ထွက်မြောက်ရာ ၁၄:၁-၃၁
၁၄ ယေဟောဝါက မောရှေကို မိန့်မှာတယ်–
၂ “အစ္စရေးတွေကို ပြန်လှည့်လာခိုင်းပါ။ ဗာလဇေဖုန်အရပ်ရှေ့၊ မိဂဒေါလအရပ်နဲ့ ပင်လယ်ကြား ပိဟဟိရုတ်အရပ်ရှေ့မှာ စခန်းချခိုင်းပါ။+ ဗာလဇေဖုန်အရပ်ရှေ့ ပင်လယ်နားမှာ စခန်းချရမယ်။
၃ ဖာရောက ‘အစ္စရေးတွေတော့ မျက်စိလည်ပြီး တောထဲမှာ ချောင်ပိတ်မိနေလောက်ပြီ’ လို့ထင်လိမ့်မယ်။
၄ ဖာရောခေါင်းမာတာကို ငါခွင့်ပြုတဲ့အတွက်+ နောက်ကနေ သူလိုက်လာမယ်။ ဖာရောနဲ့ သူ့စစ်တပ်ကို ငါၡုံးနိမ့်စေမယ်။ ဒီနည်းနဲ့ ငါ့ဘုန်းကို ထင်ရှားစေမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ အီဂျစ်တွေ ကောင်းကောင်းသိရလိမ့်မယ်။”+ အစ္စရေးတွေလည်း အဲဒီအတိုင်း လုပ်ကြတယ်။
၅ နောက်တော့ အစ္စရေးတွေ ထွက်ပြေးပြီဆိုပြီး အီဂျစ်ဘုရင်ကို သတင်းပို့ကြတယ်။ ဖာရောမင်းနဲ့ မင်းမှုထမ်းတွေလည်း ချက်ချင်း စိတ်ပြောင်းပြီး+ “ငါတို့ ဘာလုပ်မိပါလိမ့်။ အစ္စရေးကျွန်တွေကို ဘာလို့လွှတ်လိုက်တာပါလိမ့်” လို့ပြောကြတယ်။
၆ ဒါနဲ့ ဖာရောမင်းက စစ်မြင်းရထားတွေကို အသင့်ပြင်ခိုင်းပြီး စစ်သည်တွေကို ခေါ်သွားတယ်။+
၇ အီဂျစ်ပြည်မှာရှိတဲ့ လက်ရွေးစင် စစ်မြင်းရထား ၆၀၀ နဲ့ မြင်းရထားအားလုံးကို စစ်သည်တွေနဲ့အတူ ခေါ်ပြီး၊
၈ အစ္စရေးတွေနောက်ကို လိုက်တော့တယ်။ ယေဟောဝါလည်း အီဂျစ်ဘုရင်ဖာရော ခေါင်းမာတာကို ခွင့်ပြုတယ်။ အစ္စရေးတွေကတော့ အောင်မြင်စွာ ထွက်သွားကြပြီ။+
၉ သူတို့နောက်ကို အီဂျစ်တွေ လိုက်လာတယ်။+ ဖာရောရဲ့ စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေ၊ စစ်တပ်တွေက ဗာလဇေဖုန်အရပ်ရှေ့ ပိဟဟိရုတ်အရပ် ပင်လယ်နားမှာ စခန်းချနေတဲ့ အစ္စရေးတွေကို မီလာကြတယ်။
၁၀ ဖာရောနဲ့ အီဂျစ်တွေ လိုက်မီလာတာကို အစ္စရေးတွေ လှမ်းမြင်တဲ့အခါ ကြောက်လွန်းလို့ ယေဟောဝါကို အော်ဟစ်အကူအညီတောင်းကြတယ်။+
၁၁ မောရှေကိုလည်း “အီဂျစ်ပြည်မှာ သင်္ချိုင်းမရှိလို့ တောထဲမှာ သေရအောင် ကျုပ်တို့ကို ခေါ်လာတာလား။+ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီးခါမှ အခု ဘယ့်နှယ်လုပ်လိုက်တာလဲ။
