မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထွက်မြောက်ရာ ၂၁:၁-၃၆

မာတိကာ

  • အစ္စရေးတွေ လိုက်နာ​ရမယ့် တရားဥပဒေ (၁-၃၆)

    • ဟီဘရူး​ကျွန်​တွေ​နဲ့​ဆိုင်တဲ့ ဥပဒေ (၂-၁၁)

    • အကြမ်းဖက်မှု​နဲ့​ဆိုင်တဲ့ ဥပဒေ (၁၂-၂၇)

    • တိရစ္ဆာန်​နဲ့​ဆိုင်တဲ့ ဥပဒေ (၂၈-၃၆)

၂၁  “သူတို့ကို ပြောပြ​ရမယ့် တရားဥပဒေ​တွေကတော့–+ ၂  “ဟီဘရူး​ကျွန်​တစ်ယောက်ကို ဝယ်ထား​ရင်+ ခြောက်​နှစ်ပဲ ကျွန်ခံ​ခိုင်း​ရမယ်။ ခုနစ်နှစ်မြောက်​ကျ​ရင် အဖိုးအခ​မ​တောင်း​ဘဲ လွှတ်​ပေး​ရမယ်။+ ၃  ကျွန်ခံစက တစ်ယောက်တည်း​ဆို​ရင် တစ်ယောက်​ပဲ လွှတ်​ပေး​ရမယ်။ ဇနီး​ပါ​လာ​ရင် ဇနီး​နဲ့အတူ လွှတ်​ပေး​ရမယ်။ ၄  သခင် အိမ်ထောင်ချ​ပေး​လို့ သားသမီး​ရခဲ့​ရင်​တော့ အဲဒီ​သားမယား​တွေကို သခင်​ပိုင်​တယ်။ ကျွန်က တစ်ယောက်တည်း ထွက်သွား​ရမယ်။+ ၅  ဒါပေမဲ့ ကျွန်​က ‘သခင့်​ကိုရော ကျွန်တော့်​သားမယား​တွေကို​ပါ ချစ်​တယ်။ မ​ထွက်သွား​ချင်​ပါ​ဘူး’ လို့​မရ​မက​ပြောခဲ့​ရင်၊+ ၆  သခင်​က ကျွန်​ကို တံခါး​နား ဒါမှမဟုတ် တံခါး​တိုင်​နား ခေါ်လာ​ရမယ်။ စစ်မှန်တဲ့​ဘုရားသခင်ကို သက်သေ​ထားပြီး* သူ့​နားရွက်​ကို စူး​နဲ့​ဖောက်​ရမယ်။ သူ​ဟာ တစ်သက်လုံး ကျွန်ခံ​ရမယ်။ ၇  “လူတစ်ယောက်က သမီးကို ကျွန်​အဖြစ် ရောင်း​တယ်​ဆို​ပါ​စို့။ အဲဒီ​ကျွန်မိန်းမ​ကို ကျွန်ယောက်ျား​တွေ​လို မလွှတ်​ပေး​ရဘူး။ ၈  သခင်​က သူ့ကို မကြိုက်​လို့ မယားငယ်​အဖြစ် မထား​ချင်ဘူး​ဆို​ရင် တခြား​တစ်ယောက်​ဆီ ပြန်​ရောင်း​ခွင့်​ရှိတယ်။ ဒါပေမဲ့ သခင့်​ဘက်က သစ္စာဖျက်​တာ​ဖြစ်လို့ တိုင်းတစ်ပါးသား​တွေဆီ​တော့ ရောင်း​ခွင့်​မရှိဘူး။ ၉  ကို​ယ့်​သားနဲ့ ပေး​စား​မယ်ဆိုရင် အဲဒီ​ကျွန်မိန်းမ​ကို သမီး​တစ်ယောက်​ရဲ့ ရပိုင်ခွင့်​တွေ ပေး​ရမယ်။ ၁၀  ကို​ယ့်​သားက နောက်​မိန်းမ​ယူ​ခဲ့​ရင် အရင်​ယူ​ထားတဲ့ ကျွန်မိန်းမ​ကို စားစရာ၊ ဝတ်စရာ ထောက်ပံ့​ပေး​ရမယ်။ အိမ်ထောင်သည်​ဝတ်​ကို မပျက်ကွက်​ရဘူး။+ ၁၁  ဒီ​ဝတ္တရား​သုံးမျိုး​ကို ပျက်ကွက်​ရင် ငွေ​တစ်ပြား​မှ မ​တောင်း​ဘဲ ကျွန်မိန်းမ​ကို လွှတ်​ပေး​ရမယ်။ ၁၂  “လူကို​ရိုက်​လို့ သေသွား​ရင် ရိုက်​တဲ့​သူ​ဟာ သေဒဏ် ခံရမယ်။+ ၁၃  ဒါပေမဲ့ မတော်တဆ လုပ်မိ​တယ်၊ ဘုရား​သခင်​က​လည်း အဲဒီလို​ဖြစ်ခွင့်ပြု​တယ်ဆိုရင် သူ​ထွက်ပြေး​နိုင်​တဲ့​နေရာကို သတ်မှတ်​ပေးမယ်။+ ၁၄  ဒေါသထွက်​လို့ တမင် ရည်ရွယ်ပြီး သတ်​ခဲ့​ရင်​တော့+ သတ်​တဲ့​သူက ပူဇော်ရာပလ္လင်​နား​မှာ ရှိနေ​ရင်တောင် သူ့ကို ဆွဲ​ခေါ်သွားပြီး သေဒဏ် ပေး​ရမယ်။+ ၁၅  မိဘ​ကို ရိုက်​တဲ့​သူ​ဟာ သေဒဏ်​ခံရမယ်။+ ၁၆  “လူကို အတင်း​အဓမ္မ ဖမ်းဆီး​ပြီး+ ရောင်းစား​ရင်​ဖြစ်စေ၊ သူ့ကို လက်ဝယ်​ပိုင်ဆိုင်​ထား​ရင်​ဖြစ်စေ+ သေဒဏ်​ခံရမယ်။+ ၁၇  “မိဘ​ကို ကျိန်ဆဲသူ​ဟာ သေဒဏ်​ခံရမယ်။+ ၁၈  “ယောက်ျား​ချင်း ရန်​ဖြစ်ပြီး ကျောက်ခဲ​နဲ့​ပေါက်​လို့၊ လက်သီး​နဲ့* ထိုး​လို့ ခံရတဲ့​လူက မသေ​ပေ​မဲ့ အိပ်ရာ​ထဲ လဲသွားတယ်​ဆို​ပါ​စို့။ ၁၉  နောက်ပိုင်း ထပြီး တောင်ဝှေး​နဲ့ အိမ်ပြင်ထွက် လမ်းလျှောက်​နိုင်​ရင် ဒဏ်ရာ​ရ​အောင်​လုပ်တဲ့​သူ​ဟာ ပြစ်ဒဏ်​ကင်းလွတ်​တယ်။ ဒါပေမဲ့ လုံးဝ​သက်သာ​မှ သူ​အလုပ်သွား​နိုင်မှာ​ဖြစ်လို့ အလုပ်​ပျက်​ချိန်​အတွက် လျော်ကြေး​ပေး​ရမယ်။ ၂၀  “သခင်​က ကျွန်ယောက်ျား ဒါမှမဟုတ် ကျွန်မိန်းမ​ကို တုတ်​နဲ့​ရိုက်​လို့ အဲဒီ​ကျွန် သေသွား​ရင် သခင်​ကို ပြစ်ဒဏ်ပေး​ရမယ်။+ ၂၁  ဒါပေမဲ့ ကျွန်က တစ်ရက်​နှစ်​ရက် အသက်ရှင်​သေးတယ်​ဆို​ရင် သခင်​ကို ပြစ်ဒဏ်​မပေး​ရဘူး။ ကျွန်​ကို သခင်​ပိုင်​လို့ပဲ။ ၂၂  “ယောက်ျား​ချင်း ခိုက်​ရန်ဖြစ်​တဲ့​အ​ခါ ကိုယ်ဝန်ဆောင်​မိခင်​ကို ထိခိုက်​မိ​ပြီး လမစေ့​ဘဲ သားဖွား​လိုက်ရတယ်​ဆို​ပါ​စို့။+ မိခင်​ရော ကလေး​ပါ မသေ​ဘူးဆို​ရင် ထိခိုက်အောင်​လုပ်တဲ့​သူက အဲဒီ​မိန်းမ​ရဲ့​ယောက်ျား​တောင်းဆို​တဲ့ လျော်ကြေး​ကို တရားသူကြီး​ရဲ့ ဆုံးဖြတ်ချက်​အတိုင်း ပေး​ရမယ်။+ ၂၃  တစ်ယောက်ယောက်​သေ​ရင်​တော့ အသက်​အတွက် အသက် ပြန်လျော်ပေး​ရမယ်။+ ၂၄  မျက်စိ​အတွက် မျက်စိ၊ သွား​အတွက် သွား၊ လက်​အတွက် လက်၊ ခြေ​အတွက် ခြေ ပြန်လျော်ပေး​ရမယ်။+ ၂၅  