မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၅:၁-၄၃

မာတိကာ

  • နတ်​ဆိုး​တွေ​ကို ဝက်​အုပ်​ထဲ ဝင်​ပူး​စေ (၁-၂၀)

  • ယာ​အိ​ရုသမီး။ အမျိုး​သမီး​တစ်​ယောက် ယေရှု​ရဲ့​ဝတ်​လုံ​ကို တို့​ထိ (၂၁-၄၃)

 အဲဒီ​နောက်  အိုင်​တစ်​ဖက်​ကမ်း ဂေရ​သနယ်​ကို သူတို့ ရောက်​လာ​တယ်။+ ၂  ယေရှု လှေ​ပေါ်​က​ဆင်း​တာ​နဲ့ နတ်​ဆိုး​ပူး​သူ​တစ်​ယောက် သင်္ချိုင်း​ဂူ​တွေ​ကြား​က​နေ ထွက်​လာ​ပြီး ယေရှု​နဲ့​ဆုံ​တယ်။ ၃  သင်္ချိုင်း​တ​စ​ပြင်​မှာ​နေ​တဲ့ သူ့​ကို ဖမ်း​ချုပ်​နိုင်​သူ မရှိ​ခဲ့​ဖူး​ဘူး။ သံ​ကြိုး​နဲ့​ချည်​ထား​လို့​တောင်  မရ​ဘူး။ ၄  ခြေ​ကျဉ်း​ခတ်​ပြီး လက်​ကို သံ​ကြိုး​နဲ့​ချည်​ထား​လည်း သံ​ကြိုး​ကို ဆွဲ​ဖြတ်၊ ခြေ​ကျဉ်း​ကို အပိုင်း​ပိုင်း ချိုး​လေ့​ရှိ​တယ်။ သူ့​ကို ဖမ်း​ချုပ်​နိုင်​သူ မရှိ​ဘူး။ ၅  သင်္ချိုင်း​တ​စ​ပြင်​နဲ့ တောင်​ပေါ်​မှာ နေ့​နေ့​ည​ည အော်​ဟစ်​ပြီး ကိုယ်​ကို ကျောက်​စောင်း​နဲ့​ရှ​အောင် လုပ်​တတ်​တယ်။ ၆  သူ​က ယေရှု​ကို လှမ်း​မြင်​တဲ့​အခါ အပြေး​အ​လွှား​ လာ​ပျပ်​ဝပ်​ပြီး၊+ ၇  “အမြင့်​ဆုံး​ဘု​ရား​သခင်​ရဲ့ သား​တော် ယေရှု၊ ခင်​ဗျား​က ကျုပ်​နဲ့ ဘာ​ဆိုင်​လို့​တုံး။ ကျုပ်​ကို ဒဏ်​မခတ်​ဘူး​လို့ ဘု​ရား​သခင်​ကို တိုင်​တည်​ပြီး ကျိန်​ဆို​ပါ” လို့အော်​ပြော​တယ်။+ ၈  ယေရှု​က “နတ်​ဆိုး၊ သူ့​အထဲ​က​နေ ထွက်​စမ်း” ဆို​ပြီး အမိန့်​ပေး​လိုက်​လို့​ပဲ။+ ၉  “မင်း​နာ​မည် ဘာ​လဲ” လို့ ယေရှု​မေး​တဲ့​အခါ “ကျုပ်​နာ​မည် တပ်​ဖွဲ့​လို့​ခေါ်​တယ်။ ကျုပ်​တို့​ဟာ အလုံး​အရင်း​ကြီး​ပါ” လို့​ဖြေတယ်။ ၁၀  ပြီး​တော့ ဒီ​ပြည်​က​နေ မနှင်​ထုတ်​ဖို့ နတ်​ဆိုး​တွေ အကြိမ်​ကြိမ် တောင်း​ပန်​တယ်။+ ၁၁  အဲဒီ​တောင်​ပေါ်​မှာ ဝက်​အုပ်​ကြီး​တစ်​အုပ်+  ကျက်​စား​နေ​တယ်။+ ၁၂  နတ်​ဆိုး​တွေ​က “ကျုပ်​တို့​ကို ဒီ​ဝက်​အုပ်​ထဲ ဝင်​ခွင့်​ပြု​ပါ” လို့ တောင်း​ပန်​တယ်။ ၁၃  ယေရှု ခွင့်​ပြု​လိုက်​တော့ နတ်​ဆိုး​တွေ ထွက်​သွား​ပြီး ဝက်​တွေ​ထဲ ဝင်​ပူး​တဲ့​အတွက် ၂,၀၀၀ လောက်​ရှိ​တဲ့ ဝက်​အုပ်​ဟာ ကမ်း​ပါး​ပေါ်​က​နေ တစ်​ဟုန်​ထိုး​ကျ​ပြီး ရေ​နစ်​ကုန်​တယ်။ ၁၄  ဝက်​ကျောင်း​သူ​တွေ​က မြို့​ရွာ​တွေ​ဆီ အပြေး​အလွှား သွား​ပြော​ပြတဲ့​အခါ ဖြစ်​ပျက်​ပုံ​ကို  လူ​တွေ  လာ​ကြည့်​ကြ​တယ်။+ ၁၅  သူတို့ ယေရှု​ဆီ ရောက်​လာ​တဲ့​အခါ နတ်​ဆိုး​တပ်​ဖွဲ့ ဝင်​ပူး​ဖူး​သူ​ဟာ အဝတ်​ဝတ်​ပြီး ပုံ​မှန်​စိတ်​အခြေ​အနေ​နဲ့ ထိုင်​နေ​တာ​ကို မြင်​လိုက်​ရ​တော့ ကြောက်​လန့်​သွား​တယ်။ ၁၆  မျက်​မြင်​သက်​သေတွေ​က​လည်း နတ်​ဆိုး​ပူး​သူ ဘာ​ဖြစ်​ခဲ့​တယ်၊ ဝက်​တွေ ဘယ်​လို​ဖြစ်​သွား​တယ်​ဆို​တဲ့​အကြောင်း ပြန်​ပြော​ပြကြ​တယ်။ ၁၇  ဒါ​ကြောင့် လူ​တွေ​က ယေရှု​ကို ဒီ​နယ်​က​နေ ထွက်​သွား​ပါ​ဆို​ပြီး တောင်း​ပန်​ကြ​တယ်။+ ၁၈  ယေရှု  လှေ​ပေါ်​တက်​တဲ့​အခါ နတ်​ဆိုး​ပူး​ခဲ့​ဖူး​သူ​က အတူ​လိုက်​ခွင့်​ပြု​ပါ​လို့ တောင်း​ပန်​တယ်။+ ၁၉  ယေရှု​က ခွင့်​မပြု​ဘဲ “ဆွေ​မျိုး​သား​ချင်း​တွေ​ရှိ​ရာ အိမ်​ကို​ပြန်​ပြီး ခင်​ဗျား​အတွက် ယေဟောဝါ* ဘု​ရား လုပ်​ပေး​ခဲ့​တာ​တွေ၊ ကရု​ဏာ​ပြခဲ့​တာ​တွေ​ကို ပြော​ပြပါ” လို့​မှာ​တယ်။ ၂၀  အဲဒီ​လူ​က သူ့​အတွက် ယေရှု လုပ်​ပေး​ခဲ့​တာ​တွေ​ကို ဒေ​ကာ​ပေါ​လိ​နယ်​မှာ သွား​ပြော​ပြတဲ့​အခါ လူ​အားလုံး အံ့​အား​သင့်​ကုန်​တယ်။ ၂၁  ယေရှု​က ကမ်း​တစ်​ဖက်​ကို လှေ​နဲ့ ပြန်​ကူး​လာ​တဲ့​အခါ လူ​တွေ အုပ်​လိုက်​ကြီး ရောက်​လာ​တယ်။ အိုင်​နား​မှာ​ရှိ​နေ​တုန်း၊+ ၂၂  ယာ​အိ​ရုလို့​ခေါ်​တဲ့ တ​ရား​ဇ​ရပ်​မှူး​က ယေရှု​ကို​မြင်​တော့ ခြေ​ရင်း​မှာ လာ​ပျပ်​ဝပ်​တယ်။+ ၂၃  “ဆရာ၊  