မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဟန် ၂၁:၁-၂၅

မာတိကာ

  • တ​ပည့်တွေ​ရှေ့ ယေရှု​ပေါ်​လာ (၁-၁၄)

  • ယေရှု​ကို​ချစ်​ကြောင်း ပေတရု အခိုင်​အမာ​ပြော (၁၅-၁၉)

    • “ကျွန်​တော့်ရဲ့ သိုး​က​လေး​တွေ​ကို ကျွေး​မွေး​ပါ” (၁၇)

  • ယေရှု​ချစ်​တဲ့​တ​ပည့်ရဲ့ ရှေ့​ရေး (၂၀-၂၃)

  • နိ​ဂုံး (၂၄၊ ၂၅)

၂၁  အဲဒီ​နောက် ယေရှု​က တိ​ဗေ​ရိ​အိုင်​နား​မှာ  တ​ပည့်တွေ​ကို ကိုယ်​ထင်​ပြတယ်။ ကိုယ်​ထင်​ပြပုံ​က​တော့ ဒီ​လို​ပါ၊ ၂  ရှိ​မုန်​ပေတရု၊ အမြွှာ​လို့​ခေါ်​တဲ့ သော​မ၊+ ဂါ​လိ​လဲ​နယ် ကာ​န​မြို့​သား နာ​သနေ​လ၊+ ဇေဗေဒဲရဲ့​သား​တွေ​နဲ့+ တ​ခြား​တ​ပည့်​နှစ်​ယောက်​တို့ အတူ​ရှိ​နေ​ချိန်​မှာ၊ ၃  ရှိ​မုန်​ပေတရု​က “ငါး​ဖမ်း​ထွက်​မယ်” ဆို​တော့ “ငါ​တို့​လည်း လိုက်​မယ်” လို့​ပြော​ကြ​တယ်။ သူတို့ လှေ​နဲ့​ငါး​ဖမ်း​ထွက်​ပေမဲ့ အဲဒီ​ည​မှာ ငါး​တစ်​ကောင်​မှ မရ​ဘူး။+ ၄  မိုး​လင်း​ခါ​နီး​တော့  ကမ်း​စပ်​မှာ ယေရှု ရပ်​နေ​တယ်။ ဒါ​ပေမဲ့ ယေရှု​မှန်း တပည့်​တွေ မသိ​ကြ​ဘူး။+ ၅  ယေရှု​က “ချစ်​သား​တို့၊ စား​စ​ရာ​တစ်​ခု​ခု ရှိ​သလား” ဆို​ပြီး မေး​တဲ့​အခါ “မရှိ​ဘူး” လို့​ဖြေကြ​တယ်။ ၆  ဒါ​နဲ့ “လှေ​ရဲ့​ညာ​ဘက်​မှာ ပိုက်​ကွန်​ချ​လိုက်​ပါ။ ငါး​တွေရ​လိမ့်​မယ်” လို့ ယေရှု​ပြော​တဲ့​အတွက် ပိုက်​ကွန်​ချ​လိုက်​တဲ့​အခါ ပိုက်​ကို​တောင် မဆွဲ​တင်​နိုင်​လောက်​အောင်  ငါး​တွေ​အများ​ကြီး ဖမ်း​မိ​တယ်။+ ၇  အဲဒီ​အခါ ယေရှု​ချစ်​တဲ့​တ​ပည့်​က+ “ဒါ သခင်​ပဲ” လို့​ပေတရု​ကို ပြော​တယ်။ ဒါ​ကို​လည်း ကြား​ရော ရှိ​မုန်​ပေတရု​က အပေါ်​အင်္ကျီ​ကို ကောက်​ဝတ်​ပြီး ရေ​ထဲ ခုန်​ဆင်း​သွား​တယ်။ ၈  ကျန်​တဲ့​တ​ပည့်တွေ​ဟာ ကမ်း​စပ်​နဲ့​သိပ်​မဝေး​ဘဲ​ ပေ ၃၀၀* လောက်​မှာ ရှိ​နေ​တဲ့​အတွက် ငါး​တွေ​အပြည့်​ပါ​တဲ့ ပိုက်​ကွန်​ကို ဆွဲ​ရင်း လှေ​နဲ့ ကမ်း​ကပ်​လာ​တယ်။ ၉  ကမ်း​ပေါ်​ရောက်​တဲ့​အခါ မီး​သွေး​မီး​ပုံ​ပေါ် ကင်​ထား​တဲ့ ငါး​တွေ​နဲ့ မုန့်​ကို တွေ့​တယ်။ ၁၀  ယေရှု​က “ဖမ်း​လာ​တဲ့​ငါး​တ​ချို့  ယူ​လာခဲ့”  လို့​ပြော​တဲ့​အတွက်၊ ၁၁  ရှိ​မုန်​ပေတရု​လည်း လှေ​ပေါ်​တက်​ပြီး ပိုက်​ကွန်​ကို ကုန်း​ပေါ်​ဆွဲ​တင်​တယ်။  ငါး​ကြီး ၁၅၃ ကောင် ပါ​လာ​တယ်။ ငါး​တွေ ဒီ​လောက်​များ​တာ​တောင်  ပိုက်​ကွန်​မပေါက်​ပြဲဘူး။ ၁၂  ယေရှု​က  “မနက်​စာ  လာ​စား​ကြ” လို့​ခေါ်​တယ်။ သခင်​မှန်း သိ​နေ​တဲ့​အတွက် “ခင်​ဗျား ဘယ်​သူ​လဲ” ဆို​ပြီး တ​ပည့်​တစ်​ယောက်​မှ မမေး​ရဲ​ဘူး။ ၁၃  ယေရှု​က မုန့်​ကို​ယူ​ပြီး တ​ပည့်တွေ​ကို ပေး​တယ်။ ငါး​ကို​လည်း ပေး​တယ်။ ၁၄  ယေရှု သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ပြီး​နောက် တ​ပည့်တွေ​ကို ကိုယ်​ထင်​ပြတာ ဒါ​ဟာ တ​တိ​ယ​အကြိမ်​ပဲ။+ ၁၅  မနက်​စာ  စား​ပြီး​တဲ့​နောက် ယေရှု​က “ယောဟန်​ရဲ့​သား ရှိ​မုန်၊ ဒီ​ဟာ​တွေ​ထက်  ကျွန်​တော့်​ကို ပို​ချစ်​သ​လား”​ လို့​မေး​တယ်။  “ချစ်​တာ​ပေါ့။ ကျွန်​တော်​ချစ်​မှန်း သခင်​သိ​ပါ​တယ်” လို့ ရှိ​မုန်​ပေတရု​ဖြေတဲ့​အခါ “ကျွန်​တော့်​သိုး​သ​ငယ်​တွေ​ကို ကျွေး​မွေး​ပါ”+ လို့​မှာ​တယ်။ ၁၆  ယေရှု​က “ယောဟန်​ရဲ့​သား ရှိ​မုန်၊ ကျွန်​တော့်​ကို ချစ်​သလား” လို့ ဒုတိ​ယ​အကြိမ် မေး​တယ်။ “ချစ်​တာ​ပေါ့။ ကျွန်​တော်​ချစ်​မှန်း သခင်​သိ​ပါ​တယ်” လို့​ဖြေတော့ “ကျွန်​တော့် သိုး​က​လေး​တွေ​ကို ထိန်း​ပါ”+ လို့​မှာ​တယ်။ ၁၇  အဲဒီ​နောက် ယေရှု​က “ယောဟန်​ရဲ့​သား ရှိမုန်၊​ ကျွန်​တော့်​ကို ချစ်​သ​လား” လို့ တ​တိ​ယ​အကြိမ် မေး​တယ်။ “ကျွန်​တော့်​ကို ချစ်​သလား” လို့ သုံး​ကြိမ်​တောင် မေး​တဲ့​အတွက် ပေတရု​လည်း ဝမ်း​နည်း​သွား​ပြီး “သခင်၊ သခင်​ဟာ အရာ​ခပ်​သိမ်း​ကို သိ​ပါ​တယ်။ သခင့်​ကို ကျွန်​တော်​ချစ်​မှန်း​လည်း သိ​ပါ​တယ်” လို့​ဖြေတယ်။ အဲဒီ​အခါ ယေရှု​က “ကျွန်​တော့်ရဲ့ သိုး​က​လေး​တွေ​ကို ကျွေး​မွေး​ပါ။+ ၁၈  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အ​တိုင်း ပြော​မယ်။ ခင်​ဗျား​ဟာ ငယ်​တုန်း​မှာ ကိုယ့်​ဘာ​သာ​ကိုယ် အဝတ်​ဝတ်​ပြီး