မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦး ၂၁:၁-၃၄

မာတိကာ

  • အိဇက် မွေး​လာ (၁-၇)

  • အိရှမေလ​က အိဇက်​ကို လှောင်ပြောင် (၈၊ ၉)

  • ဟာဂရ​နဲ့ အိရှမေလ ထွက်သွား​ရ (၁၀-၂၁)

  • အာဗြဟံ​နဲ့ အဘိမလက် ကတိသစ္စာ​ပြု (၂၂-၃၄)

၂၁  ယေဟောဝါ​က ပြောခဲ့တဲ့​အတိုင်း စာရာကို သတိရ​တယ်။ စာရာကို ကတိ​ပေးထားတဲ့​အတိုင်း ယေဟောဝါ လုပ်ဆောင်​တယ်။+ ၂  ဒါကြောင့် စာရာ​မှာ ကိုယ်ဝန်​ရှိလာပြီး+ အာဗြဟံ အိုမင်း​ချိန်၊ ဘုရား​သခင် ကတိ​ပေးထားတဲ့​အချိန်မှာ သားတစ်ယောက် မွေးလာတယ်။+ ၃  အာဗြဟံ​က စာရာ​မွေးတဲ့ သားကို အိဇက်​လို့ နာမည်​ပေးတယ်။+ ၄  ဘုရားသခင်မှာ​ထားတဲ့​အတိုင်း အိဇက်​ကို ရှစ်​ရက်သား​အရွယ်မှာ အရေဖျားဖြတ်​ပေးတယ်။+ ၅  သား​အိဇက်​ကို မွေးတဲ့အချိန်​မှာ အာဗြဟံ အသက် ၁၀၀ ရှိနေ​ပြီ။ ၆  စာရာ​က “ငါ့ကို ဘုရား​သခင် ရယ်မော​စေပြီ။ ဒီ​သတင်း​ကြားတဲ့​သူ​တိုင်း ငါ​နဲ့အတူ ရယ်မော​ကြ​လိမ့်မယ်။* ၇  ‘စာရာ​ဟာ ကလေးကို နို့တိုက်​ရ​လိမ့်မယ်’ ဆို​ပြီး အာဗြဟံ​ကို ဘယ်သူ​ပြောခဲ့​ဖူး​မှာ​လဲ။ အခုတော့ သူ​အိုမင်း​ချိန်မှာ သူ့​အတွက် သားတစ်ယောက် ငါ​မွေး​ပေးခဲ့​ပြီ” လို့​ပြောတယ်။ ၈  ဒီလိုနဲ့ အိဇက်​ကြီးပြင်း​လာပြီး နို့​ဖြတ်​တဲ့​နေ့​မှာ အာဗြဟံ​က စားသောက်ပွဲကြီး လုပ်တယ်။ ၉  အာဗြဟံ​အတွက် အီဂျစ်သူ ဟာဂရ​မွေး​ပေး​တဲ့ သားက+ အိဇက်​ကို လှောင်ပြောင်​နေတာ+ စာရာ​သတိပြုမိတယ်။ ၁၀  ဒါကြောင့် စာရာ​က “ဒီ​ကျွန်မိန်းမ​နဲ့ သူ့​သားကို မောင်းထုတ်​ပါ။ သူ့​သား​ဟာ ကျွန်မ​သား အိဇက်​နဲ့အတူ အမွေမခံ​ရဘူး” လို့​အာဗြဟံ​ကို ပြောတယ်။+ ၁၁  သားနဲ့​ပတ်သက်ပြီး စာရာ​ပြောတဲ့​စကား​ကြောင့် အာဗြဟံ တော်တော်​စိတ်မကောင်း ဖြစ်သွားတယ်။+ ၁၂  ဒါနဲ့ ဘုရား​သခင်​က “ကျွန်မိန်းမ​နဲ့ သူ့​ကလေး​အကြောင်း စာရာ​ပြောတဲ့​စကား​ကြောင့် စိတ်မကောင်း​မဖြစ်​နဲ့။ မင်း​ရဲ့​မျိုးနွယ်​လို့ အခေါ်​ခံရမယ့်​သူ​ဟာ အိဇက်​က​နေ ဆင်းသက်လာ​မှာ​ဖြစ်လို့+ စာရာ​ပြောတာကို နားထောင်​လိုက်။ ၁၃  ကျွန်မိန်းမ​ရဲ့​သားက+ မင်း​ရဲ့​သား​ပဲ​ဆို​တော့ သူ့ဆီကနေ​လည်း လူမျိုးတစ်မျိုး​ကို ငါ​ဆင်းသက်​စေမှာ​ပါ”+ လို့​အာဗြဟံ​ကို ပြောတယ်။ ၁၄  ဒါကြောင့် အာဗြဟံ​က မနက်စောစော​ထ၊ ရေ​ထည့်​ထားတဲ့ သားရေ​ဘူး​နဲ့ စားစရာ​တွေကို ဟာဂရ​ပခုံး​ပေါ် တင်​ပေး​ပြီး သားလေး​နဲ့အတူ ထွက်သွား​ခိုင်း​တယ်။+ ဟာဂရ​လည်း ထွက်သွား​ပြီး ဗေ​ရ​ရှေ​ဘ+ တောကန္တာရ​မှာ ခြေဦးတည့်ရာ သွား​တော့​တယ်။ ၁၅  ဒီလိုနဲ့ ဘူး​ထဲက​ရေ ကုန်​သွား​တော့ သားလေး​ကို ချုံပင်​အောက်မှာ နေခိုင်း​တယ်။ ၁၆  ဟာဂရ​က “သားလေး​သေ​မှာ​ကို ငါ​မကြည့်​ရက်​ဘူး” ဆို​ပြီး ခပ်လှမ်းလှမ်း​မှာ သွား​ထိုင်​ရင်း ငို​နေ​လိုက်​တော့​တယ်။ ၁၇  အဲဒီအခါ လူငယ်လေး​ရဲ့​အသံ​ကို ဘုရား​သခင်​ကြား​တော့+ ဘုရားသခင်ရဲ့ ကောင်းကင်တမန်​က ကောင်းကင်​က​နေ ဟာဂရ​ကို ခေါ်ပြီး+ “ဟာဂရ၊ ဘာလို့​ငို​နေတာလဲ။ မစိုးရိမ်​ပါ​နဲ့။ လူငယ်လေး ငို​နေတဲ့​အသံ​ကို ဘုရား​သခင်​ကြား​ပြီ။ ၁၈  ထ​ပါ။ သားကို​ဆွဲ​ထူ​ပြီး ဖက်​ထားပါ။ သူ့ကို လူမျိုး​ကြီး​ဖြစ်စေမယ်”+ လို့​ပြောတယ်။ ၁၉  ပြီးတော့ ဟာဂရ​ရဲ့​မျက်စိ​ကို ဘုရား​သခင် ဖွင့်​လိုက်တဲ့​အတွက် ရေတွင်း​တစ်​တွင်း​ကို တွေ့​သွားတယ်။ ဒါနဲ့ သားရေ​ဘူး​ထဲ ရေဖြည့်​ပြီး သားကို တိုက်​လိုက်တယ်။ ၂၀  ဘုရား​သခင်​က လူငယ်လေး ကြီးပြင်းလာ​ချိန်​တစ်လျှောက်လုံး လူငယ်လေး​နဲ့အတူ ရှိတယ်။+ သူ​ဟာ လေး​သမား ဖြစ်လာပြီး၊ ၂၁  ပါရန်တောကန္တာရ​မှာ+ နေထိုင်တယ်။ မိခင်​က သူ့ကို အီဂျစ်သူ​တစ်ယောက်နဲ့ ပေး​စား​လိုက်တယ်။ ၂၂  အဲဒီ​အချိန်မှာ အဘိမလက်​မင်း​က ဗိုလ်ချုပ်​ဖိ​ကော​လ​နဲ့အတူ အာဗြဟံ​ဆီ ရောက်လာပြီး “မင်း​ဘာပဲ​လုပ်​လုပ် မင်း​နဲ့အတူ ဘုရား​သခင်​ရှိတယ်ဆိုတာ ငါ​တို့​သိတယ်။+ ၂၃  ဒါကြောင့် ငါ​နဲ့ ငါ့ရဲ့​သားစဉ်မြေးဆက်​တွေကို မလှည့်စား​ဘူး၊ မင်းကို ငါ​ခိုင်မြဲ​တဲ့​မေတ္တာ​ပြခဲ့​သလို မင်း​လည်း ငါ​နဲ့ ငါ့ရဲ့ ပြည်သူပြည်သား​တွေကို ခိုင်မြဲ​တဲ့​မေတ္တာပြ​ပါ့​မယ်လို့ ဘုရားသခင်ကို တိုင်တည်​ပြီး သစ္စာဆို​ပါ” လို့​ပြောတယ်။+ ၂၄  အာဗြဟံ​လည်း “ကျွန်တော် သစ္စာဆို​ပါတယ်” လို့ဖြေ​တယ်။ ၂၅  ဒါပေမဲ့ အာဗြဟံ​က အဘိမလက်​မင်း​ရဲ့​ကျွန်​တွေ မတရား​သိမ်းယူ​ထားတဲ့ ရေတွင်း​နဲ့ပတ်သက်ပြီး ပြောပြ​လိုက်တယ်။+ ၂၆  အဘိမလက်​မင်း​က “ဒါ ဘယ်သူ့​လက်ချက်​မှန်း ငါ​မသိ​ရ​ပါ​လား။ မင်း​က​လည်း ငါ့ကို ဒီ​အကြောင်း မ​ပြောပြ​ဘဲ​ကိုး။ ငါ အခု​မှ သိရတာ” လို့​ပြောတယ်။ ၂၇  အဲဒီနောက် အာဗြဟံ​က အဘိမလက်​မင်းကို သိုး​နွား​တွေ ပေး​ပြီး သူတို့​နှစ်ယောက် ကတိသစ္စာ​ပြု​ကြ​တယ်။ ၂၈  အာဗြဟံ​က သိုးအုပ်​ထဲက​နေ သိုး​မ​လေး ခုနစ်ကောင်​ကို ခွဲထုတ်​လိုက်တဲ့အခါ၊ ၂၉  အဘိမလက်​မင်း​က “ဘာ​လုပ်ဖို့​လဲ” လို့​မေးတယ်။ ၃၀  အာဗြဟံ​က “ဒီရေ​တွင်း​ကို ကျွန်တော်​တူးခဲ့​တယ်​ဆို​တဲ့ သက်သေ​အဖြစ် ဒီ​သိုး​မ​လေး ခုနစ်ကောင်​ကို လက်ခံ​ပါ” လို့​ပြောပြီး၊ ၃၁  အဲဒီ​နေရာမှာ နှစ်ယောက်​သား သစ္စာဆို​ကြ​တယ်။ ဒါကြောင့် အဲဒီ​နေရာကို ဗေ​ရ​ရှေ​ဘ*+ လို့​ခေါ်တယ်။ ၃၂  ဗေ​ရ​ရှေ​ဘ​အရပ်မှာ နှစ်ယောက်​သား ကတိသစ္စာ​ပြု​ပြီးနောက်+ အဘိမလက်​မင်း​က ဗိုလ်ချုပ်​ဖိ​ကော​လ​နဲ့အတူ ဖိလိတိ​ပြည်​ကို+ ပြန်သွားတယ်။ ၃၃  အဲဒီနောက် အာဗြဟံ​က ဗေ​ရ​ရှေ​ဘ​အရပ်မှာ မ​န်​ကျည်း​ပင်* စိုက်​တယ်၊ ထာဝရဘုရား​သခင်+ ယေဟောဝါရဲ့ နာမည်ကို​ခေါ်ပြီး ဆုတောင်း​တယ်။+ ၃၄  ဖိလိတိ​ပြည်​မှာ အချိန်အတော်ကြာ သူ နေထိုင်တယ်။+

အောက်ခြေမှတ်ချက်များ

“ငါ့ကို ရယ်​ပြ​ကြ​လိမ့်မယ်” လည်း​ဖြစ်နိုင်။
အဓိပ္ပာယ်၊ “သစ္စာ​ရေတွင်း၊ သိုး​ခုနစ်ကောင်​ရေတွင်း။”
အရွက်​သေး​ပြီး အဖြူရောင် ဒါမှမဟုတ် ပန်းရောင်​ပွင့်တဲ့ အမြဲစိမ်းပင်​တစ်မျိုး။