မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟေရှာယ ၄၀:၁-၃၁

မာတိကာ

  • ဘု​ရား​လူမျိုး​အတွက် နှစ်​သိမ့်​မှု (၁-၁၁)

    • တော​ထဲ​က အသံ (၃-၅)

  • ဘု​ရား​သခင့်​ကြီးမြတ်​မှု (၁၂-၃၁)

    • လူမျိုး​တွေ​ဟာ ရေ​ပုံး​ထဲ​က ရေ​စက်​နဲ့​တူ (၁၅)

    • “ကမ္ဘာ​လုံး​ရဲ့​အထက်​မှာ” ဘု​ရား​စံ​မြန်း (၂၂)

    • ကြယ်​အားလုံး​ကို နာ​မည်​မှည့်​ထား (၂၆)

    • ဘု​ရား​သခင် ဘယ်​တော့​မှ မမော​ပန်း (၂၈)

    • ယေဟောဝါ​ကို မျှော်​လင့်​ခြင်း ခွန်​အား​ပြန်​ပြည့်စေ (၂၉-၃၁)

၄၀  ဘုရား​သခင်​က “ငါ့​လူ​တွေ​ကို နှစ်​သိမ့်​ပေး​ကြ။ နှစ်​သိမ့်​ပေးကြ​ပါ။+  ၂  ဂျေရု​ဆ​လင်​မြို့​ကို စိတ်​သက်​သာ​ရာရ​အောင် ပြော​ကြ​ပါ။ သူ့​ဒုက္ခ​နေ့​တွေ ကုန်​ဆုံး​ပြီ။ အမှား​အတွက် သူ ပေး​ဆပ်​လို့ ပြီး​သွား​ပြီ။+ အပြစ်​တွေ​အတွက် ယေဟောဝါ​ပေး​တဲ့ ပြစ်​ဒဏ်​ကို အပြည့်​အဝ ခံပြီး​သွား​ပြီ”+ လို့​ပြော​တယ်။  ၃  တော​ထဲ​မှာ လူ​တစ်​ယောက် ကြွေး​ကြော်​နေ​တာ​က– “ယေဟောဝါ​ဘု​ရားရဲ့ လမ်း​ကို ရှင်း​လင်း​ကြ။+ တော​ကန္တာရ​မှာ ငါ​တို့​ရဲ့ ဘုရား​သခင်​အတွက် လမ်း​မကို+ ဖြောင့်​ဖြူး​အောင် လုပ်​ကြ။+  ၄  ချိုင့်​ဝှမ်း​တွေ​ကို မြေဖို့​ကြ။ တောင်​ကုန်း​တောင်​တန်း​တွေ​ကို ဖြို​ကြ။ မညီ​ညာ​တဲ့​မြေဟာ ညီ​ညာ​ပြန့်​ပြူး​ရ​မယ်။ ကြမ်း​တမ်း​တဲ့​မြေဟာ ချိုင့်​ဝှမ်း​လွင်​ပြင် ဖြစ်​ရ​မယ်။+  ၅  ယေဟောဝါ​ဘု​ရားရဲ့ ဂုဏ်​ကျက်​သရေ ထင်​ရှား​မယ်။+ ဒါ​ကို လူ​အားလုံး မြင်​တွေ့​ရ​မယ်။+ ဒါ​ဟာ ယေဟောဝါ​ရဲ့ နှုတ်​ထွက်​စကား​ပဲ။”  ၆  နား​ထောင်​ကြ။ လူ​တစ်​ယောက်​က “အော်​ပြော​ပါ” ဆို​တော့ နောက်​တစ်​ယောက်​က “ဘာ​ကို အော်​ပြော​ရ​မှာ​လဲ” လို့​မေး​တယ်။ “လူ​သား​အားလုံး​ဟာ စိမ်း​လန်း​နေ​တဲ့ မြက်​ပင်​တွေ​ပဲ။ သူတို့​ရဲ့​ခိုင်​မြဲတဲ့​မေတ္တာ​ဟာ လယ်​ပြင်​မှာ​ပေါက်​တဲ့ ပန်း​လေး​တွေ​လို​ပဲ။+  ၇  ယေဟောဝါ ရှူ​ထုတ်​လိုက်​တဲ့ လေကြောင့်+ စိမ်း​လန်း​နေ​တဲ့ မြက်​ပင်​တွေ ခြောက်​သွေ့​သွား​တယ်။ ပန်း​လေး​တွေ​လည်း ညှိုး​နွမ်း​သွား​တယ်။+ တ​ကယ်​ပါ။ လူ​တွေ​ဟာ မြက်​ပင်​တွေ​ပဲ။  ၈  မြက်​ပင်​တွေ​ ခြောက်​သွေ့​တတ်​တယ်။ ပန်း​လေး​တွေ​လည်း ညှိုး​နွမ်း​တတ်​တယ်။ ဘု​ရား​သခင်​ရဲ့ နှုတ်​ထွက်​စကား​က​တော့ ထာ​ဝ​စဉ်​တည်​မြဲတယ်။”+  ၉  ဇိ​အုန်​အတွက် သတင်း​ကောင်း သယ်​ဆောင်​လာ​တဲ့ အမျိုး​သမီး၊+ မြင့်​တဲ့​တောင်​ပေါ်​ကို တက်​သွား​ပါ။ ဂျေရု​ဆ​လင်​မြို့​အတွက် သတင်း​ကောင်း သယ်​ဆောင်​လာ​တဲ့ အမျိုး​သမီး၊အား​မာန်​ပါ​ပါ အော်​ပြော​လိုက်​ပါ။ မကြောက်​ဘဲ အော်​ပြော​လိုက်​ပါ။ ယုဒ​ရဲ့​မြို့​တွေ​ကို “ဒါ​ဟာ မင်း​တို့​ရဲ့ ဘု​ရား​သခင်​ပဲ” လို့ ကြွေး​ကြော်​လိုက်​ပါ။+ ၁၀  ကြည့်​ပါ။ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က တန်ခိုး​နဲ့ ကြွ​လာ​လိမ့်​မယ်။ လက်​ရုံး​တော်​က ဘု​ရား​အတွက် အုပ်​စိုး​လိမ့်​မယ်။+ ဆု​လာဘ်​တော်​ဟာ ဘု​ရား​ဆီ​မှာ ရှိ​နေ​တယ်။ ဘု​ရား​ပေး​မယ့် လုပ်​ခ​က​လည်း ရှေ့​တော်​မှာ ရှိ​နေ​တယ်။+ ၁၁  ဘု​ရား​က သိုး​တော်​စု​ကို သိုးထိန်း​တစ်​ယောက်​လို ဂရု​စိုက်​လိမ့်​မယ်။+ သိုး​က​လေး​တွေ​ကို ပွေ့​ပိုက်​ပြီး ရင်​ခွင်​ထဲ ချီ​ပိုက်​ထား​လိမ့်​မယ်။ နို့​တိုက်​သိုး​မတွေ​ကို​လည်း ညင်ညင်​သာ​သာ ဦး​ဆောင်​ခေါ်​သွား​လိမ့်​မယ်။+ ၁၂  ဘယ်​သူ​က ရေ​ကို လက်​ခုပ်​နဲ့ ချိန်နိုင်​လို့​လဲ။+ ဘယ်​သူ​က မိုး​ကောင်း​ကင်​ကို လက်​နဲ့​ထွာ​ပြီး တိုင်း​နိုင်​လို့​လဲ။ ဘယ်​သူ​က မြေမှုန့်​တွေ​ကို တောင်း​နဲ့​ချိန်​နိုင်​လို့​လဲ။+ ဘယ်​သူ​က တောင်​တန်း​တောင်​ကုန်း​တွေ​ကို ချိန်​ခွင်​နဲ့​ ချိန်​နိုင်​လို့​လဲ။ ၁၃  ယေဟောဝါ​ရဲ့ စွမ်းအား​တော်​ကို ဘယ်​သူ ချိန်​တွယ်​နိုင်​လို့​လဲ။* ဘု​ရား​ကို ဘယ်​သူ အကြံ​ပေး​နိုင်၊ ညွှန်​ကြား​နိုင်​လို့​လဲ။+ ၁၄  ဘု​ရား​က သိ​နား​လည်​နိုင်​စွမ်း​ရှိ​လာ​ဖို့ ဘယ်​သူ​နဲ့ တိုင်​ပင်​ခဲ့လို့​လဲ။ တ​ရား​မျှ​တ​တဲ့ လမ်း​စဉ်​အကြောင်း၊အသိ​ပညာ​အကြောင်း ဘု​ရား​ကို ဘယ်​သူ သင်​ကြား​နိုင်​လို့​လဲ။ စစ်​မှန်​သော သိ​နား​လည်​မှု​နဲ့​ဆိုင်​တဲ့ လမ်း​စဉ်​ကို ဘယ်​သူ ပြပေး​နိုင်​လို့​လဲ။+ ၁၅  လူမျိုး​အားလုံး​ဟာ ရေ​ပုံး​ထဲ​က ရေစက် တစ်​စက်​လို​ပဲ။ ဘု​ရားရဲ့​အမြင်​မှာ ချိန်​ခွင်​ပေါ်​ကပ်​နေ​တဲ့ ဖုန်​မှုန့်​တွေ​လို​ပဲ။+ လက်​တော်​နဲ့ မလိုက်​တဲ့​အခါ ကျွန်း​တွေ​ဟာ မြေမှုန့်​သာ​သာ​ပဲ ရှိ​တယ်။ ၁၆  မီး​ရှို့​ရာ​အလှူ​အဖြစ် ပူ​ဇော်​မယ်​ဆို​ရင် လက်​ဘ​နွန်​တော​ထဲ​က တိ​ရစ္ဆာန်တွေ လောက်​မှာ​မဟုတ်​ဘူး။ မီး​ဆိုက်​မယ်​ဆို​ရင် လက်​ဘ​နွန်​သစ်​တော​တောင် လောက်​မှာ​မဟုတ်​ဘူး။ ၁၇  ရှေ့​တော်​မှာ လူမျိုး​အားလုံး​ဟာ မတည်​ရှိ​တဲ့​အရာ​လို​ပဲ။+ ဘု​ရား​အမြင်​မှာ ဘာ​မှ​မဟုတ်တဲ့​အရာ​လို၊ တ​ကယ်​မရှိ​တဲ့​အရာ​လိုပဲ။+ ၁၈  ဘု​ရား​သခင်​ကို​ ဘယ်​သူ​နဲ့​နှိုင်း​မလဲ။+ ဘု​ရား​ကို ဘာ​နဲ့​တူ​တယ်​လို့ ပြော​မလဲ။+ ၁၉  လက်​မှု​ပညာ​သည်​က ရုပ်​တု​ကို သွန်း​လုပ်​တယ်။ ပန်း​ထိမ်​သမား​က ရုပ်​တု​ကို ရွှေ​ချ​ပြီး+ ငွေ​ကြိုး​တွေ​နဲ့ အလှ​ဆင်​တယ်။ ၂၀  လူ​တစ်​ယောက်​က လှူ​ဒါန်း​ဖို့ မဆွေး​နိုင်​တဲ့​သစ်​ပင်​ကို ရွေး​ချယ်​တယ်။+ ကျွမ်း​ကျင်​တဲ့ လက်​မှု​ပညာ​သည်​ကို ရှာ​ပြီး မပြို​လဲ​တတ်​တဲ့​ရုပ်​တု ထု​လုပ်​ခိုင်း​တယ်။+ ၂၁  မင်း​တို့ မသိ​ကြ​ဘူး​လား။ မကြား​ဖူး​ကြ​ဘူး​လား။ မင်း​တို့​ကို ဒီ​အကြောင်း အစ​ကတည်း​က မပြော​ထား​ဘူး​လား။ ကမ္ဘာ​မြေအုတ်​မြစ် တည်​ချိန်​က​တည်း​က ထင်​ရှား​ခဲ့​တဲ့​အရာ​ကို နား​မလည်​ကြ​ဘူး​လား။+ ၂၂  ကမ္ဘာ​လုံး​ရဲ့​အထက်​မှာ စံ​မြန်း​တဲ့​အရှင်​တစ်ပါး ရှိ​တယ်။+ ကမ္ဘာ​မြေပေါ် နေ​ထိုင်​သူ​တွေ​ဟာ​ ဘု​ရားရဲ့​အမြင်​မှာ နှံ​ကောင်​တွေ​လို​ပဲ။ ဘု​ရား​က မိုး​ကောင်း​ကင်​ကို ပိတ်​ကျဲ​တစ်​စ​လို ဖြန့်​ထား​တယ်။ နေ​စ​ရာ ရွက်​ဖျင်​တဲ​လို ဖြန့်​ထား​တယ်။+ ၂၃  ဘု​ရား​က မင်း​အရာ​ရှိ​တွေ​ကို ဖယ်​ရှား​တယ်။ ကမ္ဘာ​ပေါ်​က တ​ရား​သူ​ကြီး​တွေ​ကို