မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ​က ဘေးအန္တရာယ်​ကြုံရ​သူတွေကို ကူညီပေး​သလား

ယေဟောဝါသက်သေတွေ​က ဘေးအန္တရာယ်​ကြုံရ​သူတွေကို ကူညီပေး​သလား

ယေဟောဝါသက်သေတွေ​က ဘေးအန္တရာယ်​ကြုံ​တဲ့​သူတွေကို ကူညီပေး​ကြပါတယ်။ ဒီ​ကျမ်းစာ​ညွှန်ကြားချက်​နဲ့​အညီ ကျွန်ုပ်တို့ဟာ ယေဟောဝါ​သက်သေတွေကို​ရော တခြား​သူတွေကိုပါ လက်တွေ့ကျတဲ့​အကူအညီ ပေး​ကြတယ်– “ငါတို့သည် အခွင့်အခါ​သင့်​နေသရွေ့ လူတိုင်းကို ကောင်းမှုပြု​ကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုး​တော်​သူတို့ကို ကောင်းမှုပြု​ကြစို့။” (ဂလာတိ ၆:၁၀) ဘေးအန္တရာယ်​ကြုံရသူ​တွေ အထူး​လိုအပ်​နေတဲ့ စိတ်ပိုင်းဆိုင်ရာ​အပြင် ဝတ်ပြုရေး​ဆိုင်ရာ အကူအညီ​တွေကို​လည်း ပေး​ကြတယ်။—၂ ကောရိန္သု ၁:၃၊ ၄

အဖွဲ့အစည်း

ဘေးအန္တရာယ် ကျရောက်တဲ့​ဒေသက အသင်းတော်​အကြီးအကဲ​တွေဟာ အသင်းတော်​နဲ့ ပူးပေါင်း​နေ​သူ​အားလုံး အန္တရာယ် ကင်း​မကင်း​နဲ့ သူတို့​လိုအပ်တဲ့​အကူအညီ​တွေကို သိရှိဖို့ ကြိုးစား​ဆက်သွယ်​ကြတယ်။ ပြီးတဲ့အခါ အကြီးအကဲ​တွေ​က တွေ့ရှိချက်​တွေ​နဲ့ ချက်ချင်း​လုပ်​ဆာ​င်​ခဲ့​တဲ့ ကယ်ဆယ်ရေး​လုပ်ဆောင်ချက်​တွေကို ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို အကြောင်းကြား​တယ်။

အဲဒီ​ဒေသက အသင်းတော်​တွေဟာ လိုအပ်တဲ့ ကယ်ဆယ်ရေး​ပစ္စည်းတွေကို မထောက်ပံ့​ပေးနိုင်​ဘူးဆိုရင် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေး​အဖွဲ့က လိုအပ်ရာကို ထောက်ပံ့ဖို့ စီစဉ်​ပေးတယ်။ ဒီ​အစီအစဉ်​က ပထမရာစု​ခရစ်ယာန်​တွေ အစာ​ခေါင်းပါး​ချိန်မှာ အချင်းချင်း ကူညီ​ပေးတဲ့​အစီအစဉ်​နဲ့ တူတယ်။ (၁ ကောရိန္သု ၁၆:၁–၄) ကယ်ဆယ်ရေး​လုပ်ငန်းကို စီစဉ်​ညွှန်ကြား​ပေးမယ့် ဘေးအန္တရာယ် ကယ်ဆယ်ရေး​ကော်မတီ​ကို အဲဒီ​ဒေသမှာ​ရှိတဲ့ ဌာနခွဲရုံး​က ဖွဲ့စည်း​ပေးတယ်။ တခြား​ဒေသမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေ​က​လည်း သူတို့ရဲ့​အချိန်တွေ​နဲ့ ဥစ္စာ​ပစ္စည်း​တွေ​သုံးပြီး စေတနာအလျောက် အကူအညီ​ပေး​ကြတယ်။—သုတ္တံ ၁၇:၁၇

ငွေကြေး​ထောက်ပံ့မှု

ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​တွေ​ဆီ ပို့​ပေးတဲ့အလှူငွေတွေကို တခြား​ကိစ္စ​တွေ​အပြင် ကယ်ဆယ်ရေး​အတွက်လည်း အသုံးပြုတယ်။ (တမန်တော် ၁၁:၂၇–၃၀; ၂ ကောရိန္သု ၈:၁၃–၁၅) ကယ်ဆယ်ရေး​လုပ်ငန်းကို အခကြေးငွေ​မယူ​တဲ့ စေတနာ့​ဝန်ထမ်း​တွေ​နဲ့ ဖွဲ့စည်းထားတဲ့​အတွက် အလှူငွေတွေကို ကယ်ဆယ်ရေး​လုပ်ဆောင်မှုတွေမှာ​ပဲ အသုံးပြုတယ်။ အလှူငွေတွေကို အကျိုးရှိရှိ အသုံးပြုကြတယ်။—၂ ကောရိန္သု ၈:၂၀