မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒံယေလ ၁:၁-၂၁

မာတိကာ

  • ဂျေရု​ဆ​လင်​ကို ဗာ​ဗု​လုန်တွေ ဝိုင်း​ထား (၁၊ ၂)

  • လူငယ်​သုံ့​ပန်း​တွေ​ကို မင်း​မှု​ထမ်း​ဖို့ လေ့ကျင့်​ပေး (၃-၅)

  • ဟီ​ဘ​ရူး​လူငယ် ၄ ယောက်​ရဲ့ သစ္စာ​ရှိ​မှု​ကို စမ်းသပ် (၆-၂၁)

 ယုဒ​ဘု​ရင် ယော​ယ​ကိမ်+ နန်း​စံ​သုံး​နှစ်​မှာ ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ဟာ ဂျေရု​ဆ​လင်​မြို့​ဆီ ချီ​တက်​လာ​ပြီး မြို့​ကို ဝိုင်း​ထား​တယ်။+ ၂  အဲ​ဒီ​နောက် ယေဟောဝါ​က ယုဒ​ဘု​ရင် ယော​ယ​ကိမ်​နဲ့ စစ်​မှန်​တဲ့ ဘု​ရား​သခင်​ရဲ့ အိမ်​တော်​အသုံး​အဆောင် ပစ္စည်း​တ​ချို့​ကို နေ​ဗု​ခ​ဒ်​နေ​ဇာ​လက်​ထဲ အပ်​လိုက်​တယ်။+ နေ​ဗု​ခ​ဒ်​နေ​ဇာ​က အဲဒီ​ပစ္စည်းတွေ​ကို ရှိ​နာ​ပြည်*+ မှာ​ရှိ​တဲ့ သူ့​ဘု​ရား​ကျောင်း​ဆီ သယ်​သွား​ပြီး ဘဏ္ဍာ​တိုက်​ထဲ ထည့်​ထား​လိုက်​တယ်။+ ၃  အဲဒီ​နောက် ဘု​ရင်​နေ​ဗု​ခ​ဒ်​နေ​ဇာ​က မင်း​မျိုး​မင်း​နွယ်၊ ဂုဏ်​အသရေ​ရှိ​သူ​အပါ​အဝင် အစ္စရေး​အမျိုး​သား​တ​ချို့​ကို ခေါ်​လာ​ဖို့ နန်း​တွင်း​အရာ​ရှိ​ချုပ် အာ​ရှ​ပေနတ်​ကို အမိန့်​ပေး​တယ်။+ ၄  သူ​တို့​ဟာ ချို့​ယွင်း​ချက်​မရှိ ရုပ်​ရည်​သန့်​ပြန့်​သူ၊ ဗ​ဟု​သု​တ​ကြွယ်​သူ၊ ဉာဏ်​ပညာ​ရှိ​သူ၊ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ရှိ​သူ၊+ နန်း​တော်​မှာ အမှု​ထမ်း​နိုင်​စွမ်း​ရှိ​သူ လူငယ်​လေး​တွေ ဖြစ်​ရ​မယ်။ အာ​ရှ​ပေနတ်​က ခါလဒဲ* စာ​ကို သူတို့ ရေး​တတ်၊ ဖတ်​တတ်၊ ပြော​တတ်​အောင် သင်​ကြား​ပေး​ရ​မယ်။ ၅  ဒါ့​အပြင် နေ​ဗု​ခ​ဒ်​နေ​ဇာ​က သူတို့​ကို ပွဲ​တော်​စာ​နဲ့ စ​ပျစ်​ဝိုင်တွေ နေ့​တိုင်း​ကျွေး​မွေး​ဖို့ သတ်​မှတ်​လိုက်​တယ်။ သူတို့​ကို သုံး​နှစ်​လုံး​လုံး လေ့ကျင့်​ပေး​ရ​မယ်။* သုံး​နှစ်​စေ့​တဲ့​အခါ နေ​ဗု​ခ​ဒ်​နေ​ဇာ​ဆီ​မှာ သူတို့​အမှု​ထမ်း​ရ​မယ်။ ၆  အဲဒီ​လူငယ်​လေး​တွေ​ထဲ​မှာ ယုဒ​အ​နွယ်​ထဲ​က ဒံယေလ၊*+ ဟာ​န​နိ၊* မိရှေ​လ၊* အာ​ဇ​ရိ*+ တို့​ပါ​တယ်။ ၇  နန်း​တွင်း​အရာ​ရှိ​ချုပ်​က ဒံယေလ​ကို ဗေ​လ​တ​ရှာ​ဇာ၊+ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လကို မေရှက်၊ အာ​ဇ​ရိ​ကို အဗေ​ဒ​နေ​ဂေါ​ဆို​ပြီး  နာ​မည်​ပြောင်း​ပေး​လိုက်​တယ်။+ ၈  ဒံယေလ​က​တော့  ပွဲ​တော်​စာ​ကြောင့်​ဖြစ်​စေ၊ စ​ပျစ်​ဝိုင်​ကြောင့်​ဖြစ်​စေ ကိုယ်​ကို​မညစ်​ညူး​စေ​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​တယ်။  ဒါ​ကြောင့်  အဲ​ဒါ​တွေ​ကို စား​သောက်​ပြီး ကိုယ်​ကို​ညစ်​ညူး​အောင် မလုပ်​ပါ​ရ​စေ​နဲ့​ဆို​ပြီး နန်း​တွင်း​အရာ​ရှိ​ချုပ်​ဆီ​မှာ ခွင့်​တောင်း​တယ်။ ၉  အဲဒီ​အခါ စစ်​မှန်​တဲ့ ဘု​ရား​သခင်​က နန်း​တွင်း​အရာ​ရှိ​ချုပ်​ကို  ဒံယေလ​အပေါ်​ မျက်​နှာ​သာ​ပေး​ချင်​စိတ်၊ ကရု​ဏာ​ပြချင်​စိတ်  ပေါ်​လာ​အောင်  လုပ်​ပေး​တယ်။+ ၁၀  နန်း​တွင်း​အရာ​ရှိ​ချုပ်​က “မင်း​တို့​ရဲ့ အစား​အသောက်​ကို သတ်​မှတ်​ပေး​တဲ့ ငါ့​သခင် အရှင်​မင်း​ကြီး​ကို ငါ​ကြောက်​တယ်။ မင်း​ကြီး ကြည့်​လိုက်​တဲ့​အခါ တခြား​သက်​တူ​ရွယ်​တူ​တွေ​လို မင်း​တို့ ကျန်း​မာ​သန်​စွမ်း​မနေ​ရင် ဘယ်​လို​လုပ်​မလဲ။ ငါ့​ကို မင်း​ကြီး​ရှေ့​မှာ အပြစ်​သင့်​အောင် မင်း​တို့​လုပ်​နေ​တာ​ပဲ” လို့ ဒံယေ​လ​ကို  ပြော​တယ်။ ၁၁  အဲဒီ​အခါ ဒံယေ​လ​က သူ့​ကို​ရော ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို​ပါ စောင့်​ရှောက်​ဖို့ နန်း​တွင်း​အရာ​ရှိ​ချုပ် ခန့်​ထား​တဲ့ အထိန်း​တော်​ကို၊ ၁၂  “ကျွန်​တော်​မျိုး​တို့​ကို စား​စ​ရာ ဟင်း​သီး​ဟင်း​ရွက်​နဲ့ သောက်​စ​ရာရေ​ပဲ ပေး​ပြီး ဆယ်​ရက်​လောက် စမ်း​ကြည့်​ပါ​လား။ ၁၃  ပြီး​တဲ့​နောက် ပွဲတော်စာ​ စား​တဲ့ လူငယ်​တွေ​နဲ့ ကျွန်​တော်​တို့​ကို ယှဉ်​ကြည့်​ပါ။ ပြီး​မှ သခင်​မြင်​တဲ့​အတိုင်း ဆုံး​ဖြတ်​ပါ” လို့​တောင်း​ဆို​တယ်။ ၁၄  