မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“ရာဇဝတ်မှုနဲ့ ငွေတပ်မက်စိတ်က ကျွန်တော့်ကို နာကျင်မှုများစွာ ပေးခဲ့တယ်”

“ရာဇဝတ်မှုနဲ့ ငွေတပ်မက်စိတ်က ကျွန်တော့်ကို နာကျင်မှုများစွာ ပေးခဲ့တယ်”
  • မွေးဖွားတဲ့နှစ်- ၁၉၇၄

  • နေရင်းနိုင်ငံ- အယ်လ်ဘေးနီးယား

  • ဘဝနောက်ခံ- သူခိုး၊ မူးယစ်ဆေးရောင်းဝယ်သူ၊ ထောင်ထွက်

အတိတ်

 အယ်လ်ဘေးနီးယားနိုင်ငံရဲ့ မြို့တော် တီရားနားက ဆင်းရဲတဲ့ မိသားစုမှာ ကျွန်တော် ကြီးပြင်းလာတယ်။ အဖေက ရိုးသားကြိုးစားတဲ့သူပါ။ မိသားစုကို ထောက်ပံ့ဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ပေမဲ့ စားလောက်ရုံပဲ ရတယ်။ ကလေးတစ်ယောက်အနေနဲ့ ဆင်းရဲမှုဒဏ်ကို ကျွန်တော် ကောင်းကောင်း ခံစားခဲ့ရတယ်။ ကလေးဘဝတစ်လျှောက်မှာ စီးစရာဖိနပ် မရှိဘူး။ အမြဲလိုလို စားစရာ မလုံလောက်ဘူး။

 ကျွန်တော် ငယ်ငယ်ကတည်းက ခိုးတတ်လာတယ်။ ဒီနည်းနဲ့ မိသားစုကို ထောက်ပံ့နေတာလို့ မှတ်ယူထားတာ။ နောက်ဆုံး ရဲစခန်း ရောက်သွားတယ်။ ဒီလိုနဲ့ ၁၉၈၈ ခုနှစ်၊ အသက် ၁၄ နှစ်မှာ အဖေက ကျွန်တော့်ကို စာရိတ္တပြုပြင်ရေးကျောင်း ပို့လိုက်တယ်။ အဲဒီမှာ နှစ်နှစ်နေခဲ့ပြီး ဂဟေဆော်တဲ့အလုပ် လုပ်တတ်လာတယ်။ အဲဒီက ထွက်လာတော့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်ပေမဲ့ အလုပ်ရှာမတွေ့ဘူး။ နိုင်ငံရေးပဋိပက္ခတွေကြောင့် အယ်လ်ဘေးနီးယားမှာ အလုပ်လက်မဲ့ ဦးရေ တိုးများနေတယ်။ ဒါနဲ့ စိတ်ဓာတ်ကျလာတော့ အရင်က သူငယ်ချင်းတွေနဲ့ ပြန်ပေါင်းပြီး ခိုးခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်ရော၊ သူငယ်ချင်းတွေပါ အဖမ်းခံရပြီး ထောင်သုံးနှစ် ကျသွားတယ်။

 ထောင်က လွတ်လာတော့ ရာဇဝတ်မှုတွေ ဆက်ကျူးလွန်တယ်။ အယ်လ်ဘေးနီးယားရဲ့ စီးပွားရေးစနစ် ပြိုလဲပြီး တစ်နိုင်ငံလုံး ပရမ်းပတာ ဖြစ်နေချိန်မှာ တရားမဝင်တဲ့ အလုပ်တွေလုပ်ပြီး ကျွန်တော် ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့တယ်။ လက်နက်ကိုင် ဓားပြတိုက်မှုတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် အဖမ်းခံရပြီး ကျွန်တော်လည်း နှစ်ရှည် ထောင်ဒဏ်ကနေ လွတ်ဖို့ နိုင်ငံကနေ ထွက်ပြေးခဲ့ရတယ်။ အဲဒီအချိန်က ဂျူလင်ဒါနဲ့ အိမ်ထောင်ကျပြီး သားလေး မွေးခါစ။

 နောက်ဆုံး အင်္ဂလန် ရောက်သွားတယ်။ အဲဒီမှာ ဇနီး၊ သားလေးနဲ့အတူ ဘဝသစ် ထူထောင်ချင်ခဲ့ပေမဲ့ အကျင့်ဟောင်းတွေက အရိုးစွဲနေတုန်းပဲ။ မကြာပါဘူး။ ရာဇဝတ်မှု ကျူးလွန်မိပြန်ရော။ ဒီတစ်ခါတော့ မူးယစ်ဆေးဝါး ကုန်ကူးတာ။ ငွေအလုံးအရင်းနဲ့ လုပ်တာ။

 ကျွန်တော် မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တာကို ဂျူလင်ဒါ ဘယ်လို ခံစားရသလဲ။ သူ အခုလို ပြောပြတယ်- “ကျွန်မလည်း အယ်လ်ဘေးနီးယားမှာ ကြီးပြင်းလာတဲ့အတွက် ဆင်းရဲတွင်းကနေ လွတ်ချင်ပြီ။ ဘဝကောင်းစားဖို့ဆို ဘာမဆိုလုပ်ဖို့ အဆင်သင့်ပဲ။ ပိုက်ဆံရှိရင် ဘဝစိုပြည်မယ်လို့ ထင်ထားတော့ ပိုက်ဆံရဖို့ အာတန် လုပ်တာမှန်သမျှ၊ ခိုးခိုး၊ လိမ်လိမ်၊ မူးယစ်ဆေးပဲရောင်းရောင်း အကုန် ထောက်ခံခဲ့တယ်။”

“အာတန် လုပ်တာမှန်သမျှ၊ ခိုးခိုး၊ လိမ်လိမ်၊ မူးယစ်ဆေးပဲရောင်းရောင်း အကုန် ထောက်ခံခဲ့တယ်။”—ဂျူလင်ဒါ

 ၂၀၀၂ ခုနှစ်မှာ ကျွန်တော်တို့ဘဝအခြေအနေ ပြောင်းလဲသွားလို့ ရှေ့ရေးနဲ့ပတ်သက်ပြီး စီစဉ်ထားတဲ့ စိတ်ကူးအိပ်မက်တွေ ပျက်ပြယ်ကုန်တယ်။ မူးယစ်ဆေး အများကြီး ကုန်ကူးတာ မိသွားပြီး ထောင်ထဲ ပြန်ဝင်ခဲ့ရတယ်။

ကျမ်းစာက ဘဝကို ပြောင်းလဲပေးခဲ့ပုံ

 ကျွန်တော် သတိမထားမိခင်ကတည်းက ကျမ်းစာက ကျွန်တော့်ဘဝအပေါ် ဩဇာသက်ရောက်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာ ဂျူလင်ဒါဟာ ယေဟောဝါသက်သေတွေနဲ့ တွေ့ပြီး ကျမ်းစာ လေ့လာခဲ့တယ်။ ကျွန်တော်ကတော့ ကျမ်းစာဖတ်တာ ပျင်းစရာပဲ ထင်လို့ စိတ်မဝင်စားဘူး။ ဂျူလင်ဒါကတော့ ကြိုက်တယ်။ သူ အခုလို ရှင်းပြတယ်- “ဘာသာရေး ကိုင်းရှိုင်းတဲ့ မိသားစုမှာ ကျွန်မ ကြီးပြင်းလာတယ်။ ကျမ်းစာဖတ်ရတာ ကြိုက်တယ်။ ကျမ်းစာကို လေးမြတ်တယ်။ ကျမ်းစာသွန်သင်ချက်တွေကို အမြဲသိချင်ခဲ့တာ။ ဒါကြောင့် သက်သေခံတွေနဲ့ ကျမ်းစာဖတ်ရတာ ကြိုက်တယ်။ ကျမ်းစာသွန်သင်ချက်တွေက ကျွန်မအတွက် အဓိပ္ပာယ်ရှိတယ်။ သင်ယူခဲ့တာတွေကြောင့် ဘဝမှာ ပြောင်းလဲမှုတချို့ ရှိလာတယ်။ ဒါပေမဲ့ ငွေကြေးအပေါ် ကျွန်မရဲ့ သဘောထားကတော့ မပြောင်းလဲသေးဘူး။ အာတန် အဖမ်းမခံရခင် အထိပေါ့။ သူအဖမ်းခံရတာက ကျွန်မကို လှုပ်နှိုးလိုက်သလိုပဲ။ ကျမ်းစာပြောတာ မှန်ပါလားဆိုတဲ့အသိ ဝင်လာတယ်။ ငွေနောက် အရူးအမူး လိုက်ခဲ့ကြပေမဲ့ မပျော်ပါဘူး။ ဘုရားစံနှုန်းတွေကို ပိုပြီး အပြည့်အဝ လိုက်နာဖို့ လိုအပ်မှန်း သဘောပေါက်လာတယ်။”

 ၂၀၀၄ ခုနှစ်မှာ ကျွန်တော် ထောင်ကလွတ်လာတော့ မူးယစ်ဆေး ရောင်းဝယ်ဖို့ ပြန်ကြိုးစားသေးတယ်။ ဒါပေမဲ့ ဂျူလင်ဒါရဲ့ အတွေးအခေါ် ပြောင်းလဲသွားပြီ။ “ဒီပိုက်ဆံတွေ ကျွန်မ မလိုချင်တော့ဘူး။ ကျွန်မယောက်ျားကိုပဲ ပြန်လိုချင်တယ်။ ကလေးတွေအတွက် အဖေ ရှိနေပေးတာကိုပဲ လိုချင်တယ်” ဆိုတဲ့ စကားကြောင့် ကျွန်တော် အသိတရား ရသွားတယ်။ ကျွန်တော် လန့်သွားပေမဲ့ သူပြောတာ မှန်တယ်။ ကျွန်တော် မိသားစုနဲ့ ဝေးနေတာ ကြာပြီ။ မရိုးသားတဲ့နည်းနဲ့ ငွေရှာခဲ့တဲ့အတွက် ဘယ်လောက် နာကျင်ခံစားခဲ့ရတယ်ဆိုတာလည်း ပြန်တွေးမိတယ်။ ဒါကြောင့် ကျွန်တော့်လမ်းစဉ်ကို စွန့်ဖို့၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အဆက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

 ဇနီး၊ သားနှစ်ယောက်နဲ့အတူ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို သွားတက်လိုက်တာက ကျွန်တော့်ဘဝရဲ့ အလှည့်အပြောင်းပဲ။ အဲဒီမှာ တွေ့ဆုံခဲ့တဲ့ ရိုးသားဖော်ရွေသူတွေကို ကျွန်တော် သဘောကျသွားတယ်။ နောက်ဆုံး ကျွန်တော်လည်း ကျမ်းစာ လေ့လာတော့တယ်။

ငွေအများကြီးရှိရင် ပျော်မယ်လို့ တစ်ချိန်က ထင်ခဲ့ဖူးတယ်

 “ငွေကို တပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်ဖြစ်လို့ပဲ။ လူတချို့က ငွေကို တပ်မက်လာတဲ့အတွက် . . . ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်” ဆိုတဲ့ ကျမ်းစကားကို ကျွန်တော် သိလာတယ်။ (၁ တိမောသေ ၆:၉၊ ၁၀) ဒီအမှန်တရားကို ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရပြီးပြီလေ။ အရင်လုပ်ခဲ့တဲ့ အမှားတွေက ကိုယ်ကိုယ်တိုင်နဲ့ မိသားစုကို ထိခိုက်နာကျင်စေလို့ တော်တော်လေး နောင်တရမိတယ်။ (ဂလာတိ ၆:၇) ယေဟောဝါနဲ့ သားတော် ယေရှုခရစ် ကျွန်တော်တို့ကို ဘယ်လောက် ချစ်မှန်း သိလာတဲ့အခါ ကျွန်တော့်ရဲ့ စိတ်သဘောထားတွေ ပြောင်းလဲလာတယ်။ ကိုယ့်အကျိုးထက် တခြားသူတွေရဲ့အကျိုးကို ပိုစဉ်းစားတတ်လာတယ်။ မိသားစုကို ပိုအချိန်ပေးတတ်လာတယ်။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 “ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်လျှောက်ခြင်းကနေ ကျွန်တော် အကျိုးအများကြီး ခံစားရတယ်။ (ဟီဘရူး ၁၃:၅) အခု ကျွန်တော် စိတ်ငြိမ်သက်မှု ခံစားရတယ်။ မှားမှန်သိစိတ် ကြည်လင်တယ်။ တစ်ခါမှ မခံစားဖူးတဲ့ ပျော်ရွှင်မှုမျိုး ခံစားနေရတယ်။ အိမ်ထောင်ရေး သာယာလာတယ်။ မိသားစုနဲ့ ပိုရင်းနှီးလာတယ်။

 ငွေအများကြီးရှိရင် ပျော်မယ်လို့ တစ်ချိန်က ထင်ခဲ့ဖူးတယ်။ ရာဇဝတ်မှုနဲ့ ငွေတပ်မက်စိတ်က ကျွန်တော့်ကို နာကျင်မှုများစွာ ပေးခဲ့မှန်း ကောင်းကောင်း သိသွားပါပြီ။ အခု ကျွန်တော်တို့ မချမ်းသာကြပါဘူး။ ဒါပေမဲ့ ဘဝမှာ ပိုအရေးကြီးတဲ့အရာကို ရှာတွေ့ခဲ့ပြီ။ အဲဒါကတော့ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းပါပဲ။ ဘုရားကို မိသားစုလိုက် စည်းစည်းလုံးလုံး ကိုးကွယ်ခြင်းကနေ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားနေကြပါတယ်။

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီး တစ်ခုမှာ မိသားစုနဲ့အတူ