မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦး ၄၂:၁-၃၈

မာတိကာ

  • ယောသပ်​ရဲ့​အစ်ကို​တွေ အီဂျစ်ပြည်​ကို​သွား (၁-၄)

  • ယောသပ်​က အစ်ကို​တွေ​နဲ့ ဆုံ​ပြီး စမ်းသပ် (၅-၂၅)

  • အစ်ကို​တွေ ယာကုပ်​ရှိ​ရာ အိမ်​ကို​ပြန်​ကြ (၂၆-၃၈)

၄၂  အီဂျစ်ပြည်​မှာ ကောက်နှံ​တွေ​ရှိတယ်ဆိုတာ+ ယာကုပ်​ကြား​တော့ “မင်း​တို့ ဘာဖြစ်လို့ တစ်ယောက်ကို​တစ်ယောက် ကြည့်​နေကြတာ​လဲ။ ၂  အီဂျစ်ပြည်​မှာ ကောက်နှံ​တွေ​ရှိတယ်လို့ ကြားတယ်။ ငါ​တို့​အသက်ဆက်​ရှင်​နိုင်ဖို့ အဲဒီ​ကို​သွား​ပြီး ဝယ်​လာခဲ့ကြ” လို့​သား​တွေကို ပြောတယ်။+ ၃  ဒါနဲ့ ယောသပ်​ရဲ့​အစ်ကို ဆယ်ယောက်​က+ ကောက်နှံ​ဝယ်​ဖို့ အီဂျစ်ပြည်​ကို ဆင်း​သွား​ကြ​တယ်။ ၄  ယောသပ်​ရဲ့​ညီ ဗင်ယာမိန်​ကို​တော့ ယာကုပ်​က “အသက်အန္တရာယ်​ကြုံ​မှာ စိုး​တယ်”+ ဆို​ပြီး အစ်ကို​တွေ​နဲ့အတူ မလွှတ်​ဘူး။+ ၅  ခါနန်ပြည်​မှာ​လည်း အငတ်ဘေး ကြုံနေ​ရတဲ့​အတွက် အစ္စရေး​ရဲ့​သားတွေ​ဟာ အစားအစာ လာ​ဝယ်​သူတွေ​နဲ့အတူ အီဂျစ်ပြည်​ကို ရောက်​လာကြတယ်။+ ၆  ယောသပ်​ဟာ အီဂျစ်ပြည်​မှာ အခွင့်အာဏာ​ရှိသူ၊+ အရပ်ရပ်​က​လာတဲ့​လူတွေကို ကောက်နှံ​ရောင်း​ပေး​သူ ဖြစ်တယ်။+ ဒါကြောင့် အစ်ကို​တွေ​က ယောသပ်​ဆီ​လာပြီး ဦးညွှတ်​ကြ​တယ်။+ ၇  ယောသပ်​က အစ်ကို​တွေကို ချက်ချင်း​မှတ်မိ​ပေ​မဲ့ သူ​ဘယ်သူ​လဲ​ဆို​တာ အသိ​မပေးဘူး။+ “မင်း​တို့ ဘယ်​က​လာ​တာ​လဲ” ဆို​ပြီး ခပ်ထန်ထန်​မေး​တော့ “အစားအစာ​ဝယ်​ဖို့ ခါနန်ပြည်​က လာကြတာ​ပါ”+ လို့​ပြန်ဖြေ​တယ်။ ၈  ယောသပ်​က မှတ်မိ​ပေ​မဲ့ အစ်ကို​တွေကတော့ သူ့ကို မမှတ်မိ​ကြဘူး။ ၉  ယောသပ်​လည်း သူတို့​နဲ့ပတ်သက်ပြီး မက်​ခဲ့တဲ့​အိပ်မက်​တွေကို ချက်ချင်းသတိရ​သွားတယ်။+ ဒါနဲ့ “မင်း​တို့ဟာ သူလျှို​တွေ။ တိုင်းပြည်​ရဲ့​အားနည်းချက်​ကို လာ​ထောက်လှမ်း​ကြ​တာ” လို့​စွပ်စွဲ​တယ်။ ၁၀  သူတို့က “မဟုတ်​ရ​ပါ​ဘူး သခင်။ ကျွန်တော်တို့ စားစရာ လာ​ဝယ်​တာ​ပါ။ ၁၁  ကျွန်တော်တို့​အားလုံး​ဟာ ဖခင်​တစ်ဦးတည်း​က​နေ မွေး​လာ​သူတွေ​ပါ။ လူ​ရိုး​လူကောင်း​တွေ​ပါ။ သူလျှို​တွေ မဟုတ်​ရ​ပါ​ဘူး” လို့​ပြောတယ်။ ၁၂  ယောသပ်​က “မဖြစ်နိုင်ဘူး။ မင်း​တို့​က တိုင်းပြည်​ရဲ့​အားနည်းချက်​ကို လာ​ထောက်လှမ်း​တာပဲ” ဆို​ပြီး​ပြောတယ်။ ၁၃  သူတို့က “ကျွန်တော်တို့မှာ ညီအစ်ကို ၁၂ ယောက် ရှိပါတယ်။+ ခါနန်ပြည်​မှာ​နေတဲ့ ဖခင်​တစ်ဦးတည်း​ရဲ့ သားတွေ​ပါ။+ အငယ်ဆုံး​က အဖေ​နဲ့​နေရစ်​ခဲ့​ပါတယ်။+ ညီ​တစ်ယောက်က​တော့ မရှိတော့​ပါ​ဘူး”+ လို့​ပြော​ကြ​တယ်။ ၁၄  ဒါပေမဲ့ ယောသပ်​က “ငါ​ပြောပြီးပြီ​ပဲ။ မင်း​တို့ဟာ သူလျှို​တွေ​ပါ။ ၁၅  မင်း​တို့​ပြောတာ မှန်​မမှန် ငါ​စစ်ဆေး​မယ်။ အသက်ရှင်​နေတဲ့ ဖာရော​မင်းကို တိုင်တည်​ပြီး ငါ​ပြောမယ်။ ညီ​အငယ်ဆုံး ဒီ​ကို​မလာ​မချင်း မင်း​တို့ ဒီနေရာ​က​နေ မ​ထွက်သွား​ရဘူး။+ ၁၆  မင်း​တို့​ထဲက​တစ်ယောက်က အဲဒီ​ညီလေး​ကို သွား​ခေါ်။ ကျန်​တဲ့​သူတွေ​အားလုံး အချုပ်​ထဲမှာ နေ​ခဲ့။ ဒါမှ မင်း​တို့​ပြောတာ မှန်​မမှန်​သိနိုင်​မယ်။ မဟုတ်​လို့​က​တော့ အသက်ရှင်​နေတဲ့ ဖာရော​မင်းကို တိုင်တည်​ပြီး ငါ​ပြောမယ်၊ မင်း​တို့ဟာ သူလျှို​တွေ​ပဲ” လို့​ပြောပြီး၊ ၁၇  သူတို့ကို အချုပ်​ထဲမှာ သုံးရက်​ချုပ်​ထား​လိုက်တယ်။ ၁၈  သုံးရက်​မြောက်​နေ့​မှာ ယောသပ်​က “ငါ​ဟာ ဘုရားသခင်ကို ကြောက်ရွံ့သူ​ပါ။ မင်း​တို့​အသက်ချမ်းသာ​ရ​ချင်​ရင် ငါ​ပြော​သလို လုပ်ကြ။ ၁၉  မင်း​တို့​က လူ​ရိုး​လူကောင်း​တွေ​မှန်​ရင် အချုပ်ခန်း​ထဲမှာ တစ်ယောက်​ပဲ နေ​ခဲ့။ ကျန်​တဲ့​သူတွေက အိမ်သား​တွေ အငတ်ဘေး​က​လွတ်ဖို့ ကောက်နှံ​တွေ ယူသွား​ကြ။+ ၂၀  ညီ​အငယ်ဆုံး​ကို ငါ့​ဆီ ခေါ်လာ​မယ်ဆိုရင် မင်း​တို့​စကား မှန်​မယ်။ မင်း​တို့​လည်း အသက်ချမ်းသာ​ရမယ်” လို့​ပြောတယ်။ သူတို့​လည်း လက်ခံ​ရတော့​တယ်။ ၂၁  သူတို့က “ညီလေး​ကို လုပ်ခဲ့တာ​တွေကြောင့် ငါ​တို့​ပြန်​ခံ​နေ​ရတာပဲ။+ သူ​စိတ်ထိခိုက်​ပြီး သနား​ပါလို့ တောင်းပန်​တာကို ငါ​တို့​မြင်​လျက်​နဲ့ နားမထောင်​ခဲ့​ဘူး​လေ။ ဒါကြောင့် ငါ​တို့ အခုလို ဒုက္ခရောက်​နေတာ” လို့ အချင်းချင်း​ပြော​ကြ​တယ်။ ၂၂  ရုဗင်​က​လည်း “‘ညီလေး​ကို ဒုက္ခ​မပေး​နဲ့’ လို့​ငါ​ပြောခဲ့​သား​ပဲ။ မင်း​တို့​မှ နားမထောင်​တာ။+ သူ့ကို​လုပ်ခဲ့လို့ အခု ငါ​တို့ ပြန်​ခံ​နေရ​ပြီ”*+ လို့​ပြောတယ်။ ၂၃  ယောသပ်​က စကားပြန်​နဲ့​ပြောတဲ့​အတွက် သူတို့​ပြောတာကို ယောသပ်​နားလည်​မှန်း မသိကြ​ဘူး။ ၂၄  ယောသပ်​လည်း သူတို့ဆီကနေ ထွက်သွား​ပြီး ငို​တော့​တယ်။+ နောက်တော့​မှ ပြန်လာပြီး ရှိမောင်​ကို သူတို့​ရှေ့မှာ ဖမ်းချုပ်​လိုက်တယ်။+ ၂၅  သူတို့​ယောက်တိုင်း​ရဲ့​အိတ်ထဲ​မှာ ကောက်နှံ​ဖြည့်​ပေးဖို့၊ ငွေ​ပြန်​ထည့်​ပေးဖို့၊ လမ်းခရီး​အတွက် ရိက္ခာ​တွေ​လည်း ထည့်ပေး​လိုက်​ဖို့ ယောသပ်​အမိန့်ပေး​တော့ အဲဒီအတိုင်း လုပ်​ပေးကြတယ်။ ၂၆  သူတို့​လည်း ကောက်နှံ​အိတ်​တွေကို မြည်း​ပေါ်​တင်ပြီး ထွက်သွား​ကြ​တယ်။ ၂၇  တည်းခို​တဲ့​နေရာ​ရောက်​တော့ တစ်ယောက်က မြည်း​ကို အစာ​ကျွေး​ဖို့ အိတ်​ဖွင့်​လိုက်တဲ့အခါ ငွေ​တွေကို တွေ့​လိုက်ရတယ်။ ၂၈  ဒါနဲ့ သူက “ဟာ၊ ငါ့​ငွေ​တွေ အိတ်ထဲ ရောက်နေ​ပါ​လား” လို့ ညီအစ်ကို​တွေကို ပြော​တော့ သူတို့​လည်း လန့်ဖျပ်​သွား​ပြီး “ဘုရား​သခင် ငါ​တို့ကို ဘာလို့ အခုလို ဒဏ်ခတ်​ပါ​လိမ့်” ဆို​ပြီး အချင်းချင်း​ပြော​ကြ​တယ်။ ၂၉  သူတို့က ခါနန်ပြည်​မှာ​ရှိတဲ့ ဖခင်​ယာကုပ်​ဆီ ပြန်​ရောက်တဲ့အခါ အကြောင်းစုံ ပြောပြ​တယ်။ ၃၀  “အဲဒီ​တိုင်းပြည်​အုပ်ချုပ်သူ​က ကျွန်တော်တို့ကို ခပ်ထန်ထန်​ပြောပြီး+ တိုင်းပြည်​ကို လာ​ထောက်လှမ်း​တဲ့ သူလျှို​တွေ​လို့ စွပ်စွဲ​တယ်။ ၃၁  ဒါပေမဲ့ ‘ကျွန်တော်တို့ဟာ လူ​ရိုး​လူကောင်း​တွေ​ပါ။ သူလျှို​တွေ မဟုတ်​ရ​ပါ​ဘူး။+ ၃၂  ဖခင်​တစ်ယောက်တည်း​ရဲ့ သားတွေ​ပါ။ ညီအစ်ကို ၁၂ ယောက် ရှိပါတယ်။+ တစ်ယောက်က မရှိတော့​ပါ​ဘူး။+ အငယ်ဆုံး​က​တော့ အခု ခါနန်ပြည်​မှာ အဖေ​နဲ့​နေရစ်​ခဲ့​ပါတယ်’+ လို့​ကျွန်တော်တို့ ရှင်းပြ​တယ်။ ၃၃  အဲဒီအခါ တိုင်းပြည်​အုပ်ချုပ်သူ​က ‘မင်း​တို့​သာ လူ​ရိုး​လူကောင်း​တွေ​မှန်​ရင် ငါ​နဲ့ တစ်ယောက်​နေ​ခဲ့။+ ကျန်​တဲ့​သူတွေက အိမ်သား​တွေ အငတ်ဘေး​က​လွတ်ဖို့ စားစရာ ယူသွား​ကြ။+ ၃၄  ညီ​အငယ်ဆုံး​ကို ငါ့​ဆီ ခေါ်လာ​ခဲ့။ ဒါမှ မင်း​တို့​က သူလျှို​တွေ​မဟုတ်ဘဲ လူ​ရိုး​လူကောင်းတွေ​မှန်း ငါ​သိနိုင်​မယ်။ အဲဒီအခါ​ကျ​မှ နေ​ခဲ့တဲ့​တစ်ယောက်ကို ငါ​ပြန်လွှတ်​ပေးမယ်။ မင်း​တို့​လည်း ဒီ​တိုင်းပြည်​မှာ လိုအပ်​တာ​တွေ ဝယ်​ခွင့်​ရမယ်’ လို့​ပြောလိုက်​ပါတယ်။” ၃၅  အဲဒီနောက် အိတ်တွေ​သွန်​ချ​လိုက်​တော့ အိတ်​တိုင်းမှာ ငွေ​ထုပ်​ရှိနေတယ်။ အဲဒီ​ငွေ​ထုပ်​တွေကို သူတို့​သားအဖ​တွေ မြင်တဲ့အခါ ကြောက်လန့်​လာကြတယ်။ ၃၆  ယာကုပ်​က​လည်း “ငါ့ကို သားတွေ​နဲ့ တစ်​ကွဲ​တစ်ပြား​စီ ဖြစ်အောင် မင်း​တို့​လုပ်​ကြပြီ။+ ယောသပ် မရှိတော့ဘူး။+ ရှိမောင်​လည်း မရှိတော့ဘူး။+ အခု ဗင်ယာမိန်​ကို​ပါ ခေါ်သွား​ကြ​ဦး​မယ်။ ငါ့​ကျ​မှ ဒီလို​အဖြစ်ဆိုးတွေ ဘာလို့​ကြုံ​နေရ​ပါ​လိမ့်” လို့ ညည်း​တော့​တယ်။ ၃၇  ရုဗင်​က “ဗင်ယာမိန်​ကို ပြန်​မ​ခေါ်လာ​နိုင်​ခဲ့​ရင် ကျွန်တော့်​သား​နှစ်ယောက်ကို သတ်​လိုက်ပါ။+ ဗင်ယာမိန်​ကို​တော့ ကျွန်တော်​နဲ့​ထည့်ပေး​လိုက်ပါ။ အဖေ့​ဆီ ဆက်ဆက်​ပြန်​ခေါ်လာ​ပါ့​မယ်”+ ဆို​ပြီး​ပြောတယ်။ ၃၈  ဒါပေမဲ့ ယာကုပ်​က “ငါ့​သားကို မ​ခေါ်သွား​ရဘူး။ သူ့​အစ်ကို​လည်း သေ​ပြီ။ သူ​တစ်ယောက်​ပဲ ကျန်​တယ်။+ သူ​သာ လမ်းမှာ အသက်အန္တရာယ်​ကြုံရ​ရင် ဆံ​ဖြူ​နေတဲ့​ငါ့ကို မင်း​တို့ ရင်​ကွဲ​အောင်​လုပ်ပြီး သင်္ချိုင်း*+ ကို​ပို့​တာပဲ”+ လို့​ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သူ့​သွေး​ကို ပြန်​တောင်း​နေ​ပြီ။”
ခက်ဆစ်ကို​ကြည့်။