မြန်မာ
ယေဟောဝါသက်သေတွေမှာ ကိုယ်ပိုင်ကျမ်းစာ ရှိပါသလား
https://cms-imgp.jw-cdn.org/img/p/502014131/univ/art/502014131_univ_sqr_xl.jpg
ijwfq ဆောင်းပါး ၃၄

ယေဟောဝါသက်သေတွေမှာ ကိုယ်ပိုင်ကျမ်းစာ ရှိပါသလား

ယေဟောဝါသက်သေတွေမှာ ကိုယ်ပိုင်ကျမ်းစာ ရှိပါသလား

 ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာတဲ့အခါ ဘာသာပြန်ကျမ်းအမျိုးမျိုး သုံးကြတယ်။ ဒါပေမဲ့ ရနိုင်မယ်ဆိုရင်တော့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို ပိုနှစ်သက်ကြတယ်။ ဘုရားသခင့်နာမည် ထည့်သွင်းအသုံးပြုထားလို့၊ တိကျမှန်ကန်လို့၊ နားလည်ရလွယ်လို့ပါ။

  •   ဘုရားသခင့်နာမည် ထည့်သွင်းအသုံးပြုခြင်း။ ကျမ်းစာထုတ်ဝေသူတချို့က ကျမ်းစာအာဘော်ရှင်ကို အသိအမှတ်မပြုကြဘူး။ ဥပမာ၊ ဘာသာပြန်ကျမ်းတစ်ခုမှာ အဲဒီဘာသာပြန်ကျမ်း ထုတ်ဝေဖို့ ကူညီပံ့ပိုးခဲ့သူ အယောက် ၇၀ ရဲ့ နာမည်စာရင်းကို ဖော်ပြထားပေမဲ့ ကျမ်းစာအာဘော်ရှင် ယေဟောဝါဘုရားရဲ့ နာမည်ကို လုံးဝ ချန်လှပ်ထားတယ်။

     ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာတော့ မူရင်းကျမ်းအတိုင်း ဘုရားသခင့်နာမည်ကို သူ့နေရာနဲ့သူ နေရာပေါင်း ထောင်ချီမှာ ထည့်ထားတယ်။ ဘာသာပြန်သူတွေရဲ့ နာမည်ကိုတော့ ဖော်ပြမထားဘူး။

  •   တိကျမှန်ကန်ခြင်း။ ဘာသာပြန်ကျမ်းတိုင်းက မူရင်းကျမ်းအတိုင်း အတိအကျ ဘာသာပြန်ထားတာ မဟုတ်ဘူး။ ဥပမာ၊ ဘာသာပြန်ကျမ်းတစ်ခုမှာ မဿဲ ၇:၁၃ ကို “ကျဉ်းမြောင်းသော တံခါးပေါက်ကို ဝင်ကြလော့။ ငရဲသို့ ပို့ဆောင်ရာလမ်းနှင့် တံခါးပေါက်သည် ကျယ်ဝန်းသဖြင့် ထိုလမ်းကို လိုက်သူတို့သည် များကြ၏” လို့ ပြန်ဆိုထားတယ်။ တကယ်တော့ မူရင်းမှာ “ငရဲ” လို့ မသုံးဘဲ “ပျက်စီးခြင်း” လို့ သုံးထားတာပါ။ လူဆိုးတွေ သေရင် ငရဲမှာ ထာဝစဉ် ညှဉ်းဆဲခံရမယ်လို့ ဘာသာပြန်သူတွေ ယုံကြည်တဲ့အတွက် “ငရဲ” ဆိုတဲ့ စကားလုံး ထည့်လိုက်ပုံရတယ်။ အဲဒီယုံကြည်ချက်ဟာ ကျမ်းစာနဲ့ မကိုက်ညီဘူး။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာတော့ “ကျဉ်းတဲ့တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်” လို့ တိကျမှန်ကန်စွာ ပြန်ဆိုထားတယ်။

  •   နားလည်ရလွယ်ခြင်း။ ဘာသာပြန်ကျမ်းကောင်းဆိုတာ တိကျမှန်ကန်ရုံမက ရှင်းလင်းပြီး နားလည်ရလွယ်ဖို့လည်း လိုတယ်။ ဥပမာ၊ တိုက်ရိုက်ဘာသာပြန်လိုက်ရင် “ဆူပွက်နေတဲ့စိတ်” လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကို ရောမ ၁၂:၁၁ မှာ တမန်တော်ပေါလု သုံးထားတယ်။ အဲဒီအတိုင်း ပြန်လိုက်ရင် နားလည်ရခက်တဲ့အတွက် “စွမ်းအားတော်ရဲ့ စေ့ဆော်မှုနဲ့ စိတ်ထက်သန်နေပါ” ဆိုပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာ ပြန်ဆိုထားတယ်။

 ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရဲ့ ထူးခြားချက်တွေဟာ ဘုရားသခင့်နာမည် ထည့်သွင်းအသုံးပြုတာ၊ တိကျမှန်ကန်တာ၊ နားလည်ရလွယ်တာလောက်ပဲ မဟုတ်ဘူး။ အခမဲ့ ဖြန့်ဝေတာကလည်း ထူးခြားချက် နောက်တစ်ချက်ပါ။ ဒါကြောင့်လည်း ငွေကြေးမတတ်နိုင်သူတွေ အပါအဝင် လူသန်းချီဟာ ကိုယ့်ဘာသာစကားနဲ့ ကျမ်းစာဖတ်နိုင်ကြပါပြီ။