မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၃၊ ၂၀၁၄
ဒိန်းမတ်

ဒိန်းမတ်​နိုင်ငံမှာ သွေးမဲ့​ခွဲစိတ်နည်း သုံးဖို့ ယေဟောဝါသက်သေတွေ လှုံ့ဆော်

ဒိန်းမတ်​နိုင်ငံမှာ သွေးမဲ့​ခွဲစိတ်နည်း သုံးဖို့ ယေဟောဝါသက်သေတွေ လှုံ့ဆော်

ကို​ပင်​ဟေ​ဂ​င်၊ ဒိန်းမတ်။ မြို့တော်​နယ်မြေ​က ဆေး​လောကဟာ သွေး​စီမံခန့်ခွဲမှု​နဲ့​ပတ်သက်လို့ နည်းသစ်​တစ်ခုကို လက်ခံ​ကျင့်သုံး​နေကြောင်း ဒိန်းမတ်​နိုင်ငံရဲ့ ထိပ်​တန်း မီဒီယာ​ဌာန​တွေ​က ဖော်ပြ​ကြတယ်။ “လူနာ အတော်များများကို သွေးမသွင်း​ဘဲ ကုသ​ပေးနိုင်ကြောင်း တွေ့ရှိ​လာပြီ” လို့ Kristeligt Dagblad ဂျာနယ်​မှာ ဖော်ပြ​ထားတယ်။ “သွေးမဲ့​ခွဲစိတ်နည်း​ကို မိတ်ဆက်​ပေးသူ​တွေ​ကတော့ ယေဟောဝါသက်သေတွေ​ပါ” လို့ ဆိုတယ်။ ဒိန်းမတ်​နိုင်ငံက လူဦးရေ ၁၄,၀၀၀ အပါအဝင် ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါ​သက်သေ ၈,၀၀၀,၀၀၀ ကျော်ဟာ မိမိတို့ရဲ့ ဘာသာရေး​ယုံကြည်ချက်​ကြောင့် သွေးမသွင်း​ဘဲ အကောင်းဆုံး​ဆေး​ကုသနည်း ရဖို့ ကြိုးစား​ကြတယ်။

ဒိန်းမတ်​နိုင်ငံက ဆေးရုံတွေ​ဟာ ကမ္ဘာ​မှာ သွေး​အသုံးပြုမှု အများဆုံး​ဆေးရုံတွေ​အဖြစ် လူသိ​များတယ်။ ဥရောပနိုင်ငံ​တွေ​က တခြား​ဆေးရုံတွေ​ထက် ၅၀-၁၀၀ ရာခိုင်နှုန်း​ကျော် သွေး​ပို​သုံးတယ်။ Politiken သတင်းစာ​ထဲ​က “သွေးမဲ့​ခွဲစိတ်နည်း နေရာယူ​လာပြီ” ဆိုတဲ့ ဆောင်းပါး​မှာ​တော့ သွေးသွင်း ကုသ​လေ့​ရှိတဲ့ “ဆရာဝန်တွေ​ကို သွေးမဲ့​ကုသနည်း ရှာကြံ​ဖို့ ယေဟောဝါသက်သေတွေ​က လှုံ့ဆော်​ကြတယ်” လို့ ဖော်ပြ​ထားတယ်။ ဆရာဝန်​တချို့က သက်သေခံ​လူနာ​တွေကို ကုသ​တဲ့အခါ သွေး​ဆုံးရှုံးမှု လျော့နည်းစေတဲ့​နည်း​တွေ သုံး​လာကြပြီ။ မ​ခွဲစိတ်​ခင် အီရစ်​သရိုပွိုင်​တင်၊ သံဓာတ်၊ ဗီတာမင်​ဘီ​အုပ်စု ဆေး​တွေ​ပေးခြင်း၊ ခွဲစိတ်​နေစဉ် သွေး​ထွက်​နည်းစေ​တဲ့ ဆေး​တွေ (antifibrinolytics) ပေးခြင်း စတဲ့​နည်း​တွေ ဖြစ်တယ်။ “အာရပ်​ဟ​တ်စ် တက္ကသိုလ်​ဆေးရုံ၊ စ​ကိုင်​ဘီ​မှာ နှစ်​တိုင်း​လို​လို ယေဟောဝါ​သက်သေ ငါး​ဦး​မှ ဆယ်ဦး​လောက်​ဟာ” လှူဒါန်း​ထားတဲ့​သွေး​ကို မ​သုံး​ဘဲ “အကြီးစား နှလုံး​ခွဲစိတ်မှု ပြုလုပ်​ကြတယ်” လို့ The Copenhagen Post က​ဆိုတယ်။

