မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော် ၂၃:၁-၃၅

မာတိကာ

  • ဂျူး​တ​ရား​ရုံး​ချုပ်​မှာ ပေါလု ပြော​ဆို (၁-၁၀)

  • သခင်​က ပေါလု​ကို အား​ပေး (၁၁)

  • ပေါလု​ကို လုပ်​ကြံ​ဖို့ လျှို့ဝှက်​ကြံ​စည်​ကြ (၁၂-၂၂)

  • ပေါလု​ကို ကဲ​သရိ​မြို့​ဆီ ပို့ (၂၃-၃၅)

၂၃  ပေါလု​က ဂျူး​တ​ရား​ရုံး​ချုပ် အဖွဲ့​ဝင်​တွေ​ကို စေ့​စေ့​ကြည့်​ပြီး “ညီ​အစ်​ကို​တို့၊ ကျွန်​တော် ဒီ​နေ့​အထိ အမှား​တစ်​ခု​မှ မလုပ်​ခဲ့​မှန်း ဘု​ရား​သခင့်​ရှေ့​မှာ အမှား​အမှန်​သိ​စိတ် ကြည်​လင်​စွာ ပြော​နိုင်​ပါ​တယ်”+ လို့​ပြော​တယ်။ ၂  အဲဒီ​အခါ ပု​ရော​ဟိတ်​မင်း အာ​န​နိ​က သူ့​ပါး​စပ်​ကို ရိုက်​လိုက်​စမ်း ဆို​ပြီး အနား​မှာ ရပ်​နေ​တဲ့​သူ​တွေ​ကို ပြော​တဲ့​အခါ၊ ၃  ပေါလု​က “ထုံး​ဖြူ​သုတ်​ထား​တဲ့ အုတ်​ရိုး၊ ခင်​ဗျား​ကို ဘု​ရား​သခင် ရိုက်​မှာ။ ပညတ်​တ​ရား​နဲ့​အညီ စီ​ရင်​ဖို့ ထိုင်​နေ​ပါ​လျက်​နဲ့ ပညတ်​တ​ရား​ကို ချိုး​ဖောက်​ပြီး ကျွန်​တော့်​ကို ရိုက်​ခိုင်း​ရ​သလား” ဆို​ပြီး ပြန်​ပြော​တယ်။ ၄  အဲဒီ​အခါ အနား​မှာ​ရပ်​နေ​တဲ့ လူ​တွေ​က “ဘု​ရား​သခင်​ရဲ့ ပု​ရော​ဟိတ်​မင်း​ကို မင်း စော်​ကား​နေ​တာ​လား” လို့​ပြော​တော့၊ ၅  ပေါလု​က “ညီ​အစ်​ကို​တို့၊ သူ ပု​ရော​ဟိတ်​မင်း ဖြစ်​မှန်း ကျွန်​တော် မသိ​လို့​ပါ။ ‘အုပ်​ချုပ်​တဲ့​သူ​ကို မလေး​မစား မပြော​နဲ့’+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တယ်” လို့​ပြော​တယ်။ ၆  အဖွဲ့​ဝင်​တွေ​ထဲ​မှာ တစ်​ဝက်​က ဇဒ္ဒုကဲ​တွေ၊ တစ်​ဝက်​က ဖာ​ရိ​ရှဲ​တွေ​ဖြစ်​နေ​မှန်း ပေါလု​သတိ​ထား​မိ​တဲ့​အခါ “ညီ​အစ်​ကို​တို့၊ ကျွန်​တော်​ဟာ ဖာ​ရိ​ရှဲ​တစ်​ယောက်​ပါ။+ ဖာ​ရိ​ရှဲ​ရဲ့​သား​လည်း ဟုတ်​ပါ​တယ်။  လူ​သေတွေ  ရှင်​ပြန်​ထ​မြောက်​လာ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​ကို ကျွန်​တော်​ယုံ​ကြည်​လို့  အခု​လို  စစ်​ကြော​စီ​ရင်​ခံ​နေ​ရ​တာ​ပါ” ဆို​ပြီး ဂျူး​တရား​ရုံး​ချုပ်​မှာ  အသံ​ကျယ်​ကျယ်​နဲ့ ပြော​တယ်။ ၇  သူ အဲဒီ​လို​ပြော​တော့ ဖာ​ရိ​ရှဲ​တွေ​နဲ့ ဇဒ္ဒုကဲ​တွေ သဘော​ထား​ကွဲ​လွဲ​ပြီး နှစ်​ဖွဲ့​ကွဲ​သွား​တယ်။ ၈  ဇဒ္ဒုကဲ​တွေ​က ရှင်​ပြန်​ထ​မြောက်​ခြင်း မရှိ၊ ကောင်း​ကင်​တ​မန် မရှိ၊ ဝိညာဉ်​ပု​ဂ္ဂိုလ် မရှိ​လို့ ပြော​ကြ​တယ်။ ဖာ​ရိ​ရှဲ​တွေ​ကျ​တော့ အဲ​ဒါ​တွေ​အားလုံး ရှိ​တယ်​လို့ လက်ခံ​ကြ​တယ်။+ ၉  ဒီ​လို​နဲ့ ရုန်း​ရင်း​ဆန်​ခတ် ဖြစ်​လာ​တယ်။ ဖာ​ရိ​ရှဲ​တွေ​ဘက်​က ကျမ်း​တတ်​တ​ချို့ ထ​ရပ်​ပြီး “ဒီ​လူ​မှာ ဘာ​အမှား​မှ မတွေ့​ဘူး။ ဝိညာဉ်​ပု​ဂ္ဂိုလ် ဒါ​မှ​မဟုတ် ကောင်း​ကင်​တ​မန်​က သူ့​ကို ပြော​ခဲ့​တာ​ဆို​ရင် ဘယ့်​နှယ်​လုပ်​ကြ​မတုံး+—” ဆို​ပြီး အကြီး​အကျယ် ငြင်း​ခုံ​ကြ​တယ်။ ၁၀  အကြီး​အကျယ် သဘော​ထား​ကွဲ​လွဲ​မှု​ဖြစ်​လာ​တော့ တပ်​မှူး​က ပေါလု​ကို လူ​တွေ တစ်​စ​စီ​ဆွဲ​ဖြတ်​မှာ စိုး​ရိမ်​ပြီး စစ်​သည်​တွေ လွှတ်​လိုက်​တယ်။ ပေါလု​ကို ဆွဲ​ထုတ်​ပြီး စစ်​တန်း​လျား​ဆီ ပို့​ခိုင်း​လိုက်​တယ်။ ၁၁  နောက်​တစ်​နေ့​ည​မှာ သခင်​က ပေါလု​အနား​မှာ​ရပ်​ပြီး  “သတ္တိ​ရှိ​ပါ။+ ဂျေရု​ဆ​လင်​မြို့​မှာ ငါ့​အကြောင်း စေ့​စေ့​စပ်​စပ် သက်သေခံ​ခဲ့​သလို ရော​မမြို့​မှာ​လည်း မင်း သက်သေခံ​ရဦး​မယ်”+ လို့​ပြော​တယ်။ ၁၂  မိုး​လင်း​တဲ့​အခါ  ဂျူး​တွေ​က ပေါလု​ကို လုပ်​ကြံ​ဖို့ လျှို့ဝှက်​ကြံ​စည်​ကြ​တယ်။ သူ့​ကို မသတ်​ရ​သေး​ခင် စား​သောက်​မိ​ရင် ကျိန်​စာ​သင့်​ပါ​စေ ဆို​ပြီး ကျိန်​ကြ​တယ်။ ၁၃  အဲဒီ​လို လျှို့ဝှက်​ကြံ​စည်​ပြီး ကျိန်​တဲ့​သူ အယောက် ၄၀ ကျော်​ရှိ​တယ်။ ၁၄  သူတို့​က ပု​ရော​ဟိတ်​မင်း​တွေ၊ အကြီး​အကဲ​တွေ​ဆီ သွား​ပြီး “ကျုပ်​တို့​က ပေါလု​ကို မသတ်​ရ​သေး​ခင် စား​သောက်​မိ​ရင် ကျိန်​စာ​သင့်​ပါ​စေ​ဆို​ပြီး ကျိန်​ထား​ကြ​ပြီ။ ၁၅  ဒါ​ကြောင့် ခင်​ဗျား​တို့​နဲ့ ဂျူး​တ​ရား​ရုံး​ချုပ်​အဖွဲ့​ဝင်​တွေ​က ပေါလု​ကို ခေါ်​လာ​ပေး​ဖို့ တပ်မှူး​ဆီ အကြောင်း​ကြား​လိုက်​ပါ။ သူ့​အမှု​ကို ပို​သေချာ​အောင် စစ်​ဆေး​ချင်​တဲ့​ပုံ​မျိုး​နဲ့​ပေါ့။ ကျုပ်​တို့​က​တော့ သူ မရောက်​ခင် လုပ်​ကြံ​ဖို့ အသင့်​စောင့်​နေ​လိုက်​မယ်” လို့ ပြော​ကြ​တယ်။ ၁၆  သူတို့ ချောင်း​မြောင်း​လုပ်​ကြံ​မယ့်​အကြောင်း ပေါလု​ရဲ့​တူ​က ကြား​သွား​တဲ့​အခါ စစ်​တန်း​လျား​ထဲ ဝင်​လာ​ပြီး ပေါလု​ကို ပြော​ပြတယ်။ ၁၇  ဒါ​နဲ့ ပေါလု​က တပ်​စု​မှူး​တစ်​ယောက်​ကို ခေါ်​ပြီး “ဒီ​လူငယ်​လေး​ကို တပ်​မှူး​ဆီ ခေါ်​သွား​ပေး​ပါ​လား။ သူ့​မှာ သတင်း​ပေး​စ​ရာ ရှိ​နေ​တယ်” လို့​ပြော​တယ်။ ၁၈  တပ်​စု​မှူး​က လူငယ်​လေး​ကို တပ်​မှူး​ဆီ ခေါ်​သွား​ပြီး “အကျဉ်း​သား ပေါလု​က လူငယ်​လေး​ကို တပ်​မှူး​ဆီ ပို့​ပေး​ပါ​လို့ ကျွန်​တော့်​ကို ခေါ်​ပြော​တယ်။ ပြော​စ​ရာ​ရှိ​လို့” ဆို​ပြီး ပြော​တယ်။ ၁၉  တပ်​မှူး​က လူငယ်​လေး​ရဲ့​လက်​ကို ဆွဲ​ပြီး သီး​ခြား​တစ်​နေ​ရာ ခေါ်​သွား​တယ်။ “ငါ့​ကို ဘာ​ပြော​ချင်​သလဲ” လို့​မေး​တော့၊ ၂၀  လူငယ်​လေး​က “ဂျူး​တွေ​က ပေါလု​ရဲ့​အမှု​ကို ပို​သေချာ​အောင် စစ်​ဆေး​ချင်​တဲ့​ပုံ​ဖမ်း​ပြီး နက်​ဖြန်​ကျ​ရင် ပေါလု​ကို ဂျူး​တ​ရား​ရုံး​ချုပ်​ဆီ ခေါ်​လာ​ပေး​ဖို့ တပ်​မှူး​ကို တောင်း​ဆို​မယ်​ဆို​ပြီး တိုင်​ပင်​ထား​ကြ​ပါ​တယ်။+ ၂၁  ဒါ​ပေမဲ့ သူတို့​ပြော​တာ​ကို နား​မ​ယောင်​လိုက်​ပါ​နဲ့။ လူ​အယောက် ၄၀ ကျော်​က ပေါလု​ကို လုပ်​ကြံ​ဖို့ ချောင်း​မြောင်း​နေ​လို့​ပါ။ ပေါလု​ကို မသတ်​ရ​ခင် စား​သောက်​မိ​ရင် ကျိန်​စာ​သင့်​ပါ​စေ​ဆို​ပြီး သူတို့ ကျိန်​ထား​ကြ​တယ်။+ အခု အသင့်​ဖြစ်​နေ​ကြ​ပြီ။ တပ်​မှူး​ဆီ​က ခွင့်​ပြု​ချက်​ရ​ဖို့ စောင့်​နေ​ကြ​တယ်” လို့ သတင်း​ပေး​တယ်။ ၂၂  တပ်​မှူး​က “ငါ့​ကို မင်း သတင်း​ပို့​တဲ့​အကြောင်း ဘယ်​သူ​မှ မသိ​စေ​နဲ့” လို့​မှာ​ပြီး လူငယ်​လေး​ကို ပြန်​လွှတ်​လိုက်​တယ်။ ၂၃  အဲဒီ​နောက်  တပ်​စု​မှူး​နှစ်​ယောက်​ကို ဆင့်​ခေါ်​ပြီး “ဒီ​ည ၉ နာ​ရီ​မှာ* ကဲ​သရိ​မြို့​ကို  ချီ​တက်​ဖို့  စစ်​သည် ၂၀၀၊ မြင်း​စီး​သူ​ရဲ ၇၀၊ လှံ​စစ်​သည် ၂၀၀ အ​သင့်ပြင်​ထား​ပါ။ ၂၄  ပေါလု​အတွက် မြင်း​တွေ​ကို​လည်း အသင့်​ပြင်​ထား​ပါ။ သူ့​ကို ဘု​ရင်​ခံ​ဖေလ​ဇ်​ဆီ ချော​ချော​မော​မော​ရောက်​အောင် ပို့​လိုက်​ပါ” လို့ အမိန့်​ပေး​တယ်။ ၂၅  ပြီး​တော့ စာ​တစ်​စောင် ရေး​ပေး​လိုက်​တယ်– ၂၆  “ကျွန်​တော် က​လော​ဒိ​လု​သိ​က ကြီးမြတ်​တဲ့ ဘု​ရင်​ခံ ဖေလ​ဇ်​မင်း​ကို နှုတ်​ခွန်း​ဆက်​သလိုက်​ပါ​တယ်။ ၂၇  ဂျူး​တွေ​က ဒီ​လူ​ကို ဖမ်း​ပြီး သတ်​မယ်​လုပ်​တော့ ကျွန်​တော်​က စစ်​သည်​တွေ​နဲ့ ချက်​ချင်း သွား​ပြီး ကယ်​ခဲ့​ပါ​တယ်။+ သူ​ဟာ  ရော​မနိုင်​ငံ​သား​ဖြစ်​မှန်း  ကျွန်​တော် သိ​လိုက်​လို့​ပါ။+ ၂၈  သူ့​ကို စွဲ​ချက်​တင်​ရ​တဲ့​အကြောင်း​ရင်း သိ​ချင်​တာ​နဲ့ ဂျူး​တ​ရား​ရုံး​ချုပ်​ဆီ ခေါ်​သွား​တယ်။+ ၂၉  သေဒဏ် ဒါ​မှ​မဟုတ် ထောင်​ဒဏ်​ခံ​ထိုက်​တဲ့ ပြစ်​မှု​ကြောင့် မဟုတ်​ဘဲ သူတို့​ရဲ့ ပညတ်​တ​ရား​နဲ့​ဆိုင်​တဲ့+  ကိစ္စ​တွေ​ကြောင့် သူ စွဲ​ချက်​တင်​ခံ​ရ​မှန်း ကျွန်​တော်​သိ​လိုက်​ရ​တယ်။ ၃၀  သူ့​ကို လုပ်​ကြံ​ဖို့ လျှို့ဝှက်​ကြံ​စည်​နေ​မှန်း သိ​လိုက်​ရလို့+ သူ့​ကို ဘု​ရင်​ခံ​မင်း​ဆီ ချက်​ချင်း​ပို့​လိုက်​ပါ​တယ်။ စွဲ​ချက်​တင်​တဲ့​သူ​တွေ​ကို​တော့ ဘု​ရင်​ခံ​မင်း​ရှေ့​မှာ လျှောက်​ထား​ဖို့ ပြော​ထား​ပါ​တယ်။” ၃၁  စစ်​သည်​တွေ​က​လည်း အမိန့်​အတိုင်း ပေါလု​ကို ည​အချိန်​မှာ အန္တိ​ပတရိ​မြို့​ဆီ ခေါ်​သွား​တယ်။+ ၃၂  နောက်​တစ်​နေ့​မှာ မြင်း​စီး​သူ​ရဲတွေ​ကို ပေါလု​နဲ့​အတူ  လွှတ်​ပြီး   စစ်​သည်​တွေ​က​တော့ စစ်​တန်း​လျား​ဆီ ပြန်​လာ​တယ်။ ၃၃  မြင်း​စီး​သူ​ရဲတွေ​က ကဲ​သရိ​မြို့​ကို ရောက်​သွား​တဲ့​အခါ ပေါလု​ကို တပ်​မှူး​ရဲ့​စာ​နဲ့​အတူ ဘု​ရင်​ခံ​လက်​ထဲ အပ်​လိုက်​တယ်။ ၃၄  ဘု​ရင်​ခံ​က စာ​ကို​ဖတ်​ပြီး​နောက် ပေါလု​ကို ဘယ်​နယ်​က​လဲ​လို့ မေး​တဲ့​အခါ ကိ​လိ​ကိ​ပြည်​က​မှန်း+ သိသွား​တယ်။ ၃၅  “စွဲ​ချက်​တင်​သူ​တွေ ရောက်​လာရင်+ မင်း​ရဲ့​အမှု​ကို ငါ အသေအချာ ကြား​နာ​မယ်” လို့​ပြော​ပြီး ပေါလု​ကို ဟေ​ရုဒ်​မင်း​ရဲ့ နန်း​တော်​မှာ အစောင့်​အကြပ်​နဲ့​ထား​ဖို့ အမိန့်​ချ​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နေ​ဝင်​ပြီး​နောက် ၃ ချက်​တီး။”