၁၂ အီဂျစ်ပြည်မှာတုန်းက ‘ကျွန်ဘဝနဲ့ပဲ နေတော့မယ်’ လို့ ကျုပ်တို့ပြောခဲ့သားပဲ။ တောထဲမှာ သေရတာထက် အီဂျစ်တွေဆီမှာ ကျွန်ခံရတာ ပိုကောင်းဦးမယ်”+ လို့ပြောကြတယ်။
၁၃ မောရှေကလည်း “မကြောက်ကြနဲ့။+ မားမားမတ်မတ်ရပ်ပြီး ဒီနေ့ ခင်ဗျားတို့ကို ယေဟောဝါဘုရား ဘယ်လိုကယ်တင်မယ်ဆိုတာ ကြည့်ကြ။+ ဟောဒီအီဂျစ်တွေကို ဘယ်တော့မှ ပြန်တွေ့ရမှာမဟုတ်ဘူး။+
၁၄ ယေဟောဝါကိုယ်တိုင် တိုက်ခိုက်ပေးမယ်။+ ခင်ဗျားတို့ကတော့ ငြိမ်ငြိမ်လေး ရပ်နေရုံပါပဲ” လို့ပြောတယ်။
၁၅ အဲဒီနောက် ယေဟောဝါက မောရှေကို မိန့်မှာတယ်– “ငါ့ကို ဘာလို့ အော်ဟစ် အကူအညီတောင်းနေတာလဲ။ အစ္စရေးတွေကို စခန်းသိမ်းဖို့ ပြောလိုက်။
၁၆ မင်းကတော့ ပင်လယ်ပေါ် တောင်ဝှေးကို ဆန့်လိုက်ပါ။ ပင်လယ်ဟာ နှစ်ခြမ်းကွဲ သွားပြီး ခြောက်သွေ့တဲ့မြေပေါ် အစ္စရေးတွေ ဖြတ်လျှောက်သွားလိမ့်မယ်။
၁၇ အီဂျစ်တွေ ခေါင်းမာတာကို ငါခွင့်ပြုမှာဖြစ်လို့ အစ္စရေးတွေနောက်ကို သူတို့လိုက်လာကြမယ်။ ဖာရောနဲ့ သူ့စစ်တပ်၊ စစ်မြင်းရထားတွေနဲ့ မြင်းစီးသူရဲတွေကို ၡုံးနိမ့်စေမယ်။ ဒီနည်းနဲ့ ငါ့ဘုန်းကို ထင်ရှားစေမယ်။+
၁၈ ဖာရောနဲ့ စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေကို ၡုံးနိမ့်စေပြီး ငါ့ဘုန်းကို ထင်ရှားစေတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ အီဂျစ်တွေ ကောင်းကောင်းသိရလိမ့်မယ်။”+
၁၉ အဲဒီနောက် အစ္စရေးတွေရှေ့ကသွားနေတဲ့ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်က+ အနောက်ဘက်ကို ရောက်သွားတယ်။ အရှေ့မှာရှိတဲ့ မိုးတိမ်တိုင်ကလည်း အနောက်ဘက်ကို ရွေ့သွားပြီး သူတို့နောက်မှာ ရပ်တန့်နေတယ်။+
၂၀ မိုးတိမ်တိုင်က အီဂျစ်တပ်နဲ့ အစ္စရေးတွေကြား ရောက်သွားတယ်။+ မိုးတိမ်က အီဂျစ်ဘက်ခြမ်းကို မည်းမှောင်စေပြီး အစ္စရေးတွေဘက်ခြမ်းကိုတော့ အလင်းပေးတယ်။+ ဒါကြောင့် အီဂျစ်တွေက တစ်ညလုံး အစ္စရေးတွေအနား မကပ်နိုင်ကြဘူး။
