မာတိကာဆီ ကျော်သွား

မေ ၂၂၊ ၂၀၁၇
အမေရိကန်​ပြည်ထောင်စု

ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့​ဌာနချုပ်​သစ် ပြပွဲ​ကို ဒေသခံ​တွေ ကျေနပ်​အားရ

ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့​ဌာနချုပ်​သစ် ပြပွဲ​ကို ဒေသခံ​တွေ ကျေနပ်​အားရ

နယူးယောက်။ ၂၀၁၇၊ ဧပြီ ၂၉၊ စနေနေ့ မှာ​ပြုလုပ်တဲ့ နယူးယောက်၊ ဝေါဝစ်​ရှိ ကမ္ဘာ့​ဌာနချုပ်​သစ် ပြပွဲ​ကို ဒုတိယ​အကြိမ် ပြုလုပ်​တော့ ပထမ​အကြိမ်​က​ထက် လာရောက်​ကြည့်ရှုသူ များ​ခဲ့​ပါတယ်။

လွန်ခဲ့တဲ့​အပတ် စနေနေ့​မှာ ဧည့်သည် ၄၆၈ ဦး လာရောက်​ခဲ့​တာ​မို့ ပထမ​အကြိမ်​တုန်း​က​ထက် ၁၈ ရာခိုင်နှုန်း များ​ပါတယ်။ ဌာနချုပ်​အဆောက်အဦ မန်နေဂျာ ထရွိုင် စ​နေ​ဒါ ဒီလို​ပြောပါ​တယ်- “ပြီးစီး​သွားတဲ့ အဆောက်အဦ​ကို အနီးအနားက ဒေသခံ​တွေ၊ အထူးသဖြင့် မြို့​အာဏာပိုင်တွေ အများကြီး လာရောက်​ကြည့်ရှု​ကြ​လို့ ကျေနပ်​ပီတိဖြစ်​မိတယ်။ လွန်ခဲ့တဲ့​အပတ် ပထမ​အကြိမ်​ပြပွဲ​တုန်း​က သိမြင်​ကြုံတွေ့​ခဲ့​တာ​တွေ​ကြောင့် ဒုတိယ​အကြိမ် လာရောက်​ကြည့်ရှု​တဲ့ နယ်​ခံ​တချို့လည်း ရှိတယ်။”

စနေနေ့ နှစ်​ရက်​ဆက်တိုက် မနက် ၁၀:၀၀ နာရီ​ကနေ မွန်းလွဲ ၄:၀၀ နာရီ​အထိ ပြပွဲ နှစ်ကြိမ်​ပြုလုပ်​တော့ လူပေါင်း ၈၆၃ ဦး လာရောက်​ကြပါတယ်။ “ဌာနချုပ်​ရုံး​ပြပွဲ အင်မတန်​အောင်မြင်တယ်လို့ ထင်​ပါတယ်။ လာရောက်သူ​တွေ​ဆီကနေ အားရ​ကျေနပ်စရာ​စကားတွေ ကြားရ​ပါတယ်။ ကျွန်တော်တို့ရဲ့ အဆောက်အဦ၊ ပြတိုက်​ကို အနီးအနားက​လူတွေ နောက်​တစ်ကြိမ် လာရောက်​လည်ပတ်ကြ​ဖို့ စောင့်မျှော်​နေပါတယ်” လို့ မစ္စတာ စ​နေ​ဒါက ပြောပါ​တယ်။

အင်း​ဂ​ရ​စ် မာ​ဂါ

နယူးယောက်၊ တက်​စီ​ဒို​ဥယျာဉ်​နား​မှာ နေထိုင်တဲ့ အင်း​ဂ​ရ​စ် မာ​ဂါ​ဟာ ပြပွဲ​ကို လာ​လည်ပတ်​တဲ့​သူ​တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ယခင်​မြေပိုင်ရှင် အင်​တာ​နေ​ရှင်​နယ် နီ​ကယ်​ကုမ္ပဏီရဲ့ သတ္တု​ဗေဒ သုတေသန​ဓာတ်ခွဲခန်း​မှာ ၁၈ နှစ်​ကြာ လုပ်ခဲ့ဖူး​ပါတယ်။ တစ်ချိန်က မြေနေရာ အသုံးပြု​ခဲ့​ပုံကို သတိတရ​နဲ့ ဒီလို​ပြောပါ​တယ်- “ဒီ​မြေပေါ် လုပ်ဆောင်နေ​တာတွေကို ကျွန်မ ကျေနပ်​အားရ​ပါတယ်။ ဒီ​နေရာမှာ ဘာ​ဖြစ်လာမလဲ​ဆိုပြီး အကြာကြီး စဉ်းစား​ခဲ့​ဖူး​တယ်။ တကယ်​လှတဲ့​နေရာပါ။ ရှင်တို့​ကြောင့် ပို​လှ​သွားပြီ။” လက်ရှိ နေထိုင်သူတွေ​နဲ့​ပတ်သက်ပြီး မ​စ္စ​မာ​ဂါ ဒီလို​ပြောပါ​တယ်- “ရှင်တို့ [ယေဟောဝါသက်သေတွေ] ဟာ အိမ်နီးချင်း​ကောင်း​တွေ​လို့ ထင်​ပါတယ်။ စာနာ​တတ်ကြတယ်။ ဂရုစိုက်​တတ်ကြတယ်။ ပတ်ဝန်းကျင်​ကို ဂရုစိုက်​ကြတယ်။ ရပ်ကွက်​အသိုင်းအဝိုင်း​ကို ဂရုစိုက်​ကြတယ်။ ရှင်တို့​နဲ့ အိမ်နီးချင်း​ဖြစ်ရ​တာ ကျွန်မတို့​အတွက် သိပ်​ကောင်းတာပေါ့။”

ဝီလျံ ဟု​ပ်

“အလုပ်ကို စံနှုန်း​အမြင့်​မား​ဆုံး ဖြစ်စေချင်​ကြ​တာ ရှင်း​ပါတယ်။ . . . ဆောက်လုပ်ရေး​လုပ်ငန်း အရည်အသွေး​က ပြ​နေတာပဲ​လေ။ ဒီ​ဆောက်လုပ်ရေး​ကာလ​အတွင်း ဂေဟစနစ်​နဲ့ ပတ်ဝန်းကျင်​ကို ဒီလောက် ဂရုစိုက်၊ ကာကွယ်​ထိန်းသိမ်း​ကြတာကို အလွန့်အလွန် သဘောကျ​အားရမိ​ပါတယ်။ ဒါဟာ တခြား ဆောက်လုပ်ရေး​စီမံကိန်း​တွေ လိုက်နာ​ဖို့ အလွန်​ကောင်းတဲ့ စံနမူနာ​ပါပဲ” ဆိုပြီး ဆောက်လုပ်ရေး​ကာလ နောက်ဆုံး​နှစ်နှစ်​အတွင်း ဝေါဝစ်​မြို့ စီမံချက်​ကို လာရောက်​စစ်ဆေး​တဲ့ အင်ဂျင်နီယာ ဝီလျံ​ဟု​ပ်​က ပြောပါ​တယ်။

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000