၂ ကောရိန္သု ၆:၁-၁၈

 ငါတို့သည် ကိုယ်တော်နှင့်အတူတကွ လုပ်ဆောင်နေကြသဖြင့် ဘုရားသခင်၏ မဟာကရုဏာတော်ကို လက်ခံပြီး ယင်း၏ ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေရန် သင်တို့ကို တောင်းပန်ပါ၏။ ၂  အကြောင်းမူကား “နှစ်သက်လက်ခံဖွယ် အချိန်ကာလတွင် သင့်စကားကို ငါနားညောင်း၏။ ကယ်တင်ရာနေ့တွင် သင့်ကို ငါကူညီ၏” ဟုကိုယ်တော် မိန့်တော်မူ၏။ ယခုအချိန်သည် အထူး နှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏။ ကယ်တင်ရာနေ့လည်း ဖြစ်၏။ ၃  ငါတို့၏ အမှုတော်ဆောင်ခြင်းကို အပြစ်ရှာမတွေ့နိုင်စေရန် တိုက်မိ၍ လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှ ငါတို့မပြု။ ၄  ငါတို့သည် ဘုရားသခင့်အမှုတော်ဆောင်များ ဖြစ်ကြောင်း နည်းအမျိုးမျိုးဖြင့် ဖော်ပြကြ၏။ စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်ကြ၏။ ဆင်းရဲဒုက္ခများ၊ ဆင်းရဲနွမ်းပါးမှုများ၊ အခက်အခဲများအပြင်၊ ၅  အရိုက်အပုတ်ခံခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းခတ်ဖြစ်ခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်းတို့ကိုလည်း ခံရပ်ကြ၏။ ၆  စင်ကြယ်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်းသောစွမ်းအားတော်၊ ဟန်ဆောင်မှုကင်းသော ချစ်ခြင်းမေတ္တာ၊ ၇  မှန်ကန်သောစကား၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်း လက်နက်များကို လက်ဝဲ၊ လက်ယာတွင် ကိုင်ဆောင်ထားခြင်းအားဖြင့်လည်းကောင်း၊ ၈  ဂုဏ်အသရေရှိခြင်းနှင့် ဂုဏ်အသရေညှိုးနွမ်းခြင်း၊ သတင်းဆိုးခြင်းနှင့် သတင်းမွှေးခြင်းအားဖြင့်လည်းကောင်း၊ လှည့်ဖြားသူကဲ့သို့ ဖြစ်သော်လည်း ဖြောင့်မတ်မှန်ကန်သောသူ၊ ၉  မထင်ရှားသူကဲ့သို့ ဖြစ်သော်လည်း အသိအမှတ်ပြုခံရသူ၊ သေသောသူကဲ့သို့ ဖြစ်သော်လည်း အသက်ရှင်သောသူ၊ ဆုံးမခြင်းကို ခံရသောသူကဲ့သို့ ဖြစ်သော်လည်း အသေသတ်ခြင်းကိုမခံရသူ၊ ၁၀  ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း အမြဲဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ ဖြစ်သော်လည်း လူအများကို ချမ်းသာစေသောသူ၊ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာခပ်သိမ်းကို ပိုင်ဆိုင်သောသူ ဖြစ်ခြင်း အားဖြင့်လည်းကောင်း ငါတို့သည် ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်ကြောင်း ဖော်ပြကြ၏။ ၁၁  ကောရိန္သုမြို့သား ညီအစ်ကိုတို့၊ သင်တို့ကို ငါတို့ အတိအလင်း ပြောဆိုမည်။ ငါတို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြပြီ။ ၁၂  ငါတို့၏စိတ်နှလုံးတွင် သင်တို့အတွက် နေရာများစွာရှိ၏။ သင်တို့မူကား ချစ်ခင်စုံမက်မှုကို ချုပ်တည်းထားကြ၏။ ၁၃  ငါတို့ကို ကျေးဇူးဆပ်ရန် သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့။ ထိုသို့ဆိုသော် သားသမီးတို့ကို ပြောဆိုသကဲ့သို့ ငါဆို၏။ ၁၄  မယုံကြည်သော သူတို့နှင့်တွဲ၍ ဘက်မညီသည့်ထမ်းပိုးကို မထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်မှုနှင့် မတရားမှုသည် မည်သို့ပေါင်းဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့တွဲဖက်နိုင်မည်နည်း။ ၁၅  ခရစ်တော်သည် ဗေလျာလ*နှင့် မည်သို့ သင့်မြတ်နိုင်မည်နည်း။ ယုံကြည်သူနှင့် မယုံကြည်သူသည် မည်သို့ မျှဝေခံစားနိုင်မည်နည်း။ ၁၆  ဘုရားသခင်၏ ဗိမာန်တော်နှင့် ရုပ်တုများသည် မည်သို့ သက်ဆိုင်သနည်း။ အကြောင်းမူကား “ငါသည် သူတို့အလယ်၌ စံမြန်း၍ သူတို့အလယ်တွင် လျှောက်လှမ်းမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်” ဟူ၍ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်၏။ ၁၇  “‘ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ တသီးတခြားနေကြလော့။ မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်။ ထိုသို့ ပြုလျှင်ငါသည် သင်တို့ကို လက်ခံမည်’” ဟူ၍ ယေဟောဝါဘုရား မိန့်တော်မူ၏။ ၁၈  “‘ငါသည် သင်တို့၏အဖ ဖြစ်မည်။ သင်တို့သည် ငါ၏သားသမီးများ ဖြစ်ကြလိမ့်မည်’ ဟူ၍ အနန္တတန်ခိုးရှင် ယေဟောဝါဘုရား မိန့်တော်မူ၏။”

အောက်ခြေမှတ်ချက်များ

‘အသုံးမကျသောသူ’ ဟုအနက်ရပြီး ဆိုးညစ်သူစာတန်ကို ဆိုလိုသည်။