ဒိန်းမတ်​နိုင်ငံက ဆေး​တက္ကသိုလ်​ကြီး၊ အထူးကု​ဆေးရုံကြီး Rigshospitalet က ၂၀၀၉ ခုနှစ်မှာ မြို့တော်​နယ်မြေ​အတွက် သွေး​စီမံခန့်ခွဲမှု စီမံချက်​တစ်ခုကို စတင်​ဖွဲ့စည်း​ခဲ့တယ်။

သွေးသွင်း​ခြင်း​ကြောင့် နောက်ဆက်တွဲ ဆိုးကျိုး​တွေ ပေါ်လာတာ​ကိုလည်း ဒိန်းမတ်​နိုင်ငံက ဆေး​ဘက်​ဆိုင်ရာ ပညာရှင်​တွေ အသိအမှတ်ပြု​ကြတယ်။ ၂၀၀၉ ခုနှစ်မှာ ကို​ပင်​ဟေ​ဂ​င်​မြို့က Rigshospitalet ဆေးရုံ​ဟာ သွေး စီမံခန့်ခွဲမှု စီမံချက်​တစ်ခုကို စတင်​ဖွဲ့စည်း​ခဲ့တယ်။ ဒီ​နည်း​စနစ်​ကြောင့် လှူဒါန်း​ထားတဲ့​သွေး အသုံးပြုခြင်း​ကို လျော့​ချနိုင်​တယ်၊ “ရောဂါ​သစ်​ရတာ၊ သေဆုံး​တာ လျော့​သွားတယ်” လို့ Berlingske သတင်းစာမှာ ဖော်ပြတယ်။ အဲဒီ​စီမံချက်​မှာ မြို့တော်​နယ်မြေ ဆေးရုံ​အတော်များများ ပါဝင်လာ​ရုံ​မ​က တခြား​ဒေသက ဆေးရုံတွေ​လည်း ပါဝင်ဖို့ စီစဉ်​နေကြတယ်။

Rigshospitalet ဆေးရုံ၊ သွေး​ဘဏ်​က ဌာနမှူး၊ သုတေသီ ဒေါက်တာ မော်​တင် ဘက်​ဂီ​ဟန်​ဆန်​က ဒိန်းမတ်​နိုင်ငံ​အနေနဲ့ လှူဒါန်း​ထားတဲ့​သွေး အသုံး​လျှော့​လိုက်ခြင်း​ဟာ “လူနာ​တွေကို အမှန်​အကျိုးပြုတဲ့ တိုးတက်မှု​ကြီး” ဖြစ်တယ်လို့ ဆို​ကြောင်းကို​လည်း Berlingske သတင်းစာမှာ ဖော်ပြတယ်။ “ယေဟောဝါသက်သေတွေ​ကြောင့်​သာ မဟုတ်​ရင် ခု​ချိန်မှာ သွေးမဲ့​ခွဲစိတ်နည်း​ဆိုတာလည်း ရှိ​မှာ မဟုတ်ဘူး” ဆိုတဲ့ Rigshospitalet ဆေးရုံ ဒါရိုက်တာ ဒေါက်တာ အက်​ထရိ နော်​ဂတ်​ရဲ့ နိဂုံး​စကားကို ဒိန်းမတ်​ရေဒီယို​နဲ့ Kristeligt Dagblad သတင်းစာ​က ဖော်ပြတယ်။

Media Contact(s):

International: J. R. Brown, Office of Public Information, tel. +1 718 560 5000

Denmark: Erik Jø​rgensen, tel. +45 59 45 60 00