မာတိကာဆီ ကျော်သွား

မေ ၂၃၊ ၂၀၁၈
အီတလီ

သွေးမဲ့​ကုသမှု တိုးတက်ရေး သမိုင်းဝင် ညီလာခံ​ကို ပါ​ဒူ​အာ တက္ကသိုလ်​မှာ လက်ခံ​ကျင်းပ

သွေးမဲ့​ကုသမှု တိုးတက်ရေး သမိုင်းဝင် ညီလာခံ​ကို ပါ​ဒူ​အာ တက္ကသိုလ်​မှာ လက်ခံ​ကျင်းပ

ရောမ။ ၂၀၁၇၊ နိုဝင်ဘာ ၂၄၊ သောကြာ​နေ့မှာ ဆရာဝန်တွေ၊ ဆေး​သုတေသန ပညာရှင်​တွေ၊ ဥပဒေ​ပညာရှင်တွေဟာ “အရွယ်ရောက်​လူနာ သွေးသွင်း​ဖို့ ငြင်းဆို​ရင် ဘယ်​ကုသနည်း​တွေ ရွေးချယ်​နိုင်သလဲ—သွေး​ဖြင့် အသက်ကယ်​ပါ ၂၀၁၇” ခေါင်းစဉ်​ရှိ ညီလာခံ​တက်ဖို့ အီတလီ​နိုင်ငံ၊ သက်တမ်း​အရ​င့်​ဆုံး ပါ​ဒူ​အာ တက္ကသိုလ်​မှာ စုရုံး​ခဲ့​ကြတယ်။ ညီလာခံ​ကို အီတလီ​နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန အပါအဝင် အီတလီ​နိုင်ငံက သိပ္ပံ​ဆိုင်ရာ အဖွဲ့အစည်း ၂၅ ခု​ကျော်​က က​မ​က​ထ ပြုခဲ့တယ်။

ဒေါက်တာ လုကာ ဝီလ်​တက်

အစဉ်အလာ​အရ ခက်ခဲတဲ့​ကုသမှု၊ ခွဲစိတ်​ကုသမှု လုပ်တဲ့​အခါ သွေးသွင်း​ခြင်း​ကို အန္တရာယ်​ကင်းတဲ့ တစ်ခုတည်းသော အသက်ကယ်​နည်း​အဖြစ် ယူမှတ်ခဲ့​ကြတယ်။ ညီလာခံ​တက်ရောက်သူများ​စွာ​ဟာ အဲဒီ​အစဉ်အလာ​ကို လက်မခံကြ​တော့​ဘူး။ ရောမမြို့၊ ဥရောပ​ဆေးရုံ​က နှလုံး​ခွဲစိတ်ကု​ပါရဂူ လုကာ ဝီလ်​တက် ဒီလို​ရှင်းပြတယ်– “ဒီနေ့ ကျွန်တော်တို့ သိလိုက်ရ​တာ​က သွေးသွင်း​ခြင်း​ဟာ အန္တရာယ် ဖြစ်စေ​နိုင်တယ်၊ ကုသမှု အတော်များများမှာ သွေးသွင်း​ဖို့ မလိုဘူး။”

ဒေါက်တာ ဝီလ်​တက်​နဲ့ အစီအစဉ်မှာ ပါဝင်တဲ့ တခြား​ဆရာဝန်တွေ​က ကိုယ်တွေ့ အတွေ့အကြုံ​အပြင် သွေးသွင်း​ကုသခြင်း​နဲ့​ဆက်စပ်​နေတဲ့ သေဆုံးမှု၊ ဖျားနာမှု၊ ဆေးရုံတက်​ချိန်၊ သွေးသွင်း​ကုသမှု​ကြောင့် တခြား​ဆိုးရွား​တဲ့ ကျန်းမာရေး အန္တရာယ်​စတဲ့ သိပ္ပံ​ဆိုင်ရာ​လေ့လာမှု​တွေ​ပေါ် အခြေခံပြီး ကောက်ချက်ချ​ကြ​တာ ဖြစ်တယ်။ *

