင်း ကူးယူနိုင်ကြတယ်။

ဒါဟာ ကိုလံဘီယာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေတဲ့ ဦးဆုံး ကမ္ဘာသစ် ဘာသာပြန်ကျမ်း အပြည့်အစုံ ဖြစ်တယ်။ ဒီနေ့အချိန်မှာ ခန့်မှန်းခြေအားဖြင့် ကိုလံဘီယာ လက်သင်္ကေတပြ ဘာသာစကား အသုံးပြုသူ ၅၀၀,၀၀၀ ကျော် ရှိတယ်။ ကိုလံဘီယာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေလာတာ၂၅ နှစ် ကျော်ပြီ။ လက်ရှိမှာ ညီအစ်ကို၊ ညီအစ်မ ၁,၄၀၀ ကျော်က ကိုလံဘီယာနိုင်ငံအနှံ့မှာရှိတဲ့ လက်သင်္ကေတပြ ဘာသာစကား အသင်းတော် ၃၅ ခုနဲ့ အုပ်စု ၁၁ ခုမှာ အမှုဆောင်နေကြပါတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပြည့်အစုံကို အမှုဆောင်လုပ်ငန်းမှာ၊ ကိုယ်ပိုင်လေ့လာမှုမှာ၊ အသင်းတော်မှာ အသုံးပြုနိုင်ပြီဖြစ်လို့ သူတို့ သိပ်ကို စိတ်လှုပ်ရှားနေကြတယ်။