တလွဲယူဆလေ့ရှိရာများ

လူအများအထင်လွဲရာ– ယေဟောဝါသက်သေတွေဟာ ယေရှုကို မယုံကြည်ကြတဲ့အတွက် ခရစ္စမတ်ပွဲ မကျင်းပကြတာပါ။

အဖြစ်မှန်– ကျွန်ုပ်တို့ဟာ ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။ ယေရှုခရစ်အားဖြင့်သာ ကယ်တင်ခြင်းရမယ်လို့ ကျွန်ုပ်တို့ ယုံကြည်ကြပါတယ်။—တမန်တော် ၄:၁၂။

လူအများအထင်လွဲရာ– မိသားစုဝင်တွေကို ခရစ္စမတ်ပွဲ မကျင်းပဖို့ သွန်သင်ပေးခြင်းအားဖြင့် မိသားစုကို စိတ်ဝမ်းကွဲအောင် လုပ်နေကြတယ်။

အဖြစ်မှန်– ကျွန်ုပ်တို့ရဲ့မိသားစုကို ကျွန်ုပ်တို့ အလွန်ဂရုစိုက်ပါတယ်။ ပိုပြီးစည်းလုံးတဲ့ မိသားစုဖြစ်လာဖို့ သမ္မာကျမ်းစာကို အသုံးပြုကြပါတယ်။

လူအများအထင်လွဲရာ– ရက်ရောမှု၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်းနဲ့ ဘုရားသခင့်မျက်နှာသာရခြင်းဆိုတဲ့ “ခရစ္စမတ် အနှစ်သာရ” ကို သင်တို့လက်လွတ်လိုက်ရပြီ။

အဖြစ်မှန်– ကျွန်ုပ်တို့ဟာ နေ့တိုင်း ရက်ရောတဲ့သူဖြစ်ဖို့နဲ့ ငြိမ်သက်ခြင်းရှိတဲ့သူဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ (သုတ္တံ ၁၁:၂၅; ရောမ ၁၂:၁၈) ဥပမာ၊ ကျွန်ုပ်တို့ စည်းဝေးတွေကျင်းပပုံနဲ့ ဟောပြောပုံက “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့ ” ဆိုတဲ့ ယေရှုရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီပါတယ်။ (မဿဲ ၁၀:၈) အဲဒီအပြင် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းနိုင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ဘုရားသခင့်နိုင်ငံတော် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ ညွှန်ပြကြပါတယ်။—မဿဲ ၁၀:၇

ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ

  • ယေရှုဟာ သူ့မွေးနေ့ကို ကျင်းပဖို့မမှာဘဲ သူသေတဲ့နေ့ကို သတိရအောက်မေ့တဲ့ပွဲ ကျင်းပဖို့ ကျွန်ုပ်တို့ကို မှာသွားပါတယ်။—လုကာ ၂၂:၁၉၊ ၂၀

  • ယေရှုရဲ့ တမန်တော်တွေနဲ့ အစောပိုင်းက တပည့်တွေဟာ ခရစ္စမတ်ပွဲကို မကျင်းပခဲ့ကြပါဘူး။ စွယ်စုံကျမ်းတစ်ကျမ်း (New Catholic Encyclopedia) မှာ ဒီလိုပြောတယ်– “ယေရှုရဲ့မွေးနေ့ပွဲကို အေဒီ ၂၄၃ နောက်ပိုင်းမှ စတင်ကျင်းပလာကြတယ်။” အဲဒါက နောက်ဆုံးတမန်တော် သေဆုံးပြီး ရာစုနှစ်တစ်ခုကျော်ပြီးမှ ဖြစ်တယ်။

  • ယေရှုမွေးနေ့ကို သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒီဇင်ဘာ ၂၅ မှာမွေးဖွားတယ်ဆိုတဲ့ အထောက်အထားတွေလည်း မရှိပါဘူး။

  • ခရစ္စမတ်ပွဲကျင်းပတာကို ဘုရားသခင်မနှစ်သက်ဘူးလို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ အကြောင်းကတော့ ခရစ္စမတ်ပွဲ ထုံးတမ်းတွေဟာ အယူမှားဝတ်ပြုမှု ထုံးတမ်းစဉ်လာတွေကနေ ဆင်းသက်လာတာကြောင့် ဖြစ်တယ်။—၂ ကောရိန္သု ၆:၁၇

ခရစ္စမတ်ပွဲကို မကျင်းပခြင်းအားဖြင့် ဘာကြောင့် လူမုန်းခံချင်ကြတာလဲ

လူများစွာက ခရစ္စမတ်ပွဲဟာ အယူမှားဘာသာကနေ မြစ်ဖျားခံတယ်၊ ကျမ်းစာအထောက်အထား မရှိဘူးဆိုတာကို သိလျက်နဲ့ ဆက်ကျင်းပနေကြတယ်။ သူတို့တွေ ဒီလိုပြောလာနိုင်ပါတယ်– ခရစ္စမတ်ပွဲကို မကျင်းပလို့ လူမုန်းခံရတာမျိုးတော့ မဖြစ်ချင်ပါဘူး။

သမ္မာကျမ်းစာက ကိုယ့်အတွက်လည်း စဉ်းစားဖို့နဲ့ ကိုယ့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုဖို့ အားပေးထားပါတယ်။ (ရောမ ၁၂:၁၊ ၂) အမှန်တရားကို တန်ဖိုးထားဖို့လည်း သွန်သင်ပေးတယ်။ (ယောဟန် ၄:၂၃၊ ၂၄) ဒါကြောင့် ကျွန်ုပ်တို့ဟာ ကိုယ့်ကိုတခြားသူတွေ ဘယ်လိုရှုမြင်သလဲ ဆိုတာကို ဂရုစိုက်ပေမဲ့လည်း လူမုန်းခံရတယ်ဆိုရင်တောင် ကျမ်းစာမူတွေကို ဆက်ပြီးလိုက်နာကြတယ်။

ကျွန်ုပ်တို့ဟာ ခရစ္စမတ်ပွဲကို မကျင်းပကြပေမဲ့လည်း တခြားသူတွေ မိမိတို့လုပ်ပိုင်ခွင့်နဲ့ ခရစ္စမတ်ပွဲကျင်းပတာကို မလေးမစားမလုပ်ပါဘူး။ တခြားသူတွေ ခရစ္စမတ်ပွဲကျင်းပတာကို အနှောင့်အယှက်မပေးပါဘူး။