မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦး ၅၀:၁-၂၆

မာတိကာ

  • ခါနန်ပြည်​မှာ ယာကုပ်​ကို သင်္ဂြိုဟ် (၁-၁၄)

  • ယောသပ်​ရဲ့ ခွင့်လွှတ်​စကား (၁၅-၂၁)

  • ယောသပ်​ရဲ့ နောက်ဆုံးနေ့​များ၊ သေဆုံး (၂၂-၂၆)

    • အရိုး​နဲ့ပတ်သက်ပြီး ယောသပ် မှာကြား (၂၅)

၅၀  ယောသပ်​က ကိုယ်​ကိုကိုင်းပြီး+ အဖေ့ကို ဖက်​နမ်း​ရင်း ငို​တော့​တယ်။ ၂  ပြီးတော့ အဖေ့​အလောင်း မ​ပု​ပ်​အောင် ဆေး​စီရင်​ဖို့ နန်းတွင်း​သမားတော်​တွေကို အမိန့်​ပေးတယ်။+ ဒါကြောင့် သမားတော်​တွေ​က အစ္စရေး​ရဲ့​အလောင်း​ကို ဆေး​စီရင်​တယ်။ ၃  အလောင်း​ကို ဆေး​စီရင်​ဖို့ ရက် ၄၀ တိတိ ကြာ​တယ်။ အီဂျစ်လူ​တွေ​လည်း ယာကုပ်​အတွက် ရက်​ပေါင်း ၇၀ ငိုကြွေး​ကြ​တယ်။ ၄  ယာကုပ်​အတွက် ငိုကြွေး​ချိန်​ပြီးသွား​တော့ ယောသပ်​က ဖာရောမင်း​ရဲ့​မှူးမတ်​တွေကို “ကျွန်တော့်ကို ခင်ဗျားတို့​စိတ်နဲ့​တွေ့​တယ်ဆိုရင် မင်းကြီး​ဆီ သွား​ပြောပေးပါ။ ၅  ‘ကျွန်တော့်​အဖေ​က “ငါ​သေ​တော့မယ်။+ ခါနန်ပြည်​က ငါ​တူး​ထားတဲ့​သင်္ချိုင်း​မှာ ငါ့ကို သင်္ဂြိုဟ်​ပါ”+ လို့​မှာ​ပြီး သစ္စာဆို​ခိုင်းပါ​တယ်။+ ဒါကြောင့် အဖေ့ကို သွား​သင်္ဂြိုဟ်​ပါ​ရစေ။ ပြီးရင် ကျွန်တော် ပြန်လာ​ပါ့​မယ်’ လို့ လျှောက်တင်​ပေးပါ” ဆို​ပြီး ပြောတယ်။ ၆  ဖာရောမင်း​က “မင်း​အဖေ သစ္စာဆို​ခိုင်း​တဲ့​အတိုင်း သွား​သင်္ဂြိုဟ်​ပါ”+ ဆို​ပြီး ခွင့်​ပေးတယ်။ ၇  ဒါကြောင့် ယောသပ်​ဟာ အဖေ့ကို သင်္ဂြိုဟ်​ဖို့ ထွက်သွား​တော့ ဖာရောမင်း​ရဲ့ နန်းတွင်း​မှူးမတ်​တွေ​နဲ့+ အီဂျစ်အရာရှိ​တွေ လိုက်သွား​ကြ​တယ်။ ၈  ယောသပ်​ရဲ့​အိမ်သား​တွေ၊ ညီအစ်ကို​တွေ၊ အဖေ့​ရဲ့​အိမ်သား​တွေ​လည်း+ လိုက်သွား​ကြ​တယ်။ ကလေးငယ်​တွေ၊ သိုးအုပ်​နွားအုပ်​တွေကိုတော့ ဂေါ​ရှင်​အရပ်မှာ ထားခဲ့​တယ်။ ၉  မြင်းရထား​တွေ​နဲ့+ မြင်းစီးသူရဲ​တွေ​ပါ လိုက်သွား​ကြ​တော့ လူအုပ်​က တော်တော်​ကြီး​တယ်။ ၁၀  ဂျော်ဒန်​မြစ်​အနီး​က အာ​တ​ဒ်​ကောက်နယ်တလင်း​ကို ရောက်​လာတဲ့အခါ အကြီးအကျယ် ငိုကြွေး​ကြ​တယ်။ ယောသပ်​လည်း အဖေ​အတွက် ခုနစ်​ရက်​ကြာ​အောင် ငို​တယ်။ ၁၁  အာ​တ​ဒ်​ကောက်နယ်တလင်း​မှာ သူတို့​ငိုကြွေး​နေတာကို အဲဒီ​အရပ်သား ခါနန်​လူမျိုး​တွေ မြင်တဲ့အခါ “အီဂျစ်​တွေ အကြီးအကျယ် ငို​နေ​ပါ​လား” လို့​ပြော​ကြ​တယ်။ ဒါကြောင့် ဂျော်ဒန်​မြစ်​အနီး​က အဲဒီ​အရပ်​ကို အာဗေလ​မိ​ဇ​ရိမ်* လို့​နာမည်​ပေးကြတယ်။ ၁၂  ယာကုပ်​ရဲ့​သားတွေ​ဟာ အဖေ​မှာ​ခဲ့တဲ့​အတိုင်း တစ်​သ​ဝေ​မ​တိမ်း လုပ်​ပေးကြတယ်။+ ၁၃  အဖေ့​အလောင်း​ကို ခါနန်ပြည်​သယ်သွား​ပြီး မံ​ရေ​အရပ်​အရှေ့၊ မက်​ပေ​လ​မြေကွက်​ထဲက ဂူ​မှာ သင်္ဂြိုဟ်​ကြ​တယ်။ အဲဒီ​မြေကွက်​ကို ဟိတ္တိ​လူမျိုး ဧ​ဖ​ရု​န်​ဆီကနေ သင်္ချိုင်း​မြေ​အဖြစ် အာဗြဟံ​ဝယ်​ထားတာ။+ ၁၄  ယောသပ်​က အဖေ့ကို သင်္ဂြိုဟ်​ပြီးနောက် ညီအစ်ကို​တွေ၊ အသုဘ​လိုက်​ပို့​သူတွေ​နဲ့အတူ အီဂျစ်ပြည်​ကို ပြန်​လာတယ်။ ၁၅  အဖေ​ဆုံး​ပြီးနောက်မှာ ယောသပ်​ရဲ့​အစ်ကို​တွေ​က “ငါ​တို့ မကောင်းကြံ​ခဲ့​တာ​တွေကို ယောသပ် အငြိုး​နဲ့ ပြန်​လက်စားချေ​ရင် ဘယ်​နှ​ယ့်​လုပ်မလဲ” လို့​တိုင်ပင်​ကြ​တယ်။+ ၁၆  ဒါနဲ့ ယောသပ်​ဆီ စကား​ပါး​လိုက်တယ်– “အဖေ​က မသေ​ခင်မှာ၊ ၁၇  ‘“မင်းကို ဒုက္ခရောက်​အောင်​လုပ်ခဲ့တဲ့ အစ်ကို​တွေ​ရဲ့​အပြစ်​ကို ခွင့်လွှတ်​ပေးဖို့ တောင်းပန်​ပါတယ်” လို့​ယောသပ်​ကို ပြော​ကြ’ ဆို​ပြီး မှာ​ခဲ့​တယ်။ ဒါကြောင့် အဖေ​ကိုးကွယ်​တဲ့ ဘုရားသခင်ရဲ့ ကျွန်​တွေ​ဖြစ်တဲ့ ငါ​တို့ကို ခွင့်လွှတ်​ပေးပါ။” အဲဒီ​စကား​တွေကိုလည်း ကြား​ရော ယောသပ် ငို​တော့​တာပဲ။ ၁၈  အဲဒီအခါ အစ်ကို​တွေ ဝင်​လာတယ်။ သူ့​ရှေ့မှာ ဦး​ညွှတ်ပြီး “ကြိုက်​သလို​ခိုင်းပါ။ ကျွန်ခံ​ပါ့​မယ်” လို့​ပြော​ကြ​တယ်။+ ၁၉  ယောသပ်​က “မစိုးရိမ်​ပါ​နဲ့၊ အစ်ကို​တို့​ရာ။ ဘုရား​သခင်​က​ပဲ အပြစ်ပေး​နိုင်တာ​ပါ။ ကျွန်တော် ပေး​လို့​မရ​ပါ​ဘူး။ ၂၀  ကျွန်တော့်ကို အစ်ကို​တို့ မကောင်းကြံ​ခဲ့ပေ​မဲ့+ ဘုရား​သခင်​က အခုလို လူ​အများ​ရဲ့​အသက်ကို ကယ်​ဖို့ အကောင်း​ဖြစ်စေခဲ့​ပြီ​ပဲ။+ ၂၁  ဒါကြောင့် မစိုးရိမ်​ကြပါနဲ့။ အစ်ကို​တို့​နဲ့ ကလေးတွေ​အတွက် အစားအစာ​တွေ ကျွန်တော် ဆက်​ထောက်ပံ့​ပေးမှာ​ပါ”+ လို့​ပြန်ပြောတယ်။ သူတို့ရဲ့​စိုးရိမ်စိတ်​တွေ ပြေ​အောင် အဲဒီလို နှစ်သိမ့်​ပေးတယ်။ ၂၂  ယောသပ်​နဲ့ အဖေ့​အိမ်သား​တွေ​ဟာ အီဂျစ်ပြည်​မှာ ဆက်နေ​ထိုင်​ကြ​တယ်။ ယောသပ်​က နှစ်ပေါင်း ၁၁၀ အသက်ရှင်​တယ်။ ၂၃  ဧဖရိမ်​ရဲ့​မြေး​အထိ မျိုးဆက်​သုံး​ဆက် မြင်ခွင့်ရ​တယ်။+ မနာရှေ​ရဲ့​မြေး၊ မာ​ခိ​ရ​ရဲ့​သား​တွေကိုလည်း+ မြင်ခွင့်ရ​တယ်။ ယောသပ်​က သူတို့ကို သားသမီး​အရင်း​နဲ့​မ​ခြား အခွင့်အရေး​ပေးတယ်။* ၂၄  နောက်တော့ ယောသပ်​က “ငါ​သေ​ရ​တော့မယ်။ ဒါပေမဲ့ ဘုရား​သခင်​က မင်း​တို့ကို တကယ်​သတိရ​လိမ့်မယ်။+ မင်း​တို့ကို ဒီ​ပြည်​က​နေ ဆက်ဆက်​ခေါ်​ထုတ်ပြီး အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့ကို ကတိ​ပေးထားတဲ့​ပြည်​ဆီ ခေါ်ဆောင်​သွားမယ်”+ လို့ ပြောတယ်။ ၂၅  ပြီးတော့ “မင်း​တို့ကို ဘုရား​သခင် တကယ်​သတိရ​လိမ့်မယ်။ အဲဒီအခါ​ကျ​ရင် ငါ့​အရိုး​တွေကို ဒီနေရာ​က​နေ သယ်သွား​ပါ” ဆို​ပြီး အစ္စရေး​ရဲ့​သားမြေး​တွေကို သစ္စာဆို​ခိုင်း​တယ်။+ ၂၆  အဲဒီနောက် ယောသပ်​က အသက် ၁၁၀ မှာ သေဆုံးသွားတယ်။ သူ့​အလောင်း​ကို မ​ပု​ပ်​အောင် ဆေး​စီရင်​ပြီးနောက်+ အ​ခေါင်း​ထဲ​ထည့်​ပြီး အီဂျစ်ပြည်​မှာ ထား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “အီဂျစ်လူ​တွေ​ရဲ့ ငိုကြွေးခြင်း။”
မူရင်း၊ “ယောသပ်​ရဲ့ ဒူး​ပေါ်​မှာ သူတို့ ကြီးပြင်း​လာတယ်။”