“ဒီနေ့ ကျွန်တော်တို့ သိလိုက်ရ​တာ​က သွေးသွင်း​ခြင်း​ဟာ အန္တရာယ် ဖြစ်စေ​နိုင်တယ်၊ ကုသမှု​များစွာမှာ သွေးသွင်း​ဖို့ မလိုဘူး။”—ဒေါက်တာ လုကာ ဝီလ်​တက်၊ နှလုံး ခွဲစိတ်ကု​ဆရာဝန်၊ ဥရောပ​ဆေးရုံ၊ ရောမမြို့

သွေးသွင်း​စရိတ် ကြီးမားမှု​အပြင် သိပ္ပံ​အထောက်အထား​ကြောင့် ကမ္ဘာ့​ကျန်းမာရေး​အဖွဲ့ (WHO) က ၂၀၁၀ ပြည့်နှစ်မှာ လူနာ​သွေး စီမံခန့်ခွဲမှု (PBM) ကို အကောင်အထည်ဖော်​ဖို့ လှုံ့ဆော်​ပေးခဲ့တယ်။ PBM ဆိုတာ ကျန်းမာရေး၊ လူနာ​ဘေးကင်းရေး၊ ခွဲစိတ်​ကုသမှု​ရလဒ်ကောင်း ရှိ​ရေး၊ သွေးသွင်း​ခြင်း​ကို သိသိသာသာ လျှော့ချ​ရေး​အတွက် နည်း​စနစ်​အမျိုးမျိုး၊ လုပ်ထုံး​လုပ်​နည်း​အမျိုးမျိုးကို အာရုံစိုက် သုံးသပ်​ကြတယ်။ WHO က ဆုံးဖြတ်ချက်​တစ်ရပ် ထုတ်ပြန်​ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်​နိုင်ငံ ၁၉၃ နိုင်ငံမှာ PBM ကို အကောင်အထည်ဖော်​ကြဖို့ တိုက်တွန်း​လိုက်တယ်။

ပါမောက္ခ စတက်ဖနီ​ယာ ဗာ​ဂ​လီ​ယို

ရောမမြို့၊ စ​န်​အန်ဒရေ​ယာ တက္ကသိုလ်​ဆေးရုံ​က သွေးသွင်း​ကုသမှု ဆရာဝန်​ကြီး ပါမောက္ခ စတက်ဖနီ​ယာ ဗာ​ဂ​လီ​ယို​က PBM နဲ့​ပတ်သက်ပြီး ဆွေးနွေးခဲ့​တယ်။ အရင်တုန်းက ဆေး​ကုသ​တဲ့အခါ လှူဒါန်း​ထားတဲ့​သွေး စီမံခန့်ခွဲမှု​ပေါ် မူတည်​ခဲ့တယ်။ ဒါပေမဲ့ အခုတော့ “လှူဒါန်း​ထားတဲ့​သွေး​ကို မဟုတ်ဘဲ လူနာ​ရဲ့​သွေး​ကိုပဲ အာရုံစိုက်​လာပြီ” လို့​ပြောတယ်။ PBM ရဲ့​ရည်ရွယ်ချက်​တစ်ခုက “ကုသ​နေစဉ်​အတွင်း လူနာ​သွေး ဆုံးရှုံးမှု နည်း​အောင် အတတ်နိုင်ဆုံး အာရုံစိုက်​ခြင်း” ဖြစ်တယ်။ လူနာ​သွေး​ကို ထိန်းသိမ်း​တဲ့ ဆေးပညာ​တွေဟာ “တကယ်တော့ ပို​အရည်အသွေး​ကောင်းတဲ့ ကုသနည်း ဖြစ်တယ်” လို့ ပါမောက္ခ ဗာ​ဂ​လီ​ယို ရှင်းပြခဲ့တယ်။