၂၁ မောရှေလည်း ပင်လယ်ပေါ် လက်ဆန့်လိုက်တဲ့အခါ+ ယေဟောဝါက တစ်ညလုံး အရှေ့လေပြင်း တိုက်စေတဲ့အတွက် ပင်လယ်ရေဟာ တဖြည်းဖြည်း နှစ်ခြမ်းကွဲသွားတယ်။+ ပင်လယ်ကြမ်းပြင်လည်း ခြောက်သွေ့တဲ့မြေ ဖြစ်သွားတယ်။+
၂၂ အစ္စရေးတွေက ပင်လယ်အလယ် ခြောက်သွေ့တဲ့မြေပေါ် ဖြတ်လျှောက်သွားကြတယ်။+ ရေဟာ သူတို့ရဲ့ဘေးနှစ်ဖက်မှာ ရေနံရံကြီး ဖြစ်နေတယ်။+
၂၃ ဖာရောရဲ့မြင်းတွေ၊ စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေအားလုံးက အစ္စရေးတွေနောက်ကို ဆက်လိုက်လာတယ်။ ပင်လယ်ထဲအထိ လိုက်လာကြတယ်။+
၂၄ မိုးသောက်ယံမှာ ယေဟောဝါက မီးတိုင်နဲ့ မိုးတိမ်တိုင်ကနေ+ အီဂျစ်တပ်ကိုကြည့်ပြီး ဖရိုဖရဲဖြစ်စေတယ်။
၂၅ မြင်းရထား မောင်းရခက်အောင် ဘီးတွေကို ကျွတ်ထွက်စေတယ်။ ဒါနဲ့ အီဂျစ်တွေက “ပြေးကြစို့။ အစ္စရေးတွေဘက်ကနေ ယေဟောဝါ စစ်တိုက်နေပြီ” ဆိုပြီးပြောကြတယ်။+
၂၆ ယေဟောဝါက မောရှေကို “ပင်လယ်ပေါ် လက်ဆန့်လိုက်။ ရေတွေ ပြန်စီးလာပြီး အီဂျစ်တွေနဲ့ စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေကို လွှမ်းသွားလိမ့်မယ်”လို့ပြောတယ်။
၂၇ မောရှေလည်း ပင်လယ်ပေါ် လက်ဆန့်လိုက်တာနဲ့ မိုးလင်းခါနီးမှာ ပင်လယ်ရေ ပြန်စီးလာပြီး နဂိုအတိုင်း ဖြစ်သွားတယ်။ အီဂျစ်တွေက ရေနဲ့လွတ်အောင် ပြေးပေမဲ့ ယေဟောဝါက သူတို့ကို ပင်လယ်ထဲ ခါချပစ်တယ်။+
၂၈ ပင်လယ်ထဲအထိ အစ္စရေးတွေနောက်ကို လိုက်လာတဲ့ ဖာရောစစ်တပ်တွေ၊ စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေကို ရေလွှမ်းမိုးသွားတယ်။+ တစ်ယောက်မှ မလွတ်ဘူး။+
၂၉ အစ္စရေးတွေကတော့ ခြောက်သွေ့နေတဲ့ ပင်လယ်ကြမ်းပြင်ပေါ် ဖြတ်လျှောက်သွားတယ်။+ ရေတွေက သူတို့ဘေးနှစ်ဖက်မှာ နံရံကြီးဖြစ်နေတယ်။+
၃၀ အဲဒီနေ့မှာ အစ္စရေးတွေကို အီဂျစ်တွေရဲ့ လက်ထဲကနေ ယေဟောဝါ ကယ်တင်ခဲ့တယ်။+ အစ္စရေးတွေက ပင်လယ်ကမ်းခြေမှာ အီဂျစ်တွေ အတုံးအရုံး သေနေတာကို မြင်ရတယ်။
၃၁ ယေဟောဝါက အီဂျစ်တွေကို ကြီးမားတဲ့တန်ခိုးနဲ့ ဒဏ်ခတ်လိုက်တာကို အစ္စရေးတွေမြင်တဲ့အခါ ယေဟောဝါကို ကြောက်ရွံ့လာတယ်။ ယေဟောဝါနဲ့ ကျွန်မောရှေကို ယုံကြည်လာတယ်။+