မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဇွန် ၁၃
မာလာဝီ

ယုံကြည်ချက်​ကြောင့် ကျောင်း​ထုတ်​ခံရတဲ့ ယေဟောဝါ​သက်သေ ကျောင်းသား​နှစ်ဦး ကျောင်း​ပြန်​တက်ခွင့်​ရ

ယုံကြည်ချက်​ကြောင့် ကျောင်း​ထုတ်​ခံရတဲ့ ယေဟောဝါ​သက်သေ ကျောင်းသား​နှစ်ဦး ကျောင်း​ပြန်​တက်ခွင့်​ရ

မာလာဝီ​နိုင်ငံ၊ လီ​လောင်း​ဝေ​မြို့။ ခွန်​ဘီ အခြေခံ​ပညာရေး ကျောင်း​အစည်းအဝေးပွဲ​တစ်ခု​အတွင်း နိုင်ငံတော်​သီချင်း မဆို​လို့ ကျောင်း​ထုတ်​ခံရတဲ့ အေရွန် မ​န်​ခ​မ်​ဘာ (၁၈ နှစ်) နဲ့ ဟေ​စတင် မတ​မ်​ဘာ​လီ​ကာ (၁၅ နှစ်) ဆိုတဲ့ ယေဟောဝါ​သက်သေ ကျောင်းသား​နှစ်ဦး​ဟာ ၂၀၁၇၊ မေ ၃ ရက်မှာ ကျောင်း​ပြန်​တက်ခွင့် ရခဲ့​ပါတယ်။ ၂၀၁၇၊ ဖေဖော်ဝါရီ ၁၃ ရက်​ကတည်းက ကျောင်းတက်ခွင့် ပိတ်​ထား​ခံကြ​ရတာပါ။ သူတို့ရဲ့ မိဘတွေ​နဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံး ကိုယ်စားလှယ်​တွေ​က ကျောင်း​အရာရှိတွေကို အသနားခံ​တင်ပြ​ပြီးနောက်​မှ ကျောင်းတက်ခွင့် ပြန်​ရ​ကြတာပါ။

ဆွေးနွေး​စဉ်​အတွင်း ဌာနခွဲ ကိုယ်စားလှယ်​တွေ​က မာလာဝီ​အစိုးရ​ဆီက စာနှစ်စောင်​ကို ကျောင်း​အရာရှိတွေကို ပြခဲ့တယ်။ မာလာဝီ​နိုင်ငံရှိ ယေဟောဝါသက်သေတွေ​ဆီ လိပ်မူ​ထားတဲ့ ၁၉၉၇ ခုနှစ် စာက နိုင်ငံတော်​သီချင်း ဆို​ခြင်းကနေ ယေဟောဝါ​သက်သေတွေကို ကင်းလွတ်ခွင့်​ပေးထားတဲ့ တရားဝင်​အသိအမှတ်ပြု​စာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်​စာက​တော့ ကျောင်းသားတွေ​ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားဖို့ ဆရာတွေကို တိုက်တွန်း​ထားတဲ့​စာ ဖြစ်တယ်။

စာမေးပွဲ​ကြီး နီးပြီ​ဖြစ်လို့ တကယ် အရေးကြီးတဲ့​အချိန်မှာ ကျောင်း​ပြန်​တက်ခွင့်​ရခဲ့​တာ​ကို ဟေ​စတင် ရှင်းပြတယ်- “စာမေးပွဲ ဖြေ​ခွင့် မရတော့ဘူး​ဆိုပြီး ကျွန်တော်တို့ စိုးရိမ်​နေတာ။ တစ်နှစ် တစ်ကြိမ်ပဲ ဖြေ​ခွင့်​ရတာ​လေ။” ကျောင်းသားတွေက စာမေးပွဲ မအောင်​ရင် အဲဒီ​အတန်း​ကိုပဲ ပြန်​တက်​ကြ​ရပါမယ်။

မာလာဝီ​နိုင်ငံက ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဩ​ဂ​က်​စ​တင်း ဆီ​မို​က “ယုံကြည်ချက်​အရ ရပ်တည်မှု​ကို လေးစား​ကြ​တဲ့​အတွက် ကျောင်းသားတွေ ဝမ်းသာ​ကြတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို ခွင့်ပြု​ပေးလို့၊ ဒီ​ကျောင်းသားတွေကို အတန်း​ပြန်​တက်ခွင့် ပေးလို့ ကျောင်း​အုပ်ချုပ်ရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။”

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Malawi: Augustine Semo, +265-1-762-111