မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောရှု ၂၂:၁-၃၄

မာတိကာ

  • အရှေ့ပိုင်း​မျိုးနွယ်များ အိမ်ပြန်ကြ (၁-၈)

  • ဂျော်ဒန်​မြစ်​နား ပူဇော်ရာပလ္လင်​တ​ည် (၉-၁၂)

  • ပူဇော်ရာပလ္လင်​ရဲ့​အဓိပ္ပာယ် ရှင်းပြ (၁၃-၂၉)

  • ပဋိပက္ခ​ကို ဖြေရှင်း (၃၀-၃၄)

၂၂  ယောရှုက ရုဗင်​အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ​အနွယ်​တစ်ဝက်​ကို ခေါ်ပြီး၊ ၂  “ခင်ဗျားတို့​ဟာ ယေဟောဝါရဲ့​ကျွန် မောရှေ မှာကြားတဲ့​အတိုင်း လုပ်ခဲ့​တယ်။+ ကျုပ်​မှာကြား​တာကို​လည်း နာခံကြ​တယ်။+ ၃  ဒီနေ့​အထိ ကို​ယ့်​ညီအစ်ကို​တွေကို မစွန့်​သွား​ဘူး။+ ယေဟောဝါ​ဘုရား​မိန့်မှာ​တဲ့​အတိုင်း​လိုက်နာ​ခဲ့​တယ်။+ ၄  အခု၊ ယေဟောဝါ​ဘုရားက ကတိ​ပေးခဲ့တဲ့​အတိုင်း ခင်ဗျားတို့​ရဲ့ ညီအစ်ကို​တွေကို အေးအေးချမ်းချမ်း နေထိုင်ခွင့်​ပေး​ပြီ။+ ဒါကြောင့် ယေဟောဝါရဲ့​ကျွန် မောရှေ​ပေးခဲ့တဲ့ ဂျော်ဒန်​မြစ် အရှေ့ဘက်ခြမ်း​က ကို​ယ့်​နယ်မြေ၊ ကို​ယ့်​တဲ​တွေဆီ ပြန်​ကြ​တော့။+ ၅  ယေဟောဝါရဲ့​ကျွန် မောရှေ​မှာ​ကြားခဲ့​တဲ့​အတိုင်း၊ ပညတ်တရား​အတိုင်း ဂရုတစိုက် လိုက်နာ​ကြ။+ ယေဟောဝါ​ဘုရားကို ချစ်​ပြီး+ ဘုရားရဲ့ လမ်းစဉ်​အားလုံးကို လိုက်လျှောက်​ကြ။+ ပညတ်ချက်​တွေကို လိုက်နာ​ပြီး+ ဘုရားကိုပဲ တွယ်တာ​နေကြပါ။+ ဘုရားသခင်ကို စိတ်​စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ ဝတ်ပြု​ကြပါ”+ လို့​ပြောတယ်။ ၆  အဲဒီနောက် ဆုမွန်​ကော​င်း တောင်းပေး​ပြီး ယောရှု ပြန်လွှတ်​လိုက်​တော့ သူတို့ အိမ်ပြန်သွားကြတယ်။ ၇  မောရှေ​က မနာရှေ​အနွယ်​တစ်ဝက်​ကို ဗာရှန်​ပြည်​မှာ အမွေ​ပေး​ပြီးပြီ။+ ကျန်​တစ်ဝက်​ကို​တော့ ယောရှုက ဂျော်ဒန်​မြစ်​အနောက်ဘက်​မှာ သူတို့​ညီအစ်ကိုတွေနဲ့​အတူ အမွေ​ပေးတယ်။+ ယောရှုက သူတို့ကို ပြန်လွှတ်​လိုက်​ချိန်မှာ ဆုမွန်​ကော​င်း တောင်းပေး​တဲ့​အပြင်၊ ၈  “ပစ္စည်းဥစ္စာ​တွေ၊ တိရစ္ဆာန်တွေ၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်​အထည်​တွေ အများကြီး​ယူပြီး+ ကို​ယ့်​အိမ်​ကို​ယ့်​ရာကို ပြန်​ကြ။ ရန်သူတွေ​ဆီက တိုက်​ရာ​ပါ​ဥစ္စာ​တွေကိုလည်း ညီအစ်ကိုတွေနဲ့ ခွဲဝေယူ​ကြပါ”+ လို့​လည်း ပြော​သေးတယ်။ ၉  အဲဒီနောက် ရုဗင်​အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ​အနွယ်​တစ်ဝက်​က မောရှေ​က​တစ်ဆင့် ယေဟောဝါ​ပေးခဲ့တဲ့ အမိန့်​အတိုင်း သူတို့​နေထိုင်​ဖို့ ရထားတဲ့+ ဂိလဒ်​ပြည်​ဆီ+ ပြန်သွားဖို့ အစ္စရေးတွေ​ရှိနေတဲ့ ခါနန်ပြည်၊ ရှိလော​အရပ်​က​နေ ထွက်ခွာ​လာကြတယ်။ ၁၀  ခါနန်ပြည် ဂျော်ဒန်​မြစ်​နား​ကိုရော​က်​တော့ ရုဗင်​အနွယ်၊ ဂဒ်အနွယ်​နဲ့ မနာရှေ​အနွယ်​တစ်ဝက်​က ခမ်းနား​တဲ့ ပူဇော်ရာပလ္လင်​ကြီး​တစ်ခုကို ဂျော်ဒန်​မြစ်​နား​မှာ တ​ည်ကြ​တယ်။ ၁၁  အဲဒီ​အကြောင်းကို ကျန်​တဲ့​အစ္စရေးတွေ ကြားတဲ့​အ​ခါ+ “ရုဗင်​အနွယ်၊ ဂဒ်အနွယ်​နဲ့ မနာရှေ​အနွယ်​တစ်ဝက်​က အစ္စရေးတွေ​ပိုင်​တဲ့ ဂျော်ဒန်​မြစ် အနောက်ဘက်​ဒေသ၊ ခါနန်ပြည်​နယ်စပ်​မှာ ပူဇော်ရာပလ္လင်​တစ်ခု တ​ည်​ကြပြီ” လို့​ပြော​ကြ​တယ်။ ၁၂  ဒီ​သတင်း ကြား​တာ​နဲ့ အစ္စရေး​တစ်မျိုးလုံး​က သူတို့ကို တိုက်​ဖို့ ရှိလော​အရပ်မှာ စုဝေး​ကြ​တယ်။+ ၁၃  အဲဒီနောက် အစ္စရေးတွေ​က ပုရောဟိတ်​ဧ​လာ​ဇာ​ရဲ့​သား ဖိနဟတ်​ကို+ ဂိလဒ်​ပြည်​မှာ​ရှိတဲ့ ရုဗင်​အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ​အနွယ် တစ်ဝက်​ဆီ လွှတ်လိုက်တယ်။ ၁၄  ဖိနဟတ်​နဲ့အတူ ခေါင်းဆောင် ဆယ်ယောက်​လည်း လိုက်သွား​တယ်။ အဲဒီ​ခေါင်းဆောင်​တွေ​က အစ္စရေး​တစ်နွယ်စီ​ကို ကိုယ်စား​ပြုတယ်။ အစ္စရေး​လူ ထောင်နဲ့​ချီကို ဦးဆောင်​ရတဲ့ ဆွေမျိုး​စု​ခေါင်းဆောင်​တွေ​ပဲ။+ ၁၅  သူတို့က ဂိလဒ်​ပြည်​မှာ​ရှိတဲ့ ရုဗင်​အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ​အနွယ်​တစ်ဝက်​ဆီ ရောက်လာ​တော့ ၁၆  “ယေဟောဝါရဲ့ လူစု​တစ်စု​လုံး​က ခင်ဗျားတို့​ကို မှာ​လိုက်တယ်– ‘အစ္စရေး​တို့​ရဲ့ ဘုရားသခင်ကို ဘာလို့ ဒီလို သစ္စာဖောက်​ရတာလဲ။+ အခု၊ ခင်ဗျားတို့ ပူဇော်ရာပလ္လင် တ​ည်ပြီး ယေဟောဝါကို ပုန်ကန်​ကြပြီ။ ဒါဟာ ယေဟောဝါကို ကျောခိုင်း​လိုက်တာ​ပဲ။+ ၁၇  ပေဂုရ​အရပ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်နဲ့​တင် မတော်​သေး​ဘူး​လား။ ယေဟောဝါရဲ့ လူစု​အပေါ် ဘေးဒဏ်​ကျရောက်​ခဲ့​တာကို မေ့​လိုက်​ကြပြီ​လား။ အဲဒီ​ပြစ်ဒဏ်​ကို အခု​ချိန်​ထိ ခံ​နေရ​တုန်းပဲ။+ ၁၈  အခု​လည်း ယေဟောဝါ​ဘုရားကို ကျောခိုင်းဦး​မ​လို့​လား။ ဒီနေ့၊ ယေဟောဝါကို ခင်ဗျားတို့ ပုန်ကန်​မယ်ဆိုရင် မနက်ဖြန် အစ္စရေး​တစ်မျိုး​လုံးကို အကြီးအကျယ် အမျက်ထွက်​လိမ့်မယ်။+ ၁၉  ခင်ဗျားတို့​အပိုင်​ရတဲ့​ပြည်​က မသန့်ရှင်း​ဘူးဆို​ရင်​လည်း ယေဟောဝါရဲ့ တဲတော် ရှိတဲ့​နေရာ၊+ ယေဟောဝါ​ပိုင်​တဲ့​ပြည်​မှာ+ ကျုပ်​တို့​နဲ့အတူ လာ​နေထိုင်​ကြပါ။ ယေဟောဝါကို​တော့ မ​ပုန်ကန်​ကြပါနဲ့။ ယေဟောဝါ​ဘုရားရဲ့ ပူဇော်ရာပလ္လင် ရှိပြီး​သား​ပဲ။ နောက်​ပလ္လင်​တစ်ခုကို တ​ည်ပြီး ကျုပ်​တို့အား​လုံးကို ပုန်ကန်​သူတွေ​ဖြစ်အောင် မ​လုပ်ကြပါ​နဲ့။+ ၂၀  ဇေရ​ရဲ့​သား အာခန်​က+ ဖျက်ဆီး​ပစ်ရ​မယ့်​အရာကို မယူ​ရဘူးဆိုတဲ့ အမိန့်​ကို မနာခံ​ဘဲ သစ္စာမဲ့​တဲ့​အ​ခါ သူ့အပြစ်​ကြောင့် သူ​တစ်ယောက်တည်း သေ​ခဲ့​ရတာ မဟုတ်ဘူး။+ အမျက်တော်ကို အစ္စရေး​တစ်မျိုးလုံး ခံ​ခဲ့​ရတာ မဟုတ်လား”+ ဆို​ပြီး ပြော​ကြ​တယ်။ ၂၁  အဲဒီအခါ ရုဗင်​အနွယ်၊ ဂဒ်အနွယ်​နဲ့ မနာရှေ​အနွယ်​တစ်ဝက်​က အစ္စရေး​လူ​ထောင်နဲ့​ချီကို ဦးဆောင်​ရတဲ့ ခေါင်းဆောင်​တွေကို+ ရှင်းပြ​တယ်– ၂၂  “ဘုရားတွေ​ထဲမှာ အကြီးမြတ်ဆုံး ဘုရား​သခင် ယေဟောဝါ။ ဘုရားတွေ​ထဲမှာ အကြီးမြတ်ဆုံး ဘုရား​သခင် ယေဟောဝါ၊+ ဘုရား​သခင် သိ​ပါတယ်။ အစ္စရေးတွေ​လည်း သိ​ကြပါလိမ့်မယ်။ ယေဟောဝါကို ပုန်ကန်​ရင်၊ သစ္စာဖောက်​ရင် ဒီနေ့ ကျုပ်​တို့ကို အသက်ချမ်းသာ မ​ပေးပါ​နဲ့။ ၂၃  ယေဟောဝါကို ကျောခိုင်း​ပြီး မီးရှို့​ရာ​အလှူ​တွေ၊ ကောက်နှံ​အလှူ​တွေ၊ မိတ်သဟာယ ပူဇော်သက္ကာ​တွေ ဆက်သ​ဖို့ ပူဇော်ရာပလ္လင် တ​ည်​တာ​ဆို​ရင် ကျုပ်​တို့ကို ယေဟောဝါ ပြစ်ဒဏ်​ပေးပါစေ။+ ၂၄  တကယ်တော့ ကျုပ်​တို့ ဒီလို​လုပ်တာ အကြောင်း​ရှိလို့​ပါ။ ‘နောင်တစ်ချိန်​မှာ ခင်ဗျားတို့​ရဲ့ သားမြေး​တွေ​က ကျုပ်​တို့​ရဲ့ သားမြေး​တွေကို “မင်း​တို့​က အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါနဲ့ ဘာ​ဆိုင်​လို့​လဲ။ ၂၅  ယေဟောဝါ​က ဂျော်ဒန်​မြစ်​ကို နယ်နိမိတ်​ထားပြီး မင်း​တို့ ရုဗင်​အနွယ်၊ ဂဒ်အနွယ်​တွေကို ငါ​တို့​နဲ့ ခြား​ထား​လိုက်​ပြီ။ မင်း​တို့​က ယေဟောဝါနဲ့ ဘာမှ​မဆိုင်​ဘူး” ဆို​ပြီး ပြော​ကြ​လိမ့်မယ်။ ဒီနည်းနဲ့ ခင်ဗျားတို့​ရဲ့​သားမြေး​တွေ​က ယေဟောဝါ​ဘုရားကို ကျုပ်​တို့​ရဲ့​သားမြေး​တွေ ဝတ်​မပြု​နိုင်အောင် တားဆီး​ကြ​လိမ့်မယ်။’ ၂၆  “ဒါကြောင့် ကျုပ်​တို့​က ‘ပူဇော်ရာပလ္လင်​တစ်ခု တ​ည်​ရ​အောင်။ မီးရှို့​ရာ​အလှူ​တွေ၊ ပူဇော်သက္ကာ​တွေ ဆက်သ​ဖို့ မဟုတ်ဘူး။ ၂၇  ကျုပ်​တို့​နဲ့ ခင်ဗျားတို့၊ ကျုပ်​တို့​ရဲ့ သားမြေး​တွေ​နဲ့ ခင်ဗျားတို့​ရဲ့ သားမြေး​တွေ​အတွက် သက်သေ​ဖြစ်စေဖို့​ပဲ။+ ကျုပ်​တို့​က ယေဟောဝါ​ရှေ့မှာပဲ မီးရှို့​ရာ​အလှူ​တွေ၊ မိတ်သဟာယ ပူဇော်သက္ကာ​တွေ၊ တခြား​ပူဇော်သက္ကာ​တွေ+ ဆက်သ​ပြီး ဝတ်ပြု​မယ်ဆို​တာ ဒီ​ပူဇော်ရာပလ္လင်​ဟာ သက်သေ​ပဲ။ ဒါမှ နောက်​နောင် ခင်ဗျားတို့​ရဲ့ သားမြေး​တွေ​က “မင်း​တို့ ယေဟောဝါ​ဘုရား​နဲ့ ဘာမှ​မဆိုင်​ဘူး” လို့ ကျုပ်​တို့​ရဲ့​သားမြေး​တွေကို မပြော​နိုင်မှာ’ ဆို​ပြီး တိုင်ပင်​ကြ​တယ်။ ၂၈  ဒါကြောင့် ‘နောင်တစ်ချိန်​မှာ သူတို့က ကျုပ်​တို့​နဲ့ ကျုပ်​တို့​ရဲ့ သားမြေး​တွေကို အဲဒီလို​ပြော​လာခဲ့​ရင် “ဒီ​မှာ​ကြည့်၊ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်​နဲ့​တူတဲ့ ဒီ​ပလ္လင်​ကို ငါ​တို့​ဘိုးဘေး​တွေ တည်ခဲ့တယ်။ မီးရှို့​ရာ​အလှူ​တွေ၊ ပူဇော်သက္ကာ​တွေ ဆက်သ​ဖို့ မဟုတ်ဘူး။ မင်း​တို့​နဲ့ ငါ​တို့အတွက် သက်သေ​ဖြစ်စေဖို့​ပဲ” ဆို​ပြီး ပြန်ပြော​မယ်’ လို့ ကျုပ်​တို့ တိုင်ပင်​ကြပါတယ်။ ၂၉  ယေဟောဝါကို ကျောခိုင်း​ဖို့၊+ ယေဟောဝါကို ပုန်ကန်​ဖို့​ဆို​တာ စဉ်း​တောင်​မစဉ်းစား​ဝံ့​ပါ​ဘူး။ မီးရှို့​ရာ​အလှူ​တွေ၊ ကောက်နှံ​အလှူ​တွေ၊ တခြား​ပူဇော်သက္ကာ​တွေ ဆက်သ​ဖို့ တဲတော်​ရှေ့​က ယေဟောဝါ​ဘုရားရဲ့ ပူဇော်ရာပလ္လင်​က​လွဲ​လို့ တခြား​ပူဇော်ရာပလ္လင်​ကို တ​ည်ဖို့ မရည်ရွယ်​ပါ​ဘူး။”+ ၃၀  ရုဗင်​အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ​အနွယ်​တစ်ဝက် ပြောတဲ့​စကားကို ကြားတဲ့​အ​ခါ ပုရောဟိတ်​ဖိနဟတ်​ရော၊ အစ္စရေး​လူ​ထောင်နဲ့​ချီကို ဦးဆောင်​ရတဲ့ ဆွေမျိုး​စု​ခေါင်းဆောင်​တွေ​ပါ ကျေနပ်​သွား​ကြ​တယ်။+ ၃၁  ဒါကြောင့် ပုရောဟိတ်​ဧ​လာ​ဇာ​ရဲ့​သား ဖိနဟတ်​က “ယေဟောဝါ​ဘုရားကို ခင်ဗျားတို့ သစ္စာ​မ​ဖောက်​တဲ့​အတွက် တို့​တစ်​တွေ​နဲ့အတူ ယေဟောဝါ​ဘုရား ရှိတယ်ဆိုတာ ဒီနေ့​သိရ​ပြီ။ အစ္စရေးတွေကို ယေဟောဝါ​ဘုရားရဲ့​လက်​ထဲက​နေ ခင်ဗျားတို့ ကယ်​လိုက်တာ​ပဲ” ဆို​ပြီး ရုဗင်​အနွယ်၊ ဂဒ်အနွယ်​နဲ့ မနာရှေ​အနွယ်​ရဲ့ သားမြေး​တွေကို ပြောတယ်။ ၃၂  အဲဒီနောက် ပုရောဟိတ်​ဧ​လာ​ဇာ​ရဲ့​သား ဖိနဟတ်​နဲ့ ခေါင်းဆောင်​တွေ​က ဂိလဒ်​ပြည်​မှာ​ရှိတဲ့ ရုဗင်​အနွယ်၊ ဂဒ်အနွယ်​ဆီကနေ ခါနန်ပြည်​ကို ပြန်လာပြီး ကျန်​တဲ့​အစ္စရေးတွေကို အကြောင်းစုံ ပြောပြ​ကြ​တယ်။ ၃၃  ဒီ​သတင်း​ကို အစ္စရေးတွေ​ကြားတဲ့​အ​ခါ ကျေနပ်​သွား​ပြီး ဘုရားသခင်ကို ချီးမွမ်း​ကြ​တယ်။ ရုဗင်​အနွယ်​နဲ့ ဂဒ်အနွယ် နေထိုင်တဲ့​ပြည်​ကို သွားတိုက်​ခိုက်​ပြီး ဖျက်ဆီး​မယ့်​အကြောင်း ထပ်​မပြော​ကြ​တော့ဘူး။ ၃၄  ရုဗင်​အနွယ်၊ ဂဒ်အနွယ်​က “ယေဟောဝါဟာ စစ်မှန်တဲ့​ဘုရား​သခင် ဖြစ်မှန်း ဒီ​ပူဇော်ရာပလ္လင်​ဟာ ငါ​တို့အားလုံး​အတွက် သက်သေ​ပဲ” ဆို​ပြီး အဲဒီ​ပလ္လင်​ကို နာမည်​ပေးလိုက်တယ်။*

အောက်ခြေမှတ်ချက်များ

‘သက်သေ’ လို့​နာမည်​ပေးတာ ဖြစ်နိုင်။