သွား​ချင်​တဲ့​နေ​ရာ​ကို သွား​တတ်​တယ်။ အသက်​ကြီး​လာရင်​တော့ ကိုယ့်​လက်​နှစ်​ဖက်​ကို ဆန့်​ပြီး တခြား​သူ​က ဝတ်​ပေး​လိမ့်​မယ်၊ ကိုယ်​မသွား​ချင်​တဲ့​နေ​ရာ​ကို ခေါ်​သွား​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၉  ဒါ​ဟာ ပေတရု ဘယ်​လို​သေဆုံး​ပြီး ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို ထင်​ရှား​စေ​မလဲ​ဆို​တာ ပြော​နေ​တာ။ အဲဒီ​နောက် ပေတရု​ကို “ကျွန်​တော့်​နောက် ဆက်​ပြီး​လိုက်​ပါ”+ လို့​ပြော​တယ်။ ၂၀  ပေတရု  လှည့်​ကြည့်​တဲ့​အခါ ယေရှု​ချစ်​တဲ့​တ​ပည့်+ လိုက်​လာ​တာ​ကို မြင်​တယ်။ အဲဒီ​တ​ပည့်​ဟာ ည​စာ​စား​ချိန်​မှာ ယေရှု​ရဲ့ရင်​ခွင်​ကို ကျော​မှီ​ပြီး “သခင့်​ကို သစ္စာ​ဖောက်​မယ့်​သူ​ဟာ ဘယ်​သူ​လဲ” လို့​မေး​ခဲ့​တဲ့​သူ​ပဲ။ ၂၁  သူ့​ကို​မြင်​တဲ့​အခါ ပေတရု​က “သခင်၊ သူ​ကျ​တော့​ကော” ဆို​ပြီး မေး​တယ်။ ၂၂  ယေရှု​က “ကျွန်​တော်​လာ​တဲ့​အချိန်​ထိ သူ့​ကို အသက်​ရှင်​စေ​ချင်​တယ်​ဆို​ရင်​လည်း ခင်​ဗျား​နဲ့ ဘာ​မှ​မဆိုင်​ပါ​ဘူး။ ခင်​ဗျား​သာ ကျွန်​တော့်​နောက်​ကို ဆက်​လိုက်​ပါ” လို့​ပြော​တယ်။ ၂၃  ဒါ​နဲ့ အဲဒီ​တ​ပည့် သေမှာ​မဟုတ်​ဘူး​ဆို​တဲ့​စကား တ​ပည့်တွေ​အလယ်​မှာ ပျံ့​သွား​တယ်။ တ​ကယ်​တော့ သူ​သေမှာ​မဟုတ်​ဘူး​လို့ ယေရှု​ပြော​နေ​တာ မဟုတ်​ဘူး။ “ကျွန်​တော်​လာ​တဲ့​အချိန်​ထိ သူ့​ကို အသက်​ရှင်​စေ​ချင်​တယ်​ဆို​ရင်​လည်း ခင်​ဗျား​နဲ့ ဘာ​မှ​မဆိုင်​ဘူး” လို့​ပြော​နေ​တာ​ပါ။ ၂၄  ဒီ​အကြောင်း​တွေ​ကို သက်သေခံ​ပြီး ရေး​သား​ခဲ့​တဲ့​သူ​ဟာ အဲဒီ​တ​ပည့်​ပဲ။+ သူ့​သက်သေခံ​ချက် မှန်​တယ်​ဆို​တာ ကျွန်​တော်​တို့​သိ​ကြ​ပါ​တယ်။ ၂၅  ယေရှု​လုပ်​ခဲ့​တာ​တွေ  အများ​ကြီး ရှိ​သေး​တယ်။ အဲ​ဒါ​တွေ​အားလုံး​ကို အသေး​စိတ်​ရေး​နေ​ရင် ကျမ်း​လိပ်​တွေ​များ​လွန်း​လို့ ကမ္ဘာ​ကြီး​တောင် ဆံ့​မယ်​မထင်​ဘူး။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “အတောင် ၂၀၀ ခန့်။” မီ​တာ ၉၀ ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။