၂ ယောဟန် ၁:၁-၁၃

၁  အသက်ကြီးသူ*ဖြစ်သောငါမှစ၍ အမှန်တရားသိလာကြသူ အားလုံးက ချစ်မြတ်နိုးရသည့် ရွေးချယ်တော်မူသော အမျိုးသမီးနှင့် သူ၏သားသမီးတို့ထံ စာရေးလိုက်ပါသည်။ ၂  ငါတို့၌ရှိသော အမှန်တရားကြောင့် သင်တို့ကို ချစ်မြတ်နိုး၏။ ထိုအမှန်တရားသည် ငါတို့တွင် အစဉ်အမြဲ ရှိလိမ့်မည်။ ၃  ခမည်းတော်ဘုရားသခင်နှင့် သားတော်ယေရှုခရစ်ထံမှ မဟာကရုဏာတော်၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းတို့သည် အမှန်တရား၊ မေတ္တာတရားနှင့်တကွ ငါတို့တွင် ရှိလိမ့်မည်။ ၄  ခမည်းတော်ထံမှ ငါတို့ရထားသော ပညတ်တော်အတိုင်း သင်၏သားသမီးအချို့သည် အမှန်တရားတွင် လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်ပါ၏။ ၅  ယခုတွင် အချင်းချင်းချစ်ပါ ဟူသောပညတ်ကို လိုက်လျှောက်ရန် ရွေးချယ်တော်မူသော အမျိုးသမီးကို ငါစာရေးတောင်းဆိုပါ၏။ ဤပညတ်သည် အသစ်မဟုတ်ဘဲ အစကတည်းက ရရှိထားသော ပညတ်ဖြစ်၏။ ၆  ချစ်ခြင်းမေတ္တာဟူသည် ကိုယ်တော့်ပညတ်အတိုင်း လျှောက်လှမ်းနေခြင်းဖြစ်၏။ ပညတ်တော်ကား အစကတည်းက သင်တို့ကြားခဲ့ဖူးသည့်အတိုင်း ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေခြင်းဖြစ်၏။ ၇  ယေရှုသည် လူ့ဇာတိကိုခံယူပြီး ကြွလာကြောင်းကို မယုံကြည်သော လှည့်ဖြားသူများစွာ လောက၌ ပေါ်လာပြီ။ ထိုသို့သောသူကား လှည့်ဖြားသူ၊ ခရစ်တော်ကို ဆန့်ကျင်သူ ဖြစ်၏။ ၈  ငါတို့သည် ကြိုးစားလုပ်ဆောင်ခဲ့ရာများကို အဆုံးရှုံးမခံဘဲ အကျိုးအပြည့်အဝရမည်အကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ ၉  ခရစ်တော်၏ သွန်သင်ချက်တွင် မတည်မနေဘဲ လွန်၍သွားသူတိုင်း၌ ဘုရားသခင် မရှိ။ ထိုသွန်သင်ချက်တွင် တည်ရှိနေသူ၌ကား ခမည်းတော်နှင့် သားတော် ရှိ၏။ ၁၀  မည်သူမဆို ထိုသွန်သင်ချက်မပါဘဲ သင်တို့ အိမ်သို့လာလျှင် လုံးဝ လက်မခံနှင့်။ နှုတ်ဆက်စကားပင် မဆိုနှင့်။ ၁၁  ထိုသူကို နှုတ်ဆက်သူသည် သူ၏ဆိုးညစ်သော အကျင့်များတွင် ပါဝင်ပတ်သက်ရာရောက်၏။ ၁၂  သင်တို့ထံ ငါရေးစရာများစွာ ရှိသော်လည်း စာနှင့်မရေးလို။ သင်တို့၏ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်မည်အကြောင်း သင်တို့ထံလာ၍ မျက်နှာချင်းဆိုင် စကားပြောလို၏။ ၁၃  ရွေးချယ်တော်မူသော အမျိုးသမီး၊ သင့်ညီအစ်မ၏သားသမီးများက သင့်ကို နှုတ်ခွန်းဆက်သလိုက်ပါ၏။

အောက်ခြေမှတ်ချက်များ

၂ယ ၁:၁ သို့မဟုတ်၊ “အကြီးအကဲ။”