ကျွန်​တော့်​သမီး​လေး အသည်း​အသန် ဖျား​နေ​ပါ​တယ်။ ဆ​ရာ​လိုက်​လာ​ပြီး သမီး​လေး​အပေါ် လက်​တင်​လိုက်​ရင်+ သူ​နေ​ကောင်း​သွား​မှာ​ပါ” လို့ တ​ဖွဖွ အသနား​ခံ​တာ​နဲ့၊ ၂၄  ယေရှု​က သူ့​နောက် လိုက်​လာ​တယ်။ လူ​အုပ်​လည်း ယေရှု​နောက်​က​နေ တိုး​ဝှေ့​ပြီး လိုက်​ပါ​လာ​တယ်။ ၂၅  ဆယ့်​နှစ်​နှစ်​လုံး သွေး​သွန်​နာ​စွဲ​နေ​တဲ့+  အမျိုး​သမီး​တစ်​ယောက်​ရှိ​တယ်။+ ၂၆  သမား​တော်​လည်း စုံ၊ ရှိ​သမျှ​လည်း ကုန်​သွား​ပေမဲ့ သူ​ခံစား​နေ​ရ​တဲ့ ဝေ​ဒ​နာ မသက်​သာ​တဲ့​အပြင် ပို​လို့​တောင် ဆိုး​လာ​တယ်။ ၂၇  သူ​က ယေရှု​ရဲ့​သတင်း​ကို ကြား​တဲ့​အခါ လူ​အုပ်​ထဲ တိုး​ဝင်၊ ယေရှု​နောက်​က​နေ ကပ်​လိုက်​လာ​ပြီး ဝတ်​လုံ​ကို တို့​တယ်။+ ၂၈  “သူ့​ဝတ်​လုံ​ကို တို့​လိုက်​ရုံ​နဲ့ ငါ့​ရော​ဂါ သက်​သာ​သွား​မှာ​ပဲ” လို့ စိတ်​ထဲ​မှာ သူ​တွေး​နေ​ခဲ့​တာ။+ ၂၉  အဲဒီ​အခါ ချက်​ချင်း​ဆို​သလို သွေး​ဆင်း​တာ ရပ်​သွား​ပြီး ရော​ဂါ သက်​သာ​သွား​တာ​ကို သူ​ခံစား​လိုက်​ရ​တယ်။ ၃၀  ယေရှု​က သူ့​ကိုယ်​က​နေ တန်ခိုး​ထွက်​သွား​တာ​ကို+ သိ​သိ​ချင်း ပတ်​လည်​က လူ​အုပ်​ကို ကြည့်​လိုက်​ပြီး “ကျွန်​တော့်​ဝတ်​လုံ​ကို ဘယ်​သူ တို့​တာ​လဲ” လို့​မေး​တယ်။+ ၃၁  တ​ပည့်တွေ​က “လူ​တွေ ကြိတ်​ကြိတ်​တိုး​နေ​တာ​ကို မြင်​လျက်​နဲ့ ‘ဘယ်​သူ တို့​တာ​လဲ’ ဆို​ပြီး မေး​နေ​တာ​လား” လို့​ပြော​ကြ​တယ်။ ၃၂  ဒါ​ပေမဲ့ ယေရှု​က ဘယ်​သူ တို့​မှန်း​သိ​နိုင်​ဖို့ ပတ်​လည်​ကို ကြည့်​လိုက်​တယ်။ ၃၃  ရော​ဂါ​ပျောက်​သွား​မှန်း သိ​လိုက်​တဲ့ အဲဒီ​အမျိုး​သမီး​က ကြောက်​လို့  တ​ဆတ်​ဆတ်​တုန်​နေ​တယ်၊ ယေရှု​ရှေ့​မှာ ဒူး​ထောက်​ပြီး  အကြောင်း​စုံ​ကို  အမှန်​အတိုင်း ဝန်​ခံ​တယ်။ ၃၄  ယေရှု​က “သမီး၊ သမီး​ရဲ့​ယုံ​ကြည်​ခြင်း​က ပြန်​ကျန်း​မာ​စေ​ပြီ။ စိတ်​အေး​လက်​အေး​သာ  ပြန်​ပါ​တော့။+ ရောဂါ​နှိပ်​စက်​တဲ့​ဒဏ် ကင်း​ဝေး​ပါ​စေ”+ လို့​ပြော​လိုက်​တယ်။ ၃၅  အဲဒီ​လို​ပြော​နေ​တုန်း တ​ရား​ဇ​ရပ်​မှူး​ရဲ့​အိမ်​က​နေ လူ​တ​ချို့ ရောက်​လာ​ပြီး “သမီး​လေး ဆုံး​သွား​ပါ​ပြီ။ ဆ​ရာ့​ကို  ဒုက္ခ​မပေး​ပါ​နဲ့​တော့”  လို့​ပြော​တယ်။+ ၃၆  ဒါ​ကို​ကြား​တော့ ယေရှု​က တ​ရား​ဇ​ရပ်​မှူး​ကို “ဘာ​မှ မစိုး​ရိမ်​ပါ​နဲ့။ ယုံ​ကြည်​ခြင်း​သာ ရှိ​ပါ”+ လို့​ပြော​လိုက်​တယ်။ ၃၇  အဲဒီ​နောက် ပေတရု၊ ယာကုပ်​နဲ့ သူ့​ညီ ယောဟန်​က​လွဲ​လို့ ဘယ်​သူ့​ကို​မှ သူ့​နောက် လိုက်​မလာ​ခိုင်း​ဘူး။+ ၃၈  ယေရှု​က တ​ရား​ဇ​ရပ်​မှူး​ရဲ့​အိမ်​ကို ရောက်​တဲ့​အခါ လူ​တွေ အုတ်​အုတ်​ကျက်​ကျက် ဖြစ်​နေ​တာ၊ အော်​ဟစ်​ငို​ယို​နေ​ကြ​တာ​ကို တွေ့​ရ​တယ်။+ ၃၉  ဒါ​နဲ့ အိမ်​ထဲ​ဝင်​ပြီး “ဘာ​လို့ အုတ်​အုတ်​ကျက်​ကျက်​ဖြစ်​ပြီး ငို​နေ​တာ​လဲ။ ဒီ​မိန်း​က​လေး သေတာ​မှ မဟုတ်​ပဲ။ အိပ်​ပျော်​နေ​တာ”+ လို့​ပြော​လိုက်​တော့၊ ၄၀  လူ​တွေ လှောင်​ရယ်​ကြ​တယ်။ ယေရှု​က အားလုံး​ကို အပြင်​ထွက်​ခိုင်း​ပြီး မိန်း​က​လေး​ရဲ့ မိဘ​နှစ်​ပါး​နဲ့ လိုက်​ပါ​လာ​တဲ့ တ​ပည့်တွေ​ကို​ပဲ ခေါ်​ပြီး မိန်း​က​လေး​ရှိ​တဲ့ အခန်း​ထဲ ဝင်​သွား​တယ်။ ၄၁  အဲဒီ​နောက် မိန်း​က​လေး​ရဲ့​လက်​ကို ကိုင်​ပြီး “တ​လိ​သ ကု​မိ” လို့​ပြော​တယ်။ “မိန်း​က​လေး၊ ကျွန်​တော်​ပြော​မယ်။  ထ​ပါ”  လို့​ အဓိပ္ပာယ်ရ​တယ်။+ ၄၂  (၁၂ နှစ်​အရွယ်​ရှိ​တဲ့) အဲဒီ​မိန်း​က​လေး​ဟာ ချက်​ချင်း​ပဲ ထ​ပြီး လမ်း​လျှောက်​တော့​တယ်။ ဒါ​ကို​လည်း​မြင်​ရော သူတို့ ဝမ်း​သာ​လုံး​ဆို့​သွား​ကြ​တယ်။ ၄၃  ယေရှု​က ဒီ​အကြောင်း ဘယ်​သူ့​ကို​မှ မသိ​စေ​နဲ့​လို့ အတန်​တန် မှာ​ကြား​ပြီး​တဲ့​နောက်+ မိန်း​က​လေး​ကို စား​စ​ရာ​တစ်​ခု​ခု ကျွေး​ဖို့ ပြော​တယ်။

အောက်ခြေမှတ်ချက်များ