မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထွက်မြောက်ရာ ၂၇:၁-၂၁

မာတိကာ

  • ပူဇော်ရာပလ္လင် (၁-၈)

  • တဲတော်​ဝင်း (၉-၁၉)

  • ဆီမီးတိုင်​အတွက် ဆီ (၂၀၊ ၂၁)

၂၇  “အလျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိတဲ့ စတုရန်း​ပုံ​ပူဇော်ရာပလ္လင်​ကို ရှား​သားနဲ့ လုပ်​ရမယ်။+ အမြင့်​သုံး​တောင် ရှိ​ရမယ်။+ ၂  ပူဇော်ရာပလ္လင် ထောင့်​လေးထောင့်​မှာ ဦးချို​အတက်​တွေ+ ရှိ​ရမယ်။ အတက်​တွေ​က ပူဇော်ရာပလ္လင်​နဲ့ တစ်ဆက်​တည်း ဖြစ်နေ​ရမယ်။ အဲဒီ​ပလ္လင်​ကို ကြေးနီ​နဲ့ အုပ်​ရမယ်။+ ၃  ပြာ​ကို ဖယ်ရှား​ဖို့ ပုံး​တွေ၊ ဂေါ်​ပြား​တွေ၊ ဇလုံ​တွေ၊ ခက်ရင်းခွ​တွေ​နဲ့ မီးခဲ​အိုး​တွေ လုပ်​ရမယ်။ ပူဇော်ရာပလ္လင် အသုံးအဆောင်​တွေကို ကြေးနီ​နဲ့ လုပ်​ရမယ်။+ ၄  အဲဒီ​ပလ္လင်​အတွက် ကြေးနီ​ဆန်ခါ လုပ်​ရမယ်။ ကြေးနီ​ကွင်း​လေး​ကွင်း လုပ်ပြီး ထောင့်​လေးထောင့်​မှာ တစ်​ကွင်း​စီ တပ်​ရမယ်။ ၅  ဆန်ခါ​ကို ပူဇော်ရာပလ္လင်​အတွင်းဘက် အနားကွပ်​အောက် ရောက်တဲ့​အထိ ထည့်​ရမယ်။ ဆန်ခါ​က ပူဇော်ရာပလ္လင်​အတွင်းဘက် ထက်ဝက်​လောက်အထိ ရောက်​သွား​လိမ့်မယ်။ ၆  ပူဇော်ရာပလ္လင်​အတွက် ထမ်းပိုး​တွေကို ရှား​သားနဲ့​လုပ်ပြီး ကြေးနီ​နဲ့ အုပ်​ရမယ်။ ၇  ထမ်းပိုး​ကို ကွင်း​ထဲ လျှို​ထားရမယ်။ ပူဇော်ရာပလ္လင်​ကို ထမ်း​တဲ့​အ​ခါ ထမ်းပိုး​တွေ​က အဲဒီ​ပလ္လင်​ရဲ့ ဘေးနှစ်ဖက်မှာ ရှိ​ရမယ်။+ ၈  တောင်ပေါ်မှာ မင်းကို​ပြ​တဲ့​ပုံစံ​အတိုင်း ပူဇော်ရာပလ္လင်​ကို သစ်သား​ပြား​တွေ​နဲ့ လုပ်​ရမယ်၊ ဟောင်းလောင်း​ဖြစ်နေတဲ့ သေတ္တာ​ပုံစံမျိုး လုပ်​ရမယ်။+ ၉  “တဲတော်​ပတ်လည်​ကို ဝင်း​ခတ်​ရမယ်။+ တဲတော်​တောင်ဘက်​ခြမ်း​အတွက် အတောင် ၁၀၀ ရှည်​တဲ့​အကာ​ကို ချည်ချော​နဲ့ ရက်လုပ်​ရမယ်။+ ၁၀  ကြေးနီ​တိုင် ၂၀ နဲ့ အောက်ခံခုံ ၂၀ ရှိ​ရမယ်။ တိုင်​ရဲ့​ချိတ်​တွေ၊ တွယ်​ချိတ်​စရာတွေကို ငွေ​နဲ့​လုပ်​ရမယ်။ ၁၁  မြောက်ဘက်​ခြမ်း​အတွက်​လည်း အတောင် ၁၀၀ ရှည်​တဲ့​အကာ​ကို ရက်လုပ်​ရမယ်။ ကြေးနီ​တိုင် ၂၀ နဲ့ အောက်ခံခုံ ၂၀ ရှိ​ရမယ်။ တိုင်​ရဲ့​ချိတ်​တွေ၊ တွယ်​ချိတ်​စရာတွေကို ငွေ​နဲ့​လုပ်​ရမယ်။ ၁၂  တဲတော်​ဝင်း​ရဲ့ အနောက်ဘက်​အကာ​ဟာ အတောင် ၅၀ ရှည်​ပြီး တိုင် ၁၀ တိုင်၊ အောက်ခံခုံ ၁၀ ခု ရှိ​ရမယ်။ ၁၃  နေ​ထွက်​ရာ​အရပ် တဲတော်​ဝင်း​ရဲ့ အရှေ့ဘက်​အကာ​လည်း အတောင် ၅၀ ရှည်​ရမယ်။ ၁၄  တဲတော်​ဝင်း​ရဲ့ ဝင်ပေါက်​မှာ​ရှိတဲ့ ညာဘက်​အကာ​ဟာ ၁၅ တောင် ရှည်​ပြီး တိုင်​သုံး​တိုင်​နဲ့ အောက်ခံခုံ​သုံးခု ရှိ​ရမယ်။+ ၁၅  တဲတော်​ဝင်း​ရဲ့ ဝင်ပေါက်​မှာ​ရှိတဲ့ ဘယ်ဘက်​အကာ​လည်း ၁၅ တောင်​ရှည်​ပြီး တိုင်​သုံး​တိုင်​နဲ့ အောက်ခံခုံ​သုံးခု ရှိ​ရမယ်။ ၁၆  “တဲတော်​ဝင်း​ရဲ့ ဝင်ပေါက်​အတွက် အတောင် ၂၀ ရှည်​တဲ့ လိုက်​ကာ​ကို အပြာရောင်​ချည်၊ ခရမ်းရောင်​သိုးမွေး၊ ကြက်သွေးရောင်​ချည်၊ ချည်ချော​တွေ​နဲ့ ရက်လုပ်​ရမယ်။+ တိုင်​လေး​တိုင်၊ အောက်ခံခုံ​လေးခု ရှိ​ရမယ်။+ ၁၇  တဲတော်​ဝင်း​ပတ်လည်​က တိုင်​အားလုံးရဲ့ တွယ်​ချိတ်​စရာတွေ​နဲ့ ချိတ်​တွေကို ငွေ​နဲ့​လုပ်​ရမယ်။ အောက်ခံခုံ​တွေကိုတော့ ကြေးနီ​နဲ့​လုပ်​ရမယ်။+ ၁၈  ချည်ချော​နဲ့ ရက်လုပ်​ထားတဲ့ တဲတော်​ဝင်း​အကာ​က အလျား​အတောင် ၁၀၀၊+ အ​နံ​အတောင် ၅၀၊ အမြင့် ၅ တောင်​ရှိ​ရမယ်။ အောက်ခံခုံ​တွေကို ကြေးနီ​နဲ့​လုပ်​ရမယ်။ ၁၉  တဲတော်​အသုံးအဆောင်၊ တဲတော်​ငုတ်တိုင်၊ တဲတော်​ဝင်း​ရဲ့ ငုတ်တိုင် အားလုံးကို ကြေးနီ​နဲ့​လုပ်​ရမယ်။+ ၂၀  “မီးခွက်​တွေကို အမြဲ​ထွန်း​ထားဖို့ သံလွင်ဆီ​စစ်စစ် ယူလာ​ကြပါ​လို့ အစ္စရေးတွေကို မင်း​ပြောရမယ်။+ ၂၁  တွေ့ဆုံ​ရာ​တဲတော်​အတွင်း၊ သက်သေခံချက်​သေတ္တာ​ရှေ့​က ကန့်လန့်ကာ​အပြင်ဘက်​မှာ​ရှိတဲ့+ မီးခွက်​တွေကို ည​ဦး​ပိုင်း​က​နေ မနက်​အထိ ယေဟောဝါ​ရှေ့ ထွန်း​ထားဖို့ အာရုန်​နဲ့​သူ့​သားတွေ စီစဉ်​ရမယ်။+ ဒါဟာ အစ္စရေး​လူမျိုး​အစဉ်အဆက် လိုက်နာ​ရမယ့် အမြဲ​တ​ည်တဲ့​ဥပဒေ​ပဲ။+

အောက်ခြေမှတ်ချက်များ