မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ တိမောသေ ၃:၁-၁၇

 နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ ၂  အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ၃  မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ ၄  သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကိုချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ၊ ၅  ဘုရားတရား ဆည်းကပ်ဟန်ရှိသော်လည်း ထိုသို့ ဆည်းကပ်ခြင်း၏အကျိုး*ကို ငြင်းပယ်သူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ၆  အကြောင်းမူကား လူတို့ကို လှည့်ဖြားရန် အိမ်ထောင်စုများသို့ လျှိုဝင်သူအချို့သည် ထိုငြင်းပယ်သူတို့အထဲမှ ပေါ်ထွက်လာ၏။ သူတို့သည် ထိုအိမ်ထောင်စုများမှ အပြစ်ဝန်ပိ၍ အလိုဆန္ဒအမျိုးမျိုးနောက်သို့ လိုက်တတ်သည့် အားနည်းသောအမျိုးသမီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ၇  ထိုအမျိုးသမီးတို့သည် အမြဲသင်ယူနေသော်လည်း အမှန်တရားနှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို မည်သည့်အခါမျှ မရကြ။ ၈  ယန္နေနှင့် ယံဗြေတို့သည် မောရှေကို ဆန့်ကျင်ကြသကဲ့သို့ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ခြင်းနှင့်ပတ်သက်လျှင် စိတ်တော်နှင့်မတွေ့သော ထိုသူတို့သည်လည်း အမှန်တရားကို ဆန့်ကျင်နေကြ၏။ ၉  သို့ရာတွင် သူတို့သည် ရှေ့ဆက်တိုးနိုင်ကြမည်မဟုတ်။ အကြောင်းမူကား ယန္နေနှင့် ယံဗြေတို့၏ မိုက်မဲခြင်းသည် ထင်ရှားခဲ့သည့်နည်းတူ ထိုသူတို့၏မိုက်မဲခြင်းသည်လည်း လူအပေါင်းရှေ့တွင် ထင်ရှားကြရလိမ့်မည်။ ၁၀  သင်မူကား ငါ၏သွန်သင်ခြင်း၊ ငါ၏ဘဝလမ်းစဉ်၊ ငါ၏ရည်ရွယ်ချက်၊ ငါ၏ယုံကြည်ခြင်း၊ ငါ၏စိတ်ရှည်ခြင်း၊ ငါ၏ချစ်ခြင်းမေတ္တာ၊ ငါ၏ခံနိုင်ရည်တို့ကို ထက်ကြပ်မကွာ လိုက်လျှောက်ခဲ့ပြီ။ ၁၁  အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့များ၌ ငါခံခဲ့ရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းမျိုးတို့ကိုလည်း သင်ခံခဲ့ရပြီ။ သခင်သည် ထိုအရာရှိသမျှတို့မှ ငါ့ကို ကယ်နုတ်တော်မူ၏။ ၁၂  အမှန်ဆိုရသော် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိလျက် ဘုရားတရားဆည်းကပ်မှုဖြင့် အသက်ရှင်နေထိုင်လိုသူ အပေါင်းတို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရလိမ့်မည်။ ၁၃  ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူတို့သည် ဆိုးသည်ထက် ဆိုးလာကာ သူတစ်ပါးကို လှည့်စား၍ သူတို့ကိုယ်တိုင်လည်း လှည့်စားခံနေကြရ၏။ ၁၄  သင်မူကား မည်သူတို့ထံမှ သင်ယူသိရှိခဲ့ကြောင်း သိမှတ်လျက် သင့်ကို ထိုသူတို့ သင်ပေးပြီး ယုံကြည်စိတ်ချစေသောအရာများတွင် တည်မြဲတည်နေလော့။ ၁၅  သင်သည် နို့စို့အရွယ်မှစ၍ သန့်ရှင်းသောကျမ်းဂန်များကို သိရှိခဲ့ပြီ။ ထိုကျမ်းဂန်များသည် ခရစ်တော်ယေရှုနှင့်ဆိုင်သော ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် သင့်ကို ပညာရှိစေနိုင်၏။ ၁၆  ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။ ၁၇  ဤသို့ဖြင့် ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေမည်အကြောင်းတည်း။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဘုရားတရားဆည်းကပ်ခြင်း၏တန်ခိုး။”