အပူ​လောင်​ခြင်း​အတွက် အပူ​လောင်​ခြင်း၊ ထိခိုက်​ခြင်း​အတွက် ထိခိုက်​ခြင်း၊ ရိုက်နှက်ခြင်း​အတွက် ရိုက်နှက်ခြင်း​ကို ခံစေ​ရမယ်။ ၂၆  “လူတစ်ယောက်က ကျွန်ယောက်ျား၊ ကျွန်မိန်းမ​ကို ရိုက်​မိ​လို့ မျက်စိ​ပျက်​သွား​ရင် ပြန်​လျော်​တဲ့​အနေနဲ့ ကျွန်​ကို ထွက်သွား​ခွင့်​ပေး​ရမယ်။+ ၂၇  သွား​ကျိုး​တယ်ဆိုရင် ပြန်​လျော်​တဲ့​အနေနဲ့ ကျွန်​ကို ထွက်သွား​ခွင့်​ပေး​ရမယ်။ ၂၈  “နွား​ခွေ့လို့ လူသေ​သွား​ရင် နွား​ကို ကျောက်ခဲ​နဲ့ ပေါက်သတ်​ရမယ်။+ အ​သားကို မစား​ရဘူး။ ပိုင်ရှင်​က​တော့ ပြစ်ဒဏ်​ကင်းလွတ်​တယ်။ ၂၉  ဒါပေမဲ့ နွား​က ခွေ့​တတ်​မှန်း ပိုင်ရှင်​ကို သတိပေး​ထားပါ​လျက်​နဲ့ နွား​ကို မ​ချည်​ထားတဲ့အတွက် လူကို ခွေ့​သတ်​မိရင် နွား​ကို ကျောက်ခဲ​နဲ့ ပေါက်သတ်​ရမယ်။ ပိုင်ရှင်​ကို​လည်း သေဒဏ်ပေး​ရမယ်။ ၃၀  ရွေးဖိုး​ပေး​ရမယ်လို့ ပြစ်ဒဏ်ချမှတ်​ရင်​တော့ သူ့​အသက်ကို ရွေး​ယူဖို့ လျော်ကြေး​ပေး​ရမယ်။ ၃၁  သူတစ်ပါး​သား​သမီးကို ခွေ့​သတ်​တယ်ဆိုရင်​လည်း နွား​ပိုင်ရှင်​ကို အဲဒီအတိုင်း​ပဲ စီရင်​ရမယ်။ ၃၂  ကျွန်​ကို ခွေ့​သတ်​တယ်ဆိုရင်​တော့ သူ့​သခင်​ကို ရှယ်ကယ်* ၃၀ ပေး​ပြီး နွား​ကို ကျောက်ခဲ​နဲ့ ပေါက်သတ်​ရမယ်။ ၃၃  “တွင်း​တူးပြီး ပြန်​မ​ဖုံးလို့ နွား​ဖြစ်ဖြစ်၊ မြည်း​ဖြစ်ဖြစ် တွင်း​ထဲကျ​သွား​ရင်၊ ၃၄  တွင်း​ပိုင်ရှင်​က တိရစ္ဆာန်​ပိုင်ရှင်​ကို လျော်ကြေး​ပေး​ပြီး+ အသေကောင်​ကို ယူ​ရမယ်။ ၃၅  လူတစ်ယောက်ရဲ့ နွား​က တခြား​သူရဲ့​နွား​ကို ခွေ့​သတ်​ရင် နွား​အရှင်​ကို ရောင်း​ပြီး ငွေကို​ခွဲဝေယူ​ရမယ်။ နွား​အသေကောင်​ကိုလည်း ခွဲဝေယူ​ရမယ်။ ၃၆  ပိုင်ရှင်​က သူ့​နွား ခွေ့​တတ်​မှန်း သိ​လျက်​နဲ့ မ​ချည်​ထားတာ​ဆို​ရင်​တော့ နွား​တစ်ကောင် ပြန်လျော်ပေး​ပြီး နွား​အသေကောင်​ကို ယူ​ရမယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “စစ်မှန်တဲ့​ဘုရား​သခင်​ရှေ့ ခေါ်​လာပြီး။”
“ကိရိယာ​တစ်ခုခု​နဲ့” လည်း​ဖြစ်နိုင်။
တစ်​ရှယ်ကယ်​က ၁၁.၄ ဂ​ရမ်​နဲ့​ညီ။ နောက်ဆက်တွဲ ခ​၁၄ ကို​ကြည့်။