အထိန်း​တော်​က သူတို့​တောင်း​ဆို​တာ​ကို သဘော​တူ​ပြီး ဆယ်​ရက် စမ်း​ကြည့်​တယ်။ ၁၅  ဆယ်​ရက်​စေ့​တဲ့​အခါ သူတို့​ဟာ ပွဲ​တော်​စာ​စား​တဲ့ တ​ခြား​လူငယ်​တွေ​ထက် ကျန်း​မာ​သန်​စွမ်း​နေ​တယ်။ ၁၆  ဒါ​ကြောင့် အထိန်း​တော်​က သူတို့​ကို ပွဲ​တော်​စာ​တွေ၊ စ​ပျစ်​ဝိုင်တွေ  မကျွေး​ဘဲ  ဟင်း​သီး​ဟင်း​ရွက်​တွေ​ပဲ ကျွေး​တော့​တယ်။ ၁၇  စစ်​မှန်​တဲ့ ဘုရား​သခင်​က အဲဒီ​လူငယ်​လေး​ယောက်​ကို  ဗ​ဟု​သု​တ ကြွယ်​စေ​တယ်။ စာပေ​အမျိုး​မျိုး​ကို နား​လည်​နိုင်​တဲ့ ထိုး​ထွင်း​ဉာဏ်၊  ဉာဏ်​ပညာ​ကို  ပေး​တယ်။ အဲဒီ​အပြင် ဒံယေလ​ကို စိတ်​အာ​ရုံ​နဲ့ အိပ်မက်​အမျိုး​မျိုး  နား​လည်​နိုင်​တဲ့​အစွမ်း ကို​လည်း ပေး​တယ်။+ ၁၈  လူငယ်​လေး​တွေ​ကို ရှေ့​တော်သွင်း​ဖို့  သတ်​မှတ်​ထား​ချိန်​ရောက်​တဲ့​အခါ+ နန်း​တွင်း​အရာ​ရှိ​ချုပ်​က သူတို့​ကို နေ​ဗု​ခ​ဒ်​နေ​ဇာ​ရှေ့ ခေါ်​လာ​တယ်။ ၁၉  နေ​ဗု​ခ​ဒ်​နေ​ဇာ​က  စကား​ပြော​ကြည့်​တဲ့​အခါ  လူငယ်​လေး​တွေ​ထဲ​မှာ ဒံယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို ယှဉ်​နိုင်​တဲ့​သူ  တစ်​ယောက်​မှ  မရှိ​မှန်း သိ​လိုက်​ရ​တယ်။+ ဒါ​ကြောင့် ရှေ့​တော်​မှာ သူတို့​ကို ဆက်​ပြီး​အမှု​ထမ်း​စေ​တယ်။ ၂၀  သူတို့​ဟာ ဉာဏ်​ပညာ​နဲ့ သိ​နား​လည်​မှု​သုံး​ပြီး ဖြေရ​မယ့် မေး​ခွန်း​မှန်​သမျှ​ကို ဖြေနိုင်​တဲ့​အတွက် တစ်​ပြည်​လုံး​မှာ​ရှိ​တဲ့ မှော်​ဆ​ရာတွေ၊ မျက်​လှည့်​ဆ​ရာတွေ​ထက် ဆယ်​ဆ​သာ​တယ်။+ ၂၁  ဒံယေ​လ​က ဆိုင်း​ရပ်​မင်း+ နန်း​စံ​ပထ​မနှစ်​အ​ထိ ဗာ​ဗု​လုန်​မှာ ရှိ​နေ​တယ်။

အောက်ခြေမှတ်ချက်များ

ဗာ​ဗု​လုန်​ပြည်။
ခက်​ဆစ်​ကို​ကြည့်။
“ကျွေး​မွေး​ရ​မယ်”လည်း​ဖြစ်​နိုင်။
အ​ဓိပ္ပာယ်၊ “ဘု​ရား​သခင်​ဟာ ငါ့​ရဲ့​တ​ရား​သူ​ကြီး။”
အဓိပ္ပာယ်၊ “ယေဟောဝါ မျက်​နှာ​သာ​ပေး​ပြီ။”
အဓိပ္ပာယ်၊ “ဘု​ရား​သခင်​နဲ့ ဘယ်​သူ​တူ​သလဲ။”
အဓိပ္ပာယ်၊ “ယေဟောဝါ ကူညီ​ပေး​ပြီ။”