ဗီရို​နာ တက္ကသိုလ်​ဆေးရုံ​က အထွေထွေ ခွဲစိတ်​ဆရာဝန် ဒေါက်တာ တို​မာ​ဆို က​မ်​ပတ်​နာ​ရို​က သွေးမဲ့​ကုသနည်း​တွေရဲ့ အကျိုးကျေးဇူးတွေကို အတည်​ပြုခဲ့တယ်။ ၁၉၉၀ ပြည့်လွန်​နှစ်တွေ​နှောင်းပိုင်း​မှာ အ​ရှုပ်ထွေး​ဆုံး ဝမ်းဗိုက်​ပိုင်း ခွဲစိတ်​ကုသမှု​ဆိုင်ရာ အချက်အလက်​တွေကို ဆန်းစစ်​ပြီးနောက် ဒီလို​ကောက်ချက်​ချတယ်– “သွေးမသွင်း​တဲ့​လူနာ​တွေဟာ သွေးသွင်း​တဲ့​လူနာ​တွေ​နဲ့ နှိုင်းယှဉ်​ရင် ရောဂါ​သစ် တိုး​မှု​နှုန်း၊ သေဆုံးမှု​နှုန်း ပိုနည်း​တယ်။”

“သွေးမသွင်း​တဲ့​လူနာ​တွေဟာ သွေးသွင်း​တဲ့​လူနာ​တွေ​နဲ့ နှိုင်းယှဉ်​ရင် ရောဂါ​သစ် တိုး​မှု​နှုန်း၊ သေဆုံးမှု​နှုန်း ပိုနည်း​တယ်။”—ဒေါက်တာ တို​မာ​ဆို က​မ်​ပတ်​နာ​ရို၊ အထွေထွေ ခွဲစိတ်​ဆရာဝန်၊ ဗီရို​နာ တက္ကသိုလ်​ဆေးရုံ

တွဲဖက် ပါမောက္ခ အန်​နာ အာ​ပ​ရီ​လေ

ညီလာခံ​တက်ရောက်​လာတဲ့ တခြား​သူတွေလို​ပဲ ဒေါက်တာ က​မ်​ပတ်​နာ​ရို​က သွေးမဲ့​ကုသနည်း ရှာကြံ​ဖို့ ဆရာဝန်တွေ​ကို လှုံ့ဆော်ပေး​ခဲ့​တဲ့ ယေဟောဝါ​သက်သေတွေကို ကျေးဇူးတင်ကြောင်း ပြောတယ်။ ပါ​ဒူ​အာ တက္ကသိုလ် ဆေး​ဥပဒေ တွဲဖက်​ပါမောက္ခ အန်​နာ အာ​ပ​ရီ​လေ ဒီလို​ပြောတယ်– “ယေဟောဝါ​သက်သေတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သွေးသွင်းတာ​ကို ငြင်းဆို​ပိုင်ခွင့်​ကိစ္စ​ကို ပေါ်ပေါက်​စေခဲ့​သူတွေ၊ ဒီ​အကြောင်းကို လူတိုင်း စဉ်းစား​သုံးသပ်​အောင်၊ သွေး​ကို အတတ်နိုင်ဆုံး လျှော့​သုံးဖို့ ကူညီပေး​ခဲ့​သူတွေပါ။”

“ယေဟောဝါ​သက်သေတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သွေးသွင်းတာ​ကို ငြင်းဆို​ပိုင်ခွင့်​ကိစ္စ​ကို ပေါ်ပေါက်​စေခဲ့​သူတွေ ... ပါ။”—အန်​နာ အာ​ပ​ရီ​လေ၊ ဆေး​ဥပဒေ တွဲဖက်​ပါမောက္ခ၊ ပါ​ဒူ​အာ တက္ကသိုလ်

မေ့​ဆေး၊ နှလုံး၊ သားဖွား​မီးယပ်၊ သွေး၊ ကင်ဆာ၊ အရိုး​စတဲ့ ဘာသာရပ်​မျိုးစုံ​က အထူးကု ဆရာဝန်​ကြီး​တွေ ညီလာခံ​မှာ တင်ဆက်​ခဲ့​ကြတယ်။ ဒါပေမဲ့ အလေး​ပေးတဲ့ အကြောင်းအရာက အတူတူ​ပါပဲ– ဆေး​အဖွဲ့အစည်း​တွေ၊ ဥပဒေပြု​စု​သူတွေ၊ သာမန်​ပြည်သူတွေ​အားလုံးကို ပညာရှင်​တွေ ထုတ်ဝေ​ထားတဲ့ အချက်အလက်၊ အတွေ့အကြုံ​တွေ၊ PBM နည်း​စနစ်​တွေ ဖွင့်ပြ​သင့်တယ်။

ပါ​ဒူ​အာ တက္ကသိုလ် မော်​ဂါ​ဂ​နီ စာသင်​ခန်း​မှာ တက်ရောက်​လာ​သူတွေ တင်ဆက်မှု​တစ်ခုကို နားထောင်​နေကြစဉ်။

ဒေါက်တာ ဝီလ်​တက် ဒီလို ထပ်​ပြောတယ်– “လူ့​ကိုယ်ခန္ဓာ ခွဲစိတ်​ကုသမှု​တွေ​ထဲ​က မျက်မှောက်ခေတ် ခွဲစိတ်ကု​သနည်း​တွေ​ထဲမှာ ပင်မ​သွေးလွှတ်ကြော ခွဲစိတ်​ကုသ​ရတာက အကြီးဆုံး ခွဲစိတ်​ကုသမှု ဖြစ်တယ်။ ... ဒါကို သွေးမဲ့​ခွဲစိတ်​ကုသ​ပေး​နိုင်တယ်​ဆိုရင် တခြား​ဘယ်​ကုသမှု​ကို​မဆို လုပ်နိုင်ပြီ။”

Media Contacts:

International: David A. Semonian, Office of Public Information, +1-84​5-5​2​4-3​0​0​0

Italy: Christian Di Blasio, +39-0​6-8​7​2​9​4​1

^ အပိုဒ်၊ 4 ဥပမာ၊ မကြာသေးခင်က ဩစတြေးလျ အနောက်ပိုင်း​မှာ သွေးသွင်း​ကုသမှု​အကြောင်း လေ့လာပြီး ဂျာနယ်​တစ်ခုမှာ ထုတ်ဝေ​ခဲ့​တဲ့ သွေးသွင်း​ခြင်း ဆိုတဲ့ ဆောင်းပါးကို ညီလာခံ​မှာ ရည်ညွှန်း​ဖော်ပြခဲ့တယ်။ စာရေး​ဆရာတွေက လူနာ​သွေး စီမံခန့်ခွဲမှု အစီအစဉ်ကို ခြောက်​နှစ်​ကြာ ကျယ်ကျယ်​ပြန့်​ပြန် လေ့လာမှု​ရလဒ်ကို ဖော်ပြ​ကြတယ်။ အဓိက ဆေးရုံကြီး​လေးခု​မှာ လူနာ ၆၀၅,၀၄၆ ယောက်ရဲ့ အချက်အလက်​တွေကို ဆန်းစစ်​လေ့လာ​ခဲ့​ကြတယ်။ လေ့လာမှု ပြုလုပ်​နေစဉ်​အတွင်း သွေး​အသုံးပြုမှု ၄၁ ရာခိုင်နှုန်း လျော့ကျ​သွားတယ်။ လူနာ​သေဆုံးမှု ၂၈ ရာခိုင်နှုန်း၊ ဆေးရုံတက်​သူ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း၊ ဆေးရုံ​အတွင်း ကူးစက်ရောဂါ​ရ​မှု ၂၁ ရာခိုင်နှုန်း၊ နှလုံး​ဖောက်​ခြင်း၊ လေဖြတ်ခြင်း ဖြစ်ပွားမှု ၃၁ ရာခိုင်နှုန်း လျော့နည်း​သွားတယ်။ PBM အစီအစဉ်ကို အကောင်း​အထည်​ဖော်​မှု​ကြောင့် လူနာ​တွေ ရလဒ် ပို​ကောင်း​လာကြတယ်။ သွေး​အသုံးပြုမှု လျော့နည်းလာ​တယ်။ ကုန်ကျ​စရိတ် သက်သာ​စေတယ်။