ဘာ​မှ​အရေး​မပါ​တဲ့​သူ​တွေ ဖြစ်​စေ​တယ်။ ၂၄  သူတို့​ဟာ တစ်​ခါ​မှ စိုက်​ပျိုး​မခံ​ရ​ဘူး။ တစ်​ခါ​မှ မျိုး​ကြဲ​မခံ​ရ​ဘူး။ ပင်​စည်​လည်း မြေမှာ အမြစ်​မစွဲ​ဘူး။ လေ​တိုက်​ခံ​ရ​ပြီး ခြောက်​သွေ့​သွား​တယ်။ ရိုး​ပြတ်​လို လေ​တိုက်​ရာ လွင့်​ပါ​သွား​တယ်။+ ၂၅  သန့်​ရှင်း​မြင့်မြတ်​တဲ့​အရှင် ပြော​တာ​က– “ငါ့​ကို ဘယ်​သူ​နဲ့​နှိုင်း​မလဲ။ ဘယ်​သူ​ဟာ ငါ​နဲ့​တန်း​တူ​ဖြစ်​သလဲ။ ၂၆  ကောင်း​ကင်​ကို မော့​ကြည့်​လိုက်​ပါ​ဦး။ အဲ​ဒါ​တွေ​ကို ဘယ်​သူ​ဖန်​ဆင်း​သလဲ။+ အဲဒီ​အလုံး​အရင်း​ကို ရေ​တွက်​ပြီး ခေါ်​ထုတ်​တဲ့​အရှင်​ပဲ။ အဲဒီ​အရှင်​က အဲ​ဒါ​တွေ​အားလုံး​ကို နာ​မည်​တပ်​ပြီး ခေါ်​တယ်။+ ကြီး​မား​လှ​တဲ့ စွမ်း​အင်​နဲ့ အံ့​မခန်း​ဖွယ် တန်ခိုး​ကြောင့်+ တစ်​လုံး​တ​လေ လျော့​သွား​တယ်​ဆို​တာ မရှိ​ဘူး။ ၂၇  “အို ယာကုပ်၊ အို အစ္စရေး၊‘ငါ​သွား​နေ​တဲ့​လမ်း​ကို ယေဟောဝါ​ဘု​ရား မမြင်​ပါ​ဘူး။ ငါ​ခံ​နေ​ရ​တဲ့ မတ​ရား​မှု​ကို ဘု​ရား​သခင်​က လျစ်​လျူ​ရှု​ထား​တယ်’ လို့ ဘာ​ကြောင့်​ပြော​ရ​တာ​လဲ။+ ၂၈  မင်း​တို့ မသိ​ဘူး​လား။ မကြား​ဖူး​ဘူးလား။ ကမ္ဘာ​မြေရဲ့ အစွန်​အဖျား​တွေ​ကို ဖန်​ဆင်း​တဲ့​အရှင် ယေဟောဝါ​ဟာ ထာ​ဝ​စဉ်​တည်​တဲ့ ဘု​ရား​သခင်​ပဲ။+ ငါ​ဘယ်​တော့​မှ မမော​ဘူး။ မပင်​ပန်း​ဘူး။+ ငါ့​ရဲ့​သိ​နား​လည်​နိုင်​စွမ်း​ဟာ စိ​စစ်​လို့ မကုန်​နိုင်​ဘူး။+ ၂၉  မော​ပန်း​သူ​ကို ငါ​ခွန်​အား​ပေး​မယ်။ အားအင်​မရှိ​သူ​ကို အား​ပြည့်​စေ​မယ်။+ ၃၀  လူငယ်​တွေ ပင်​ပန်း​နွမ်း​လျ​ပြီး လူ​ရွယ်​တွေ ခ​လုတ်​တိုက်​လဲ​လိမ့်​မယ်။ ၃၁  ယေဟောဝါ​ကို မျှော်​လင့်​တဲ့​သူ​တွေ​က​တော့ ခွန်​အား ပြန်​ပြည့်​လာ​လိမ့်​မယ်။ လင်း​ယုန်​လို တောင်​ပံ​ဖြန့်​ပြီး ပျံ​ဝဲ​နေ​လိမ့်​မယ်။+ ပြေး​တဲ့​အခါ မော​ပန်း​မှာ မဟုတ်​ဘူး။ လမ်း​လျှောက်​ရင်​လည်း ပင်​ပန်း​မှာ မဟုတ်​ဘူး။”+

အောက်ခြေမှတ်ချက်များ

“ဘယ်​သူ နား​လည်​နိုင်​လို့​လဲ” လည်း​ဖြစ်​နိုင်။