မာတိကာဆီ ကျော်သွား

စိန့်​ပီတာစဘတ်​မြို့က သိမ်းယူ​ခံ​ထားရတဲ့ ယေဟောဝါသက်သေတွေရဲ့ အဆောက်အအုံ​နှစ်ခု၊ ဆို​နီ​ချ​နာ​ယာ​မှာ​ရှိတဲ့ ယခင် ဌာနခွဲရုံး (ဘယ်) နဲ့ ကို​လို​မြာ​ဇ​ကီ​ယာ စည်းဝေးပွဲ​ခန်းမ​ဟောင်း (ညာ)

ဇူလိုင် ၄၊ ၂၀၁၉
ရုရှား

ဒေါ်လာ ၅၇ သန်းကျော် တန်ဖိုးရှိ ယေဟောဝါသက်သေတွေရဲ့ အဆောက်အအုံတွေကို ရုရှား သိမ်းယူ

ဒေါ်လာ ၅၇ သန်းကျော် တန်ဖိုးရှိ ယေဟောဝါသက်သေတွေရဲ့ အဆောက်အအုံတွေကို ရုရှား သိမ်းယူ

ရုရှား​တရားရုံးချုပ်​က ၂၀၁၇၊ ဧပြီ ၂၀ ရက်​နေ့မှာ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေးကို ပိတ်ပင်​လိုက်တယ်။ အဲဒီ​နောက်ပိုင်း ညီအစ်ကို၊ ညီအစ်မ​တွေဟာ ညှဉ်းပန်း​နှိပ်စက်​ခံရ၊ ထောင်ချ​ခံရတယ်။ အာဏာပိုင်တွေ​ဟာ ယေဟောဝါသက်သေတွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံ ၁၃၁ ခု​ကို တစ်ခု​ပြီး​တစ်ခု သိမ်း​လိုက်တယ်။ နောက်ထပ် အဆောက်အအုံ ၆၀ လည်း အသိမ်း​ခံရမယ့် အန္တရာယ် ကြုံနေ​ရတယ်။ အဆောက်အအုံ​အားလုံးရဲ့ စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ၅၇ သန်း​ကျော်​လောက် ရှိတယ်။

အသိမ်း​ခံရတဲ့ အဆောက်အအုံ​တစ်ခုကတော့ ဆို​နီ​ချ​နာ​ယာ​မှာ ရှိတဲ့ ယခင် ရုရှား​ဌာနခွဲ အဆောက်အအုံ ဖြစ်တယ်။ အဲဒီ​အဆောက်အအုံ​ကို ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်း​က ပိုင်ဆိုင်တာ​ပါ။ (အပေါ်​ပုံ ဘယ်ဘက်။) အဲဒီ​အဆောက်အအုံ​တစ်ခုတည်း​က​ပဲ ဒေါ်လာ သန်း ၃၀ လောက်​တန်တယ်။ အသိမ်း​ခံ​လိုက်ရ​တဲ့ တခြား အဆောက်အအုံ ၄၃ ခု​က ဩစတြီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်​ဝေး၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အမေရိကန်​က နိုင်ငံ​ခြား တရားဝင် အသင်းအဖွဲ့​တွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံ​တွေ ဖြစ်ပါတယ်။ အဲဒီလို သိမ်း​လိုက်တာ​က တရားမဝင်​ပါဘူး။ တရားရုံးချုပ်​က ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​တဲ့ ဆုံးဖြတ်ချက် ချတာ​နဲ့​ပဲ အစိုးရက နိုင်ငံခြားသား ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေကို တရားဝင် သိမ်းယူ​ခွင့် ရသွား​တာ မဟုတ်ဘူး။

ယခင် ရုရှား​ဌာနခွဲရုံး အဆောက်အအုံ​ကို မတရား သိမ်းယူ​ထားတာနဲ့​ပတ်သက်ပြီး စုံစမ်း​စစ်ဆေး​ပေးဖို့ လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ တရားရုံး (ECHR) ထံ ယေဟောဝါသက်သေတွေ တိုင်ကြား​ထားပါ​တယ်။ ECHR က ဘယ်လိုပဲ ဆုံးဖြတ်ပါ​စေ ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်​ကိုးစား​ကြပါတယ်။ ချင်းနင်းဝင်ရောက်​ရှာဖွေမှု၊ ဖမ်းဆီးမှု၊ အစည်းအဝေး ကျင်းပတဲ့ နေရာတွေကို သိမ်းယူမှု​တွေ ရှိနေပေမဲ့ ရုရှား​က ညီအစ်ကို၊ ညီအစ်မ​တွေ သတ္တိရှိရှိ​နဲ့ ယေဟောဝါကို “စွမ်းအားတော် လမ်းပြမှု​နဲ့​အညီ၊ အမှန်တရား​နဲ့​အညီ” ဆက်​ဝတ်ပြု​ကိုးကွယ်​နိုင်ပါစေ​လို့ ကျွန်တော်တို့ ဆုတောင်း​ပေး​ပါတယ်။—ယောဟန